သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

The Elders ကချင်ပြည်နယ် လေ့လာ


The Elders အဖွဲ့ကို မြန်မာသမ္မတဦးသိန်းစိန် လက်ခံတွေ့ဆုံနှုတ်ဆက်နေစဉ် (ဓာတ်ပုံ - မြန်မာသမ္မတရုံးဝပ်ဆိုဒ်)
The Elders အဖွဲ့ကို မြန်မာသမ္မတဦးသိန်းစိန် လက်ခံတွေ့ဆုံနှုတ်ဆက်နေစဉ် (ဓာတ်ပုံ - မြန်မာသမ္မတရုံးဝပ်ဆိုဒ်)
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ The Elders အဖွဲ့ဟာ ငြိမ်းချမ်းရေး
ဖြစ်စဉ်တွေကို လေ့လာဖို့ ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သွားရောက်နေပါတယ်။ သူတို့ရဲ့ ကချင်ပြည်နယ် ခရီးစဉ်အတွင်း ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာပြီး ကချင်စစ်ပြေး ဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့ရှိသလို ကချင်အရပ်ဖက် လူမှု အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ပါ တွေ့ဆုံဖို့ရှိတယ်လို့ ကချင့်အရေး လှုပ်ရှားသူaတွက ပြော ပါတယ်။

မနေ့တုန်းကတော့ သမ္မတဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး
နိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတာတွေကို ဆွေးနွေး ခဲ့ကြတယ်လို့ သမ္မတပြောခွင့်ရက ပြောပါတယ်။ The Elders အဖွဲ့ရဲ့မြန်မာပြည်ခရီးစဉ် နောက်ဆုံးရ အခြေအနေတွေကို မဆုမွန်က တင်ပြထားပါတယ်။

ကမ္ဘာ့အထင်ကရ ပုဂ္ဂိုလ်များအဖွဲ့ The Elders ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ရဲ့ ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်အဖြစ် မတ်လ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ရောက်ရှိ လေ့လာနေကြတာပါ။ နော်ေ၀ ဝန်ကြီးချုပ်ဟောင်း လည်းဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြားရေးမှူးချုပ်ဟောင်းလည်းဖြစ် တဲ့ The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌ Gro Harlem Brundtland နဲ့ ဖင်လန်သမ္မတဟောင်း နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် Martti Ahtisaari တို့ လိုက်ပါလာတဲ့ The Elders ကိုယ်စားလှယ်အဖွဲ့ဟာ မတ်လ ၂၅ ရက်နေ့ ဒီကနေ့ အင်္ဂါမှာတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဒေသခံ ကချင်ပြည်သူလူထု၊ ကချင်ရပ်မိရပ်ဖတွေနဲ့ မြစ်ကြီးနားမြို့မှာ တွေ့ဆုံဖို့ ရှိသလို ကချင်စစ်ပြေးဒုက္ခသည်စခန်းကိုလည်း သွားရောက် လေ့လာဖို့ရှိတယ်လို့ The Elders အဖွဲ့နဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ဆုံဖ ို့အစီအစဉ်ရှိတဲ့ ကချင်လူ့အခွင့်အရေး လှုပ်ရှားသူ မဒေါင်နွမ်ကပြောပါတယ်။

“သူတို့ရဲ့ အစီအစဉ်ကတော့ ဒေသရဲ့ အခြေအနေကို သူတို့နားထောင်တယ်။ နားထောင်ပြီးရင် သူတို့က သူတို့ရဲ့ အတွေ့အကြုံလေးတွေနဲ့ ပြန်ပြီးတော့ advocacy လုပ်မယ်ဆိုတော့ ကျမတို့မှာ ဖြစ်နေတဲ့ အကြောင်းအရာကိုကျတော့ တခုပြီးတခုပေ့ါနော် ကိုယ့်ရဲ့ အတွေ့အကြုံလေးတွေ ဖြစ်ပျက်နေတဲ့ အရာလေးတွေကိုတော့ ပြောဖို့တော့ ရှိတာပေါ့။ အဓိကကတော့ သူတို့ Peace Process နဲ့ ပတ်သက်တာကို ပိုပြီးတော့မှ အလေးထားတယ်လို့ နားလည်တယ်ပေါ့။ ကျမတို့ ဒေသခံတွေအနေနဲ့ကတော့ Peace ဆိုတဲ့ စကားလုံးက ကျမတို့အတွက် လောလောဆယ်က အစည်းအဝေး၊ အစည်းအဝေး ကြီးပဲ ကျမတို့ မြင်နေတာပေါ့နော်။ meeting, meeting ပေါ့ ဘယ်နှစ်ကြိမ်ပေါင်း meeting ပဲ မြင်နေတယ်။ ဘယ်နှစ်ကြိမ် စည်းဝေးရင်လည်း ကျမတို့အတွက် မျှော်လင့်ချက်ဆိုတာက သိပ်တွေ့ရတဲ့အခါမှာက ကျမတို့အတွက်ကတော့ စိတ်ပင်ပန်းရတယ်ပေါ့နော်။ မျှော်လင့်ရမလိုလို၊ မမျှော်လင့်ရမလိုလို ဖြစ်တယ်ဆိုတဲ့ အတွေ့အကြုံလေးကတော့ ပြောရမှာပေါ့။”

The Elders အဖွဲ့အနေနဲ့ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ပကတိအခြေအနေအတိုင်း လေ့လာနိုင်မှာဖြစ်ပြီး ဒေသခံတွေရဲ့ အသံကို နားထောင်ခွင့်ရမှာ ဖြစ်သလို ကချင်လူမှုအဖွဲ့တွေကလည်း ကချင်ပြည်နယ်အတွင်းက လက်ရှိ အခြေအနေတွေကို တင်ပြနိုင်မယ်လို့ The Elders အဖွဲ့နဲ့ ပထမအကြိမ် ခရီးစဉ်အတွင်းက ကချင်ပြည်နယ်အရေး တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကချင့်အရေးလှုပ်ရှားသူ မခွန်ဂျာက ပြောပါတယ်။

“ကျမအနေနဲ့ကတော့ ဒီနေ့လာတဲ့ ဒီနှစ်ယောက်ပေါ့နော် president of Finland နဲ့ prime minister of Norway သူတို့နဲ့ မနှစ်တုန်းက တွေ့ပါတယ်။ ဒီခရီးစဉ်ကတော့ နေပြည်တော်ကနေပြီးတော့မှ မြစ်ကြီးနားကို တက်တယ်ဆိုတော့ နေပြည်တော်က ပြောထားတာတွေကို မေ့ထားပြီးတော့မှ အရှိကိုအရှိအတိုင်း ကြည့်တတ်ဖို့တော့ လိုအပ်ပါတယ်။ အဓိကတော့ဖြင့် ကချင်စစ်ကာလအတွင်းမှာ စစ်နဲ့ပတ်သက်ပြီးတော့မှ ဒုက္ခရောက်တဲ့ အဖွဲ့တွေအပေါ်မှာ ဘယ်လိုမျိုး လုပ်ဆောင်ကြမလဲဆိုတဲ့ ဒီရည်ရွယ်ချက်တွေ၊ နောက်ပြီးတော့မှ ဒီ မြစ်ဆုံလို ရင်းနှီးမြှုပ်နှံမှုအတွက် ဒုက္ခခံခဲ့ရတဲ့ ဒေသတွေ၊ သဘာ၀ သယံဇာတပျက်စီးမှု၊ ပြီးလို့ရှိရင် ပတ်ဝန်းကျင်ပျက်စီးမှုနဲ့ ပတ်သက်ပြီးတော့မှ လေ့လာသုံးသပ်ထားတဲ့ အဖွဲ့တွေဖြစ်တယ်။ နောက်ပြီးတော့မှ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကြောင့် ဒေသမှာ ပြောင်းလဲမှုတွေနဲ့ အခက်အခဲတွေကို လက်တွေ့ ခံစားနေရတဲ့ လူတွေလည်းဖြစ်တဲ့အတွက်ကြောင့်မို့ တော်တော်များများ issue တွေပေါ့ ဒေသမှာဖြစ်နေတာတွေ အကုန်လုံး ခြုံငုံပြီး တင်ပြနိုင်လိမ့်မယ်လို့ ကျမ ယူဆပါတယ်။”

မတ်လ ၂၄ ရက်နေ့ကတော့ The Elders အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ခဲ့ပြီး နိုင်ငံတွင်း ဒီမိုကရေစီစနစ်နဲ့ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှု အခြေအနေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်နေမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတပြောခွင့်ရလည်းဖြစ်၊ ဒုပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။

“The Elders အဖွဲ့ရဲ့ အတွေ့အကြုံတွေ၊ နောက်တခါ နိုင်ငံတကာမှာ ပါဝင် ကူညီဆောင်ရွက်ပေးခဲ့တဲ့ အခြေအနေတွေကို သူ လေ့လာသိရှိထားတယ်။ သူ လေးလည်းလေးစားပါတယ်။ ဒါကြောင့်မို့လို့လည်း အရင်နှစ်တွေကတည်းက The Elders အဖွဲ့ မြန်မာနိုင်ငံကို လာချင်တယ်။ လာရောက်တွေ့ဆုံချင်တယ် ဆိုတဲ့ ကိစ္စတွေကို ကျနော်တို့ အပြည့်အ၀ ကြိုဆိုပြီးတော့မှ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့မှ သူတို့ လေ့လာတယ်။ နိုင်ငံတကာမှာ သူတို့ လေ့လာတွေ့ရှိထားတဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီးတော့မှ အပေါ်မူတည်ပြီးတော့မှ ကျနော်တို့ကို ပြန်ပြီးတော့မှ အကြံပြုတာတွေရှိပါတယ်။ ပြီးရင် ပါဝင် ပတ်သက်နေတဲ့ state holder တွေနဲ့ လိုက်လံ တွေ့ဆုံပြီးတော့မှ သူတို့ရဲ့ အတွေးအမြင်တွေကို မျှဝေတာပေါ့။ ဆိုလိုတာကတော့ သူတို့ဟာ ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ၊ ပြန်လည် စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်တွေမှာ အထောက်အကူ ပေးတဲ့နေရာကနေပြီးတော့မှ ပါဝင်နေတယ်လို့တော့ ပြောနိုင်ပါတယ်။”

The Elders အဖွဲ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သွားရောက်လေ့လာလိုတဲ့ ခရီးစဉ်တွေကို သက်ဆိုင်ရာ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေးပြီး ဒေသခံပြည်သူတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ပါ လွတ်လပ်စွာ တွေ့ဆုံနိုင်အောင် စီစဉ်ပေးထားတယ်လို့လည်း ဦးရဲထွဋ် က ပြောပါတယ်။

မြန်မာ့ နိုင်ငံရေးနဲ့ စီးပွားရေး ပွင့်လင်းမှုအတွက် အထူး အရေးကြီးတဲ့ အချိန်ကာလမှာ လူမှုစီးပွား တရားမျှတမှုရဲ့ အကျိုး ကျေးဇူးတွေကို မီးမောင်းထိုးပြောဆိုဖို့၊ အားလုံးပါဝင်တဲ့ ဆုံးဖြတ်ချက် ချမှတ်ခြင်း လုပ်ငန်းစဉ်ကို အားပေးမြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ The Elders ခေါင်းဆောင်တွေ မြန်မာနိုင်ငံ ကို သွားရောက်တာ ဖြစ်တယ်လို့ မတ်လ ၂၁ ရက်နေ့က အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ The Elders အဖွဲ့ဟာ မြန်မာနိုင်ငံ ခရီးစဉ်ပြီးရင်တော့ မတ်လ ၂၇၊ ၂၈ ရက်တွေမှာ ထိုင်းနိုင်ငံဆီ ခရီးဆက်ပြီး ထိုင်း-မြန်မာ နယ်စပ်တလျှောက် ဒေသတွေဆီ သွားရောက်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG