သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD လွှတ်တော် တက်ရေးကိစ္စ အားလုံး ညှိနှိုင်း ကြိုးပမ်းဖို့ အမေရိကန် တိုက်တွန်း


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယား နုလန်း (Vitoria Nuland)
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယား နုလန်း (Vitoria Nuland)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော် ဝင်ရောက်ရေးအတွက် အစုအဖွဲ့ အားလုံး ညှိုနှိုင်း ဆောင်ရွက်ကြဖို့ အမေရိကန် ပြည်ထောင်စု တိုက်တွန်းပါတယ်။ ဒီ ညိနှိုင်း ဆွေးနွေးမှု တွေအပေါ်မှာ ဝင်ရောက် စွတ်ဖက် ပြောဆိုမှာ မဟုတ်ပေမဲ့၊ ဖြစ်ထွန်းမှုတွေ ကိုတော့ စောင့်ကြည့် သွားမယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောဆိုပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲအတွင်း အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် တွေ အခု ကျင်းပနေတဲ့ လွှတ်တော်ကို မတတ်ရောက်နိုင်တဲ့ အခြေအနေဟာ မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုတွေ နောက်ကြောင်း ပြန်လှည့်သွားနိုင်မလား စိုးရိမ်မှုကတော့ အတော်များများရှိနေတာပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေ ကတော့ ဒါကို ပြဿနာတရပ်လို မယူဆပဲ၊ ညှိုနှိုင်း ဖြေရှင်းလို့ ရနိုင်မယ်လို့ ယူဆနေပါတယ်။ လွှတ်တော်ကိုလည်း တတ်ရောက် ဖြစ်မှာပါလို့ ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုအနေ နဲ့ ကတော့ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှွတ်တော်ထဲ ဝင်ရောက်နိုင်ရေးအတွက် အားလုံး ညှိုနှိုင်းဆောင်ရွက် နိုင်ကြဖို့ တိုက်တွန်းပါတယ်။

“စစ်အုပ်ချုပ်ရေးမှာ ပြဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပါ့မယ်ဆိုတဲ့ ကျမ်းသစ္စာ ဆိုရမယ့်ကိစ္စကို စိုးရိမ်တာကြောင့် ဒီနေ့ ပြုလုပ်တဲ့ လွှတ်တော် အစည်အးဝေးတွေကို ဒေါ်အောင်ဆန်း စုကြည်နဲ့ သူ့ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ မတတ်ရောက်ဘူးလို့ နားလည် ထားပါတယ်။ ဒီအခြေအနေ နဲ့ ပတ်သက်ပြီးတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရနဲ့ အခြားအစုအဖွဲ့ ပါတီတွေကို ဆွေးနွေး နေတယ်လို့ သိထားပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်တွင်း ဝင်ရောက်နိုင်ဖို့ အတွက် အစုအဖွဲ့အားလုံး ညှိုနှိုင်း ကြိုးပမ်းလုပ်ဆောင်ကြပါလို့ ကျမတို့ တိုက်တွန်းပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Vitoria Nuland က ပြောသွားတာပါ။

လွှတ်တော် ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ဆိုရမယ့် ဖွဲ့စည်းပုံကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ်ကို အဖွဲ့ချုပ်က ပြင်ဆင်ဖို့ လိုလားနေတာပါ။ ဒါ ပြင်ပြီးမှ လွှတ်တော် တက်မယ်ဆိုတဲ့ သဘောမျိုး သက်ရောက်နေပါတယ်။ ဒါပေမယ့် အချို့ကတော့ ဒီအချက်ဟာ ဖွဲ့စည်းပုံပါ အချက်အလက် ဖြစ်တာမို့၊ လွှတ်တော်ထဲ ဝင်ပြီး ပြင်သင့်တယ်လို့ ယူဆမှုတွေ လည်းရှိပါတယ်။ အခု ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေ အတွင်း ဒီကိစ္စ ပြင်ဆင်ချက်ကို ဆွေးနွေး မလားလို့လည်း မျှော်လင့်မှုတွေ ရှိပါတယ်။ ပြင်ဆင်မယ် ဆိုရင်တော့ အဓိက အာဏာရပါတီဖြစ်တဲ့ ကြံခိုင်ရေးပါတီရဲ့ အဆုံးအဖြတ်က အဓိက ကျမှာပါ။ ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှုး ဦးဌေးဦးကတော့ ဖွဲ့စည်းပုံ ပြင်ဖို့ အချိန်အခါ မရောက်သေးဘူးလို့ မနေ့က လွှတ်တော်ဝန်းထဲ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

"ကတိ သစ္စာခံ တဲ့ ကိစ္စ က ကျနော် တို့လည်းဘဲ ဒီမှာ တက်နေတဲ့ လူတွေ အားလုံးက ဒီအတိုင်း ကတိ သစ္စာ ပြုလာကြတာဘဲလေ။ ပြင်ရမယ် ဆိုတာကျတော့ ကျနော်တို့ များ ပြန်ပြင်ရမလား မသိဘူး။ တကယ်လို့များ ပြင်ခွင့်ရမယ် ဆိုရင်၊ ဒီမှာ ရှိတဲ့ လူတွေ အားလုံး ပြန်ပြင်ရမလား တောင် မပြောတတ်ဘူး။"

အမေရိကန် ပြည်ထောင်စုအနေ နဲ့ကတော့ အခြေအနေတွေကို စောင့်ကြည့်သွားမယ်လို့ နိုင်ငံခြားရေးပြောခွင့်ရသူ Nuland က ပြောပါတယ်။

“ဒီအခြေအနေကို စောင့်ကြည့်သွားမှာ ဖြစ်ပြီး၊ မကြာခင်ရက်တွေအတွင်း ပြေလည်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

ဂျပန်နိုင်ငံရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ကတော့ အခု ဒေါ်အောင်ဆန်း စုကြည် လွှွတ်တော်ထဲ မဝင်လာတဲ့ ကိစ္စရဲ့ သူမရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်တယ်၊ သူတို့အနေ နဲ့ကတော့ ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်တော်ထဲမှာ ကြိုဆိုပါတယ်လို့ ပြောခဲ့ပါတယ်။

"ဒေါ်အောင်ဆန်း စုကြည် လွှတ်တော် ထဲကို ဝင်မလာတာ ဟာ သူ့ရဲ့ သဘော ဆန္ဒ ဘဲ ဖြစ်ပါတယ်။ လွှတ်တော်ကြီး ကတော့ သူကို ကျနော်တို့ ကြိုဆိုနေပါတယ်။ အဲဒီတော့ ဒီ သူမ ပါဝင်လာတာဟာ ခုနက လို ဆွေးနွေး ပြောဆိုတာတွေ၊ နောက်တစ်ခါ ကျနော် တို့မှာ မေးခွန်းတွေ မေးခွင့်၊ အဆိုတွေ တင်သွင်းခွင့် ကျနော်တို့ ရှိပါတယ်။ ပိုမို ပြီးတော့ ခုနက လို တိုင်းပြည်အတွက် အကျိုးပြုနိုင်တဲ့ ဟာတွေ ပိုမိုပြီးတော့ သွက်သွက်လက်လက် နဲ့ ပါလီမန် ကြီးဟာ ကျနော်တို့ အသက်ဝင် လှုပ်ရှားလာမယ် လို့ ကျနော် အနေနဲ့ ဒီလို ထင်မြင်ပါတယ်။"

အဖွဲ့ချုပ်ကတော့ ဒီကိစ္စအပေါ် နိုင်ငံတော် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌတွေ နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး တို့ကို အကြံပြုချက် ပေးပို့ထားပါတယ်။ ပြီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးသိန်းစိန် တို့ တွေ့ဆုံစဉ်မှာလည်း ဒီကိစ္စ ဆွေးနွေး ထားတယ် လို့သိရပါတယ်။ အမေရိကန် ပြည်ထောင်စု ကတော့ အခုလို ညိနှိုင်းဆောင်ရွက်မှု တွေကို အားပေးပါတယ်။

“အတွင်း ညှိုနှိုင်း ဆောင်ရွက်နေကြတဲ့အပေါ်မှာ ကျမတို့ ဘာမှ စွတ်ဖက်စရာ မရှိပါဘူး။ NLD က ပါဝင်ခွင့် မရခဲ့တဲ့ ပြီးခဲ့တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ချမှတ်ခဲ့ပြီးတဲ့ကိစ္စရပ်တွေ၊ ဒီတိုင်းပြည်ရဲ့ အမည် သတ်မှတ်မှု ကိစ္စ အပါအဝင်ပေါ့၊ ဒီကိစ္စရပ်အတော်များများအပေါ်မှာ NLD ဖက်က စိုးရိမ်မှုဖြစ်နေတာတွေ ရှိပါတယ်။ နိုင်ငံရေး ပွင့်လင်းမှုနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်း တရပ်အနေနဲ့ အဲဒီ ကိစ္စရပ်တွေကို သူတို့ အချင်းအချင်း ညှိုနှိုင်း ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။”

မနေ့က ပြန်လည် ကျင်းပတဲ့ လွှတ်တော်တွေမှာ ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ် တွေ ထဲကဆို နှစ်ဦးပဲ လွှတ်တော် တက်ရောက် နိုင်တယ်လို့ ပြောရမှာပါ။ အာဏာရပါတီက ကိုယ်စားလှယ် တဦးနဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ ပါတီက ကိုယ်စားလှယ်တို့ဖြစ်ကြပါတယ်။ အခြား အသစ်တတ်လာတဲ့ကိုယ်စားလှယ်တွေကတော့ ကာကွယ်ရေး ဦးစီးချုပ်က ခန့်ထားတဲ ကိုယ်စားလှယ် ၅၉ ဖြစ်ပါတယ်။ အရင် စစ်တပ် ကိုယ်စားလှယ်အချို့နဲ့ အစားထိုး ပြောင်းလဲလိုက်တာပါ။ မနေ့ကတော့ အဲဒီ တက်လာတဲ့ ကိုယ်စားလှယ်အားလုံး လွှတ်တော် ကိုယ်စားလှယ် အဖြစ်နဲ့ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။

XS
SM
MD
LG