သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးတင်းမာမှုကြောင့် ချင်းတွင်းမြစ်အနီး ဒေသခံတွေတိမ်းရှောင်


စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက ဒေသခံစစ်ဘေးရှောင်များ (ဇူလိုင်၊ ၂၀၂၃)
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက ဒေသခံစစ်ဘေးရှောင်များ (ဇူလိုင်၊ ၂၀၂၃)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မင်းဒေါင့် ဆိပ်ကမ်းမှာ စစ်ကောင်စီ စက်လှေတွေ ဆိုက်ကပ်ထားပြီး ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်ဖို့ ပြင်ဆင်တာတွေ ရှိနေတာကြောင့် မြစ်ကမ်းတလျှောက် ကျေးရွာက ဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။ လက်ရှိအချိန်မှာ စစ်ရေးတင်းမာနေတယ်လို့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းထဲက စစ်ရေးအခြေအနေတွေကို ကိုခင်မောင်စိုးမင်းက တင်ပြပေးပါမယ်။

စစ်ကောင်စီ စက်လှေတွေဟာ မုံရွာ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နဲ့ အနီးဆုံး ဆိပ်ကမ်းဖြစ်တဲ့ မုံရွာမြို့ မင်းဒေါင့်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတာတာပါ။ ရိက္ခာတွေ သယ်ယူနေသလို ချင်းတွင်းမြစ်ကြောင်းကနေတဆင့် စစ်ကိုင်းတိုင်း အထက်ပိုင်းကို ရိက္ခာတွေ ပို့ဆောင်နိုင်တယ်လို့ ဒေသခံတွေက ယူဆနေပါတယ်။ ချင်းတွင်းမြစ်အတိုင်း ဆန်တက်ဖို့ ရှိနေတဲ့အတွက်လည်း ဆိပ်ကမ်း တဘက်က ယင်းမာပင်မြို့နယ် အပိုင်ထဲမှာရှိတဲ့ ကျေးရွာက ဒေသခံတွေကတော့ စက်လှေတွေနဲ့ ဝေးတဲ့နေရာတွေဆီ တိမ်းရှောင်နေကြရပါတယ်။ စစ်ကောင်စီ စက်လှေတွေ ဆိုက်ကပ်ထားတာနဲ့ ပတ်သက်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ချင်းတွင်းတံတားအောက် မင်းဒေါင့်ဆိပ်ကမ်းပေါ့။ မင်းဒေါင့်ဆိပ်ကမ်းမှာ ကပ်ထားတယ်။ ၁၄ စီးလောက်တော့ ရှိမယ်။ ဧရာဝတီ မြစ်ကြောင်းကနေ ချင်းတွင်းမြစ်ထဲ ဆန်တက်လာတာတွေ မင်းဒေါင့်ဆိပ်ကမ်းက နမခ တိုင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်နဲ့လည်း နီးတယ်ဆိုတော့ အဲ့ကနေ ရိက္ခာတွေ သယ်တယ်။ ချတဲ့ ပစ္စည်းတွေချတယ်။ တင်တဲ့ပစ္စည်းတွေလည်း တင်ပြီးတော့ ရှေ့ဆက်တက်မယ့် သဘောရှိတယ်ခင်ဗျ။ မနက်ကတုန်းက ရှောင်တဲ့ စုန်းချောင်း ၊ စေသူ ၊ သံပို ၊ အင်ဖျား ၊ ပတိန်ပြင် ၊ ကျောက်မှော်ပေါ့နော်။ ကျောက်မှော်ပြီးတော့ ဒီဘက်ဆို ယင်းမိုး အစရှိတဲ့ မြစ်ကမ်းနဖူး လောလောဆယ် အဲ့မြစ်ကမ်း နဖူးက ရွာတွေတော့ ရှောင်နေရတယ်။ ယာခင်းတွေတို့ သူတို့နဲ့ လွတ်ရာပေါ့နော်။ ၃ ရွာလောက် ခြားတဲ့ နေရာတွေပေါ့နော်။ အဲ့လိုရွာတွေ တောစပ်တွေ အဲ့လို ဇီးပင်တွေအောက်မှာ ရှောင်နေရတယ်။”

စစ်တပ်ဟာ မင်းဒေါင့်ဆိပ်ကမ်းမှာ ကုန်ပစ္စည်းတင်တဲ့ စက်လှေတွေအပြင် စစ်မြေပြင်သုံး စစ်သင်္ဘောတွေပါ ဆိုက်ကပ်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ကုန်းလမ်းသွားလာမှုတွေမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက မကြာခဏ မိုင်းဆွဲ တိုက်ခိုက်တာတွေ ရှိတဲ့အတွက် စစ်တပ်ဟာ ခုနောက်ပိုင်း စစ်ကိုင်းတိုင်း အထက်ပိုင်းကို လက်နက်နဲ့ ရိက္ခာတွေ ပို့ဆောင်ဖို့ ချင်းတွင်းမြစ်ကြောင်းကို အသုံးပြုနေ ရတာလည်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက ဒေသခံစစ်ဘေးရှောင်များ (ဇူလိုင်၊ ၂၀၂၃)
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက ဒေသခံစစ်ဘေးရှောင်များ (ဇူလိုင်၊ ၂၀၂၃)

ချင်းတွင်းမြစ်ထဲကနေ ခုလို စက်လှေတွေ ဆန်တက်လာရင် မြစ်ဘေးမှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ နယ်မြေရှင်းလင်းရင်း နေအိမ်တွေကို မီးရှို့တာတွေ ရှိတဲ့အတွက် မြစ်ကမ်းတလျှောက် ဒေသခံတွေ ကတော့ တိမ်းရှောင်နေကြရပါတယ်။ ယင်းမာပင်မြို့နယ်ထဲက စစ်ဘေးရှောင် ဒေသခံတဦးက သူတို့ စစ်ရှောင်နေရတဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။

“သူတို့က သင်္ဘောတွေ ဖလက်တွေ (ကုန်တင်စက်လှေ ဘေးတွဲ) လာပြီဆိုရင် ဖလက်တွေကို ကာကွယ်ပေးဖို့ ကုန်းကြောင်း စစ်ကြောင်းတွေ ထိုးတယ်။ အဲ့လို အနေအထားတွေ ရှိတော့ သူတို့ ဖလက်တွေ စုန်လာပြီဆိုရင် ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက တိုက်လို့ မိုင်းဆွဲလို့ သေနတ်နဲ့ ပစ်လို့ ပုံစံလုပ်ရင် ရွာတွေကို တော်တော် မီးရှို့တာတွေ ရှိတယ်။ ရှောင်ရတော့တာပေါ့။ သူတို့ကို ကြောက်တာက တမျိုးပေါ့။”

စက်လှေတွေ ဆန်တက်လာရင် ကာကွယ်ရေး အဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်လာနိုင်သလို၊ စစ်ရေး တင်းမာမှုတွေ ရှိနေတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက အခုလို ပြောပါတယ်။

“သူတို့ လောလောဆယ် ဆန်ဖို့ အခြေအနေ မရှိသေးဘူးခင်ဗျ။ သူတို့ ကုန်းကြောင်းက ထိုးပြီးမှ ရေကြောင်းကနေ ဆန်မယ့် အနေအထားမှာ ရှိတယ်။ စစ်ရေးက လောလောဆယ် တင်းမာနေတယ်။ သူတို့ဖလက်စဆန်တာနဲ့ ဒီဘက်က ကုန်းကြောင်းကောထိုးလာမယ်။ အဲ့လိုပုံစံမျိုးဗျ။ စစ်ရေးကတော့ တင်းမာနေတယ်။”

စစ်တပ်ဟာ လက်နက်နဲ့ ရိက္ခာတွေ တင်ပို့ဖို့အတွက် ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်တွေကို အသုံးပြုနေတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဧရာဝတီ မြစ်ကြောင်းကနေ စက်လှေတွေနဲ့ ကချင်ပြည်နယ်ဘက်ကို ရိက္ခာတွေ ပို့ဆောင်ဖို့ ကြိုးစားခဲ့သေးပြီး ကာကွယ်ရေး တပ်ဖွဲ့တွေက စက်လှေတွေကို ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ပါသေးတယ်။

ဒါ့အပြင် အခု ၂၀၂၃ ခုနှစ်ထဲမှာ ဇန်နဝါရီလထဲမှာ ချင်းတွင်းမြစ်ကြောင်းကနေတဆင့် ကုန်တင်စက်လှေတွေအပြင် ဆီတင်သင်္ဘောတွေနဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းကို အင်အားနဲ့ ရိက္ခာ ဖြည့်တင်းတာတွေ လုပ်ဆောင်တာတွေ ရှိခဲ့ပြီး ကာကွယ်ရေး အဖွဲ့တွေဘက်က စက်လှေ ၂ စီးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဆီတင်သင်္ဘောတစီးကို သိမ်းပိုက်ခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG