သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီတားဆီးသူ ဆန့်ကျင်ဖို့ အမေရိကန်တိုက်တွန်း


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန် Clinton Global Initiative နှစ်ပါတ်လည် နိင်ငံတကာ ဆွေးနွေးပွဲ မိန့်ခွန်းပြောနေစဉ်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန် Clinton Global Initiative နှစ်ပါတ်လည် နိင်ငံတကာ ဆွေးနွေးပွဲ မိန့်ခွန်းပြောနေစဉ်
ဒီမိုကရေစီစနစ် တိုးတက်လာရေးကို နည်းအမျိုးမျိုးနဲ့ တားဆီးနှောင့်ယှက်နေတဲ့ မြောက်ကို ရီးယားနဲ့ အရှေ့အလယ်ပိုင်းလို ဒေသတွေက အစွန်းရောက်သမားတွေကို တကမ္ဘာလုံးက ညီညီညွတ်ညွတ်လက်တွဲပြီး ဆန့်ကျင်ကြဖို့ လိုအပ်တယ် လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောဆိုလိုက်ပါတယ်၊ အမေရိကန်နိုင်ငံ New York မြို့ မှာ ရှိတဲ့ နိုင်ငံခြားရေး Clinton ရဲ့ ခင်ပွန်း သမ္မတဟောင်း Bill Clinton ရဲ့ ကမ္ဘာလုံးဆိုင်ရာ ရှေ့ဆောင် ဦးရွက်ရေး Clinton Global Initiative အဖွဲ့ ကြီး က ဦးစီးကျင်းပတဲ့နှစ်ပါတ်လည် နိင်ငံတကာ ဆွေးနွေးပွဲ မှာ သူမက ခုလိုပြောသွားတာဖြစ်ပါတယ်။

Democracy ဆန့်ကျင်ရေးအစွန်းရောက်အင်အားစု တွေကို ဆန့်ကျင် သွားဖို့ ကျွန်မတို့ အားလုံး တညီတညွတ်ထဲ ရပ်တည် ရင် ဆိုင် သွားကြဖို့ လိုပါတယ်။ မြောက်ကို ရီးယားနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ ဒီမိုကရေစီအသွင် ကူး ပြောင်းရေး ဆက်လက်ဖြစ်ပေါ်စေဖို့ ဝိုင်းပြီး ထောက်ခံ အားပေးကြရပါလိမ့်မယ် လို့ ဝန်ကြီး Clinton က ပြောဆိုသွားပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှု တွေကို ဆန့်ကျင်ရင်ဆိုင်ရာမှာ ကမ္ဘာ့ နိုင်ငံတွေကခေါင်းဆောင်တွေအားလုံး ညီညွတ်ကြဖို့ သိပ်ကိုအရေးကြီး ပါတယ်၊ ဘာလို့လဲဆိုတော့ ကမ္ဘာတလွှားက အစွန်းရောက်သမားတွေဟာ ကျွန်မတို့ အားလုံးအကွဲကွဲအပြားပြားနဲ့ ညီညွတ်မှု မရှိအောင် ကြိုးစားအားထုတ်နေကြလို့ပါဘဲလို့ သူမကသတိပေးပြောဆိုသွားပါတယ်။

တရားမျှတမှု ကင်းမဲ့တဲ့ လုပ်ရပ်တွေကို အားပေးတဲ့ အစိုးရနဲ့ အဖွဲ့အစည်းကြီးတွေရှိနေတဲ့ နိုင်ငံတွေထက် ကိုယ့်နိုင်ငံ စီးပွားရေးတိုးတက်ဖို့ ၊ အစိုးရနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း ကြီးတွေ ကောင်းမွန်ဖွံ့ဖြိုးလာဖို့ အဓိကထားလုပ်ဆောင်နေတဲ့ နိုင်ငံ တွေက နိုင်ငံတကာ အသိုင်းအဝန်းမှာ ရှေ့ ကို တိုးတက် ရောက်ရှိလာတယ် လို့လဲ ဝန်ကြီးClinton ကပြောဆိုသွားပါတယ်။

ဒီမိုကရေစီရေးတိုးတက်အောင်လုပ်ဆောင်မှု တွေဟာ ကမ္ဘာတလွှား ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားနေပြီး နှစ်ပေါင်းများစွာ အာဏာရှင်တွေအောက်မှာ ဖိနှိပ်ခံခဲ့ရတဲ့ နိုင်ငံတွေအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အခွင့်အလမ်းတွေဖန်တီးခွင့်ရနေပါပြီလို့ သူမကပြောဆိုပါတယ်။

ဒါပေမဲ့ အပြောင်းအလဲနဲ့ ရင်ဆိုင်နေရတဲ့ တိုင်းပြည်တွေအနေနဲ့ သူတို့ စိတ်ကူးမြှော်မှန်းထားတဲ့ အကောင်းဆုံးဒီမိုကရေစီရေး နမူနာတွေကို တကယ်အလုပ်ဖြစ်တဲ့ အစိုးရ တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ နိုင်ငံ့စီးပွားရေးတွေဖြစ်လာဖို့ ဘယ်လိုအကောင်းဆုံး အကောင်အထည်ဖော် သွားနိုင်မလဲဆိုတာကို ဆုံးဖြတ်ကြဖို့ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

နှစ်ပါတ်လည် ကုလသမဂ္ဂအထွေထွေညီလာခံကြီးကို တက်ရောက်ဖို့ နိုင်ငံအသီးသီးက နိုင်ငံ့ခေါင်းဆောင်တွေ အမေရိကန်နိုင်ငံကို ရောက်လာကြချိန်မှာ သူတိုနဲ့ တွေ့ဆုံပြီး အစည်းအဝေးတက်ဖို့ အတွက်အစည်း အဝေး ကျင်းပမဲ့ New York မြို့တော် ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Clinton ရောက်ရှိနေတာဖြစ်ပါတယ်။

လာမဲ့ ရက်တွေထဲ မှာနိုင်ငံတကာ ခေါင်းဆော်င်တွေမိန့်ခွန်းပြောဆိုကြဖို့ ရှိပြီး အမေရိကန်သမ္မတ Barack Obama ကတော့ လာမဲ့ အင်္ဂါနေ့မှာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်း ပြော ဆို မှာ ဖြစ်ပါတယ်။ အထွေထွေညီလာခံ ကြီးစပြီးကျင်းပတာနဲ့တပြိုင်နက် ဆီးရီးယားအရေးကတော့ နိုင်ငံတကာ ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပြောဆိုမှု တွေထဲမှာ ထိပ်ဆုံးက ပါဝင်လာလိမ့်မယ်လို့ အတွင်းရေးမှုးချုပ် Ban Ki Moon ကပြောဆိုခဲ့ပါတယ်။

သမ္မတ Obama ဒီနှစ်ပြောမဲ့မိန့်ခွန်းမှာ အရှေ့အလယ်ပိုင်းဒေသက အပြောင်းအလဲတွေအကြောင်း အဓိကထားပြောဆိုဖို့ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုက လူပုဂ္ဂိုလ်တယောက် ရိုက်ကူးတဲ့ အစ္စလာမ် ဆန့်ကျင်ရေးဗီဒီယို ကြောင့် မူဆလင် ကမ္ဘာမှာ ဖြစ်နေတဲ့ အကြမ်းဖက်ဆန္ဒပြမှုတွေနဲ့ ပါတ်သက်ပြီးပြောဆိုမယ်လို့ သိရပါတယ်။
XS
SM
MD
LG