သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု နိုင်ငံတော်အတိုင်ပင်ခံဥပဒေ အတည်ဖြစ်


သမ္မတ ဦး ထင်ကျော် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ( မတ်လ၊ ၁၅ရက် ၂၀၁၆)
သမ္မတ ဦး ထင်ကျော် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ( မတ်လ၊ ၁၅ရက် ၂၀၁၆)

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ခန့်အပ်တဲ့ ဥပဒေကို သမ္မတလက်မှတ်ရေးထိုး အတည်ပြုလိုက်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်သွားပါပြီ။ မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

လွှတ်တော် ၂ ရပ်ရဲ့ အတည်ပြုချက်နဲ့ သမ္မတထံကို ပေးပို့လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ခန့်အပ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို သမ္မတ ဦးထင်ကျော်က ဒီကနေ့ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင့် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

“ကျနော်တို့သိတာ ဒီကနေ့ သမ္မတလက်မှတ်ထိုးပြီးတော့ ပြည်ထောင်စုလွှတ်တော်ကို ပြန်ပို့ပါတယ်ခင်ဗျ။”

လွှတ်တော ၂ ရပ်တို့ အတည်ပြုလိုက်ပြီး နောက်တနေ့မှာဘဲ သမ္မတ လက်မှတ်ရေးထိုး အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို သမ္မတ ဦးထင်ကျော် လက်မှတ်ရေးထိုးပြီး ပြည်ထောင်စု လွှတ်တော်ထံကို ပြန်လည် ပေးပို့ထားတယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

“သမ္မတလက်မှတ်ရေးထိုးပြီးသွားရင် ပြည်ထောင်စုလွှတ်တော်က ဥပဒေအဖြစ်ထုတ်ပြန် ထုတ်ပြန်ပြီးတဲ့နောက်မှာ သူ့ရဲ့ ဒီဥပဒေအရပေါ့နော် ခန့်အပ်တယ်ဆိုတဲ့ဟာ အဲဒီ process တခုကျန်ပါတယ်။”

သမ္မတ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီ ဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုင်ရာ ဥပဒေ အရ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် နိုင်ငံတော်နဲ့ နိုင်ငံသားများ အကျိုးစီးပွားအတွက် အကြံပေးခွင့်၊ နောက် ဒီအကြံပေး ဆောင်ရွက်ချက်တွေကို ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရမှာဖြစ်ပြီး လိုအပ်ခဲ့ရင် အစိုးရ၊ ဌာနဆိုင်ရာ၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့ ၊ လူပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

အခြေခံ ဥပဒေအရ သမ္မတဖြစ်ခွင့် ပိတ်ပင်ခံထားရတဲ့ ရွေးကောက်ပွဲ အများစု အနိုင်ရ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ အဖြစ် ခန့်အပ်ဖို့ အစိုးရ အာဏာလွှဲပြောင်းရယူပြီး နောက်တနေ့မှာဘဲ အမျိုးသား လွှတ်တော်မှာ တင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေရဲ့ ရည်ရွယ်ချက်ကိုလည်း ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေး၊ ဈေးကွက်စီးပွားရေး စနစ် ပီပြင်ရေး၊ ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ဖြစ်တယ်လို့ ဖော်ပြပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက လွှတ်တော် အမတ် အများစု ဖြစ်တဲ့ လွှတ်တော် ၂ ရပ်မှာ အများဆန္ဒနဲ့ အတည်ပြုနိုင်ခဲ့ပေမယ့် တပ်မတော်သားကိုယ်စားလှယ် အားလုံးနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက အမတ်တွေရဲ့ ဆန့်ကျင် ကန့်ကွက်မှုနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG