သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေယာနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေ ၂၀၁၅ မှာ အများဆုံး အသတ်ခံရ


Global Witness
Global Witness

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ဟာ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေ အသတ်ခံရမှု အများဆုံးနှစ် ဖြစ်ခဲ့တယ်လို့ လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားမှုအဖွဲ့တခုက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းမှာ မြေယာနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ အနည်းဆုံး ၁၈၅ ယောက် အသတ်ခံခဲ့ရတာဖြစ်တဲ့အကြောင်း တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ Global Witness အဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ မြန်မာနိုင်ငံမှာလည်း အဓမ္မမြေယာသိမ်းဆည်းမှုတွေ၊ မြေယာနဲ့ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေအပေါ် ဖိနှိပ်မှုတွေ ရှိနေတယ်လို့ ထောက်ပြ ခဲ့တာနဲ့ ပတ်သက်ပြီး အသေးစိတ်ကို မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

“On Dangerous Ground - အန္တရာယ်များတဲ့မြေပေါ်မှာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ - ၂၀၁၅ ခုနှစ်အတွင်း အသတ်ခံခဲ့ကြရတဲ့ ကမ္ဘာတဝှမ်း မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူ အနည်းဆုံး ၁၈၅ ယောက်ထဲမှာ မြန်မာနိုင်ငံက ၂ ယောက် ပါဝင်ပါတယ်။ သူတို့ ၂ ဦးကတော့ - ကရင်တိုင်းရင်းသား စောဂျော်နီနဲ့ ရှမ်းတိုင်းရင်းသား Loong Harm တို့ ဖြစ်ကြပါတယ်။ မြေယာအခွင့်အရေး လှုပ်ရှားသူ စောဂျော်နီဟာ လက်ရှိ အာဏာရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တဦးလည်းဖြစ်ပါတယ်။ သူ့ကို ပြီးခဲ့နှစ် ဇူလိုင်လဆန်းပိုင်းမှာ အမည်မသိ သေနတ်သမားတွေကနေ ဘားအံခရိုင် ကော့သင်းရှုရွာအနီး သူ့အိမ်အပြင်ဘက်မှာ သေနတ်နဲ့ ၅ ချက် ပစ်သတ်ခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောဆိုခဲ့ပြီး၊ ဒေသခံတွေကတော့ စောဂျော်နီ အသတ်ခံခဲ့ရမှုဟာ မြေယာအရေးလှုပ်ရှားမှုနဲ့ ဆက်စပ်နိုင်တယ်လို့ ယုံကြည်ကြပါ တယ်။ အသက် ၅၄ နှစ်အရွယ် ရှမ်းတိုင်းရင်းသား Loong Harm ကတော့ - သူ့ရွာအနီး Loi Kham ဒေသမှာရှိတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းကို တခြား ၁၄ ဦးနဲ့အတူ သွားရောက်ကြည့်ရှုစဉ် တပ်ရင်း ၃၃၀ က စစ်သားတွေကနေ ခြေထောက်ကို သေနတ်နဲ့ အပစ်ခံခဲ့ရာက သွေးလွန်ပြီး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ Loong Harm ရဲ့ရွာမှာ ရှမ်းပြည်လယ်သမားများကွန်ယက်က ပြုလုပ်တဲ့ အခမ်းအနားတခု အတွင်း ဒေသခံလယ်သမားတွေကတော့ - အဲဒီဒေသမှာရှိတဲ့ သတ္တုတွင်းလုပ်ငန်းကို ချက်ခြင်း ရပ်ဆိုင်းဖု့ိနဲ့ Loong Harm သေဆုံးမှုမှာ တာဝန်ရှိတဲ့ တပ်ရင်း ၃၃၀ က စစ်သားတွေကို အရေးယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့လည်း - တပ်ရင်း ၃၃၀ က စစ်သားတွေကတော့ ကိုယ့်ကိုယ့်ကို ခုခံကာကွယ်မှုအတွက် ပစ်ခတ်ရတာလို့ ပြောဆိုထားပြီး၊ ဒေသခံတွေကတော့ - Loong Harm နဲ့ အပေါင်းအပါတွေဟာ လက်နက်မဲ့ အရပ်သား လယ်သမားတွေ ဖြစ်တာကြောင့် တပ်ရင်း ၃၃၀ ရဲ့ ပြောဆိုချက်ဟာ မမှန်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါကြောင့် စောဂျော်နီနဲ့ Loong Harm တို့လိုပဲ မြန်မာနိုင်ငံမှာ မြေယာနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေဟာ နည်းလမ်းမျိုးစုံနဲ့ ခြိမ်းခြောက် တိုက်ခိုက်ခံနေရတာ ဖြစ်တယ်လို့ - Global Witness အဖွဲ့ရဲ့ ဒီအစီရင်ခံစာ ဦးဆောင်ပြုစုသူ တဦးဖြစ်တဲ့ Billy Kyte က အခုလို ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ မြေယာအခွင့်အရေး လှုပ်ရှားသူတွေ တော်တော်များများ ခြိမ်းခြောက်ခံရ၊ တိုက်ခိုက်ခံရတာတွေ ရှိပါတယ်။ တချို့ကိစ္စတွေက စစ်တပ်နဲ့ ဆက်နွယ်နေပါတယ်။ တိုင်းပြည်က ပွင့်လင်းလာချိန်မှာ အရင်တုန်းက မရှာဖွေရသေးတဲ့ နေရာတွေမှာ သယံဇာတတွေ ရှာဖွေတာ၊ စီမံကိန်းတွေ လုပ်လာကြတာနဲ့အမျှ သဘာ၀ အရင်းအမြစ်တွေကို အမြတ်ထုတ်ခံရမယ့် အခြေအနေမျိုးတွေ ပေါ်ပေါက်လာရာက၊ မြေယာအခွင့်အရေး လှုပ်ရှားသူ တွေ တိုက်ခိုက်ခံရတာမျိုးတွေလည်း ပိုများလာနိုင်တယ်လို့ မြင်ပါတယ်။”

ဒါကြောင့်လည်း လက်ရှိ NLD ဦးဆောင်တဲ့ အစိုးရအနေနဲ့ တက်ကြွလှုပ်ရှားသူတွေအပေါ် ဖိနှိပ်ကန့်သတ်ထားတဲ့ ဥပဒေတွေကို ဖယ်ရှားပြီး - ဒီလူတွေကို အကာအကွယ်ပေးသင့်တယ်လို့ Billy Kyte က ဆက်ပြောခဲ့ပါတယ်။

“ပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေကို အကာအကွယ်ပေးဖို့ လိုပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအပေါ် ကန့်သတ်ထားတဲ့ ဥပဒေတွေကို ဖယ်ရှားပစ်ဖို့လည်း လိုပါလိမ့်မယ်။ အထူးသဖြင့်ကတော့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ဆန္ဒပြခွင့်တွေကို ကန့်သတ်တဲ့ ဥပဒေတွေပါ။ မြေယာအခွင့်အရေးအတွက် လှုပ်ရှားတဲ့သူတွေကို အရေးယူထောင်ချနိုင်တဲ့ ဒီလိုဥပဒေတွေကို ဖျက်သိမ်းဖို့ လိုပါတယ်။ မြေသိမ်းယာသိမ်း ကိစ္စတွေကို စုံစမ်းစစ်ဆေးနေတဲ့ ကော်မရှင်ကိုလည်း ပံ့ပိုးပေးသွားဖို့ လိုပါလိမ့်မယ်။”

အလားတူ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်မှာလည်း စီးပွားရေးကုမ္ပဏီကြီးတွေနဲ့ မြန်မာစစ်တပ်ရဲ့ မြေယာသိမ်းဆည်းမှုတွေ ရှိပေမဲ့ - ဒေသခံ တွေကတော့ အာဏာပိုင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်လေ့မရှိဘူးလို့ အမေရိကန်ပြည်ထောင်စုမှာရောက်နေတဲ့ ကချင်ပြည်နယ် ပတ်ဂျာဆန် မူးယစ် တိုက်ဖျက်ရေးလှုပ်ရှားမှု အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးတူးရော် က ပြောပါတယ်။

“ဟူးခေါင်းဂျိုင်းဝှမ်းဒေသ တနိုင်းဘက်မှာပေါ့နော် လမ်းဘေးဝဲယာဆိုရင် ယုဇနကုမ္ပဏီတို့ တခြားကုမ္ပဏီတွေရှိတယ်ဗျာ။ သူတို့ကနေ သိမ်းတာက ဧက သိန်းနဲ့ချီပြီး သိမ်းတာ။ မြစ်ဆုံ ပတ်ဝန်းကျင် အပါအဝင်ပေါ့နော် ပြီးတော့မှ မြစ်ကြီးနားတဝိုက်ဆိုရင် စီမံကိန်းမဟုတ်ဘဲနဲ့ စစ်ဗိုလ်ချုပ်တွေက လက်ညှိုးုထိုးပြီးတော့ အဲဒါ ကျနော့်နေရာပဲ။ အဲဒါ သတ်မှတ်ပေးပါဆိုပြီး လုပ်ပေးရတယ်။ အဲဒီထဲမှာ ဒေသခံပြည်သူတွေရဲ့ လယ်တွေယာတွေကတော့ အများကြီး ပါသွားတာပေါ့။ ဒေသခံတွေက သည်းခံနိုင်တယ်မဟုတ်ပေမဲ့ ဒီဘက်ဒေသမှာကျတော့ ရှမ်းတွေ ကချင်တွေများတာပေါ့။ စစ်ကိုင်းတိုင်းတို့၊ မန္တလေးတိုင်းတို့၊ ဧရာဝတီတိုင်းတို့ ဆိုတာက ဗမာတွေများတာပေါ့။ ဗမာတိုင်းရင်းသားတွေ များတဲ့နေရာမှာတော့ ကျည်ဆံတွေ ဗလဗွတော့ မဖြစ်ဘူး။ ကချင်တို့ ရှမ်းတို့ လှုပ်ရှားရင်တော့ ကျည်ဆံသိန်းနဲ့ချီပြီး ပစ်ထည့်မှာ သေချာတယ်။”

ဒါ့အပြင် ပြီးခဲ့တဲ့ မေလတုန်းကလည်း - ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မြေစာပုံ မကြာခဏ ပြိုကျမှုတွေ ဖြစ်ခဲ့ပြီး လူသေဆုံးမှုတွေ ရှိခဲ့တာနဲ့ ပတ်သက်ပြီး၊ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီတွေမှာ တာဝန်အပြည့်ရှိကြောင်းနဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် ကုမ္ပဏီတွေဘက်က ပြန်ပြီး ပြုပြင်ပေး မှုတွေ မလုပ်မချင်း ကျောက်စိမ်းကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေကို NLD အစိုးရက ရပ်ဆိုင်းထားသင့်တယ်လို့ Global Witness အဖွဲ့ကြီးက အကြံပြု ထောက်ပြခဲ့တာပါ။

Global Witness အဖွဲ့ရဲ့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၁၆ နိုင်ငံက မြေယာနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေ အသတ်ခံရတဲ့အထဲမှာ ဘရာဇီးလ်နိုင်ငံက အယောက် ၅၀ အသတ်ခံခဲ့ရတဲ့အတွက် သေဆုံးမှုအများဆုံးစာရင်းမှာ ဝင်ခဲ့ပါတယ်။ ဒီ့နောက်မှာတော့ ဖိလစ်ပိုင်နိုင်ငံက ၃၃ ယောက်၊ ကိုလံဘီယာနိုင်ငံက ၂၆ ယောက် ဖြစ်ပြီး၊ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ၆ ယောက်၊ ထိုင်းနိုင်ငံမှာ ၂ ယောက် အသတ်ခံခဲ့ကြရတယ်လို့ “On Dangerous Ground” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အခုလို မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေ ၂၀၁၅ ခုနှစ်အတွင်း အသတ်ခံခဲ့ရတဲ့ အရေအတွက်ဟာ အများဆုံးနှစ်အဖြစ် မှတ်တမ်းဝင် ခဲ့ပြီး - ၂၀၁၄ ခုနှစ်ကနဲ့ နှိုင်းယှဉ်ရင် ၆၀ ရာခိုင်နှုန်းနီးပါး ပိုများလာခဲ့တယ်လို့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ Global Witness အဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG