ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဟာ သူတို့ရဲ့ အရေးပေါ် ဦးစားပေး လုပ်ငန်းဖြစ်တယ်လို့ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံခုနစ်နိုင်ငံ ရဲ့ခေါင်းဆောင်တွေက ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေး အဆုံးသတ် ဒီကနေ့မှာ ပြောလိုက်ပါတယ်။
“ကမ္ဘာ့စီးပွားရေးနဲ့ပတ်သက်ပြီး အဆိုးမြင်တာက ပြဿနာကို မပြေလည်စေပါဘူး။ ဒီထိပ်သီးအစည်းအဝေးရဲ့ သဘာပတိ အနေနဲ့ စီးပွားရေးကိစ္စတွေကို ဆွေးနွေးဖို့ ကျနော့်အနေနဲ့ အချိန်အတော်များများ ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း အဆိုးမြင်လာဖို့ ကျနော်ဒီလိုလုပ်တာမဟုတ်ပါဘူး။ ဟိုမှာ၊ ဒီမှာ၊ လက်ရှိကာလမှာရှိနေတဲ့ အန္တရာယ်တွေကို ကျနော်တို့ အဆိုးမမြင်သင့်ဘဲ ဓမ္မ ဓိဋ္ဌာန်ကျကျ၊ မှန်မှန်ကန်ကန် ရှုမြင်ရပါမယ်။ ရှိနေတဲ့ အန္တရာယ်တွေကို အတူတကွ ရင်မဆိုင်ဘဲ နဲ့တော့ ပြဿနာတွေကို ကျနော် တို့ ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။” လို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က ပြောသွားပါတယ်။
ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမှာ ရင်ဆိုင်နေရတဲ့ ကျယ်ပြန့်တဲ့ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းရေး ပါဝင်တဲ့ ကြေညာချက်တရပ်ကို လည်း ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နဲ့ အမေရိကန်ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေး အဆုံးသတ် နေ့မှာ ပူးတွဲထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားအနေနဲ့ ကုလသမဂ္ဂ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး နျူကလီးယားလက်နက် စမ်းသပ်တာ၊ ဒုံးကျည် ပစ် လွှတ်တာနဲ့ တခြားရန်စတဲ့လုပ်ရပ်တွေကို မလုပ်ဖို့ ၃၂ မျက်နှာပါ ကြေညာချက် မှာ တောင်းဆိုထားပါတယ်။
တောင်တရုတ် ပင်လယ်ထဲမှာ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အပြင်းအထန် အငြင်းပွားနေတဲ့ကိစ္စ ပြေလည်ရေး ကူညီလုပ်ဆောင်မယ်ဆိုတာကိုလည်း ဒီနောက်ဆုံးကြေညာချက်ထဲမှာ တရုတ်နိုင်ငံကို အတိအကျ ထည့်သွင်းဖော်ပြတာမျိုးမလုပ်ဘဲနဲ့ ကတိပြုထားပါတယ်။