သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်း ရွှေ့ပြောင်းသူများ မဲပေးနိုင်ခွင့် ပညာပေးမှု အားနည်း


မဲစာရင်း လာစစ်နေသူများ။
မဲစာရင်း လာစစ်နေသူများ။

ကိုယ့်ရဲ့ကိုယ်ပိုင် မဲဆန္ဒနယ် ပြင်ပကို ရောက်နေကြတဲ့ မဲဆန္ဒရှင်တွေ အနေနဲ့ ကိုယ်ရောက်ရှိနေတဲ့ ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးက မဲဆန္ဒနယ်တွေမှာ မဲပေးခွင့်ရဖို့ ပုံစံ (၃-က) လျှောက်လွှာ တင်နိုင်တဲ့ရက် ဟာ အောက်တိုဘာလ ၁၀ရက်နေ့မှာ စာရင်းပိတ်တော့မှာမို့အချိန် ၄ ရက်ပဲ ကျန်ပါတော့တယ်။ ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံတွင်းက နေရာအတော်များများမှာ သိန်းချီတဲ့ ရွှေ့ပြောင်းနေ ထိုင်သူ တွေ ဟာ မိမိတို့ဆန္ဒမဲ ပေးပိုင်ခွင့်ရှိတယ် ဆိုတာကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဘက်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှု အားနည်းနေတယ်လို့ စောင့်ကြည့်လေ့လာသူတွေကပြောပါတယ်။ အသေးစိတ် မဆုမွန် တင်ပြပေးထားပါတယ်။

နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမှာဖြစ်တဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားတွေ နိုင်ငံသား အခွင့်အရေးနဲ့အညီ မဲပေးနိုင်ခွင့်ရှိရေး မြန်မာနိုင်ငံတွင်း ရက်ပေါင်း(၁၈၀) ခြောက်လထက်မနည်း မဲဆန္ဒနယ်ပြင်ပကိုရောက်နေတဲ့ မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းထဲပါဝင်နိုင်အောင် ပုံစံ(၃-က) ဖြည့်ပြီး အောက်တိုဘာလ ၁၀ရက်နေ့ နောက်ဆုံး ထား လျှောက် ထားကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုးဆော်ထားတာပါ။ ဒါကြောင့် မြန်မာနိုင်ငံအနှံ့က ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ကိုင်နေသူတွေအတွက် မဲစာရင်းမှာ အမည်ပါရေး ပုံစံ(၃-က) ဖြည့်ဖို့ရက်က အချိန် ၄ရက်ပဲ ကျန်ပါတော့တယ်။

ဒါပေမဲ့ပြည်ထောင်စုရွေးကောက်ပွဲကေ်ာမရှင်က ဒီရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ထိထိရောက်ရောက် အသိပညာပေးနိုးဆော်မှု လုပ်ဆောင်နေတာ အားနည်းလွန်းတယ်လို့ ဆင်ခြေဖုံးအရပ်တွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေကို အဓိက ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလုပ်ငန်းတွေ လုပ်နေတဲ့ Independent Youth for Change လူငယ် အဖွဲ့က ကိုဆောင်းခက ပြောပါတယ်။

“တကယ့်နိုင်ငံအပြောင်းအလဲလိုချင်တယ်ဆိုရင် ကိုယ်ကိုတိုင် မဲပေးခွင့်ရအောင် ဒီလေးရက်အတွင်းမှာ ရပ်ကွက်ရုံးတွေမှာ မဲပေးခွင့်ရအောင် သွားရောက်လျှောက် ထားသင့်တယ်လို့ ကျနော်ထင်တယ်။ ၁၀ ရက်အတွင်းလုပ်ရမယ့်ကိစ္စကို စိတ်ဝင်စားမှု လုံးဝမရှိဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရပ်ကွက်ထဲမှာကိုပဲ UEC ကနေ လာအော်တာက အဲဒီနေ့ တရက်ပဲ လာအော်တယ်။ သူက အဲဒီနေ့တရက်ဘဲလာအော်ပြီး ထပ်မလာတော့ဘူး။ ပြီးတော့ UEC အနေနဲ့ လုပ်သင့်တာက နေ့ရက်တိုင်းကိုဗျာ။ လာအော်ပြီးတော့ လူထုကို အမြဲတမ်း alarm လုပ်ပေးရမယ်။ဘာကြောင့်လဲဆိုတော့ လူတွေက အခုအချိန်မှာ ကျနော်တို့ ရွှေပြည်သာ၊ လှိုင်သာယာတွေမှာ အားလုံးက တနေ့လုပ်မှ တနေ့စားရတဲ့လူတွေများတယ် ဆိုတော့ အဲဒီဟာကို အာရုံမစိုက်နိုင်ဘူး။ ဒီဘက်က UEC ရဲ့လုပ်ဆောင်မှုတွေအရမ်းအားနည်းနေတယ်လို့ ကျနော်မြင်တယ်။”

ပြည်သူတွေအနေနဲ့ မိမိ အိမ်ထောင်စုစာရင်း အမည်မပေါက်တဲ့ နေရာကိုရောက်နေတယ် ဆိုရင် ကိုယ်ရောက်နေတဲ့ မဲဆန္ဒနယ်မှာ မဲပေးခွင့် ရချင်တယ်ဆိုရင် မဲဆန္ဒရှင်စာရင်းပါဝင်နိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ရုံးတွေမှာ ပုံစံ (၃-က) လျှောက်လွှာတွေ တောင်းယူပြီး ဒီလ ၁၀ ရက်နေ့ နောက်ဆုံးထား အချိန်မှီလျှောက်ထားကြရမှာဖြစ်ပါတယ်။

“တချို့ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ငြင်းလွှတ်တယ်ဗျာ။ ဥပမာ ကျနော်တို့ရွှေ့ပြည်သာ က ရပ်ကွက် UEC ကော်မရှင် ဥက္ကဌအနေနဲ့ လာပြီးတော့ သူက အဲဒီမှာ ရှိတဲ့လူစာရင်းတွေကို ကောက်ပေးတဲ့ ကောက်ပေးပြီးတော့ အဲဒီမှာ တာဝန်ခံတယောက်ထားပြီးတော့ ရပ်ကွက်ထဲက ရပ်မိရပ်ဖ သဘောမျိုးပေါ့၊ ပြီးတော့ နဲနဲကြီးတဲ့လူကို ပါဝင်ပေးပြီးတော့ သူကနေပြီးတော့ အဲဒီအစည်းအဝေးမှာ ရှိတဲ့လူတွေအားလုံးကို စာရင်းလိုက်ကောက်ပြီး (၃-က) နဲ့ပြန်တင်ပေးတာမျိုးရှိတယ်။ အဲလိုမျိုးရပ်ကွက်တိုင်းမှာ လုပ်နိုင်ရင်အကောင်းဆုံးပဲ။ အဲ့လိုကိုလုပ်သင့်တယ်လို့ ကျနော်ထင်တယ်။ ဒီလက်ရှိအခြေအနေအရ။ ပြည်သူက ဝင်ပါမှ၊ ပြည်သူက လုပ်မှရမယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ UEC ကလုပ်ပေးရင် အများကြီးကောင်းလိမ့်မယ်လို့ ကျနော်ထင်တယ်။”

ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ကြေညာချက် ထုတ်ပြန်ထားတာပါ။ ဒါပေမဲ့လည်းမဲဆန္ဒရှင်ပြည်သူတွေကြားမှာတော့ ပုံစံ (၃-က) နဲ့ ပတ်သက်တဲ့ နားလည်မှု၊ ဒီလျှောက်လွှာကို ဘယ်လို ရယူ ဖြည့်စွက်ပြီး ဘယ်လို တင်ရမလဲ ဆိုတာကို မသိကြတဲ့သူတွေ အများအပြား ရှိနေပါတယ်လို့ ကိုယ်တိုင်အသိပညာပေးလိုက်လံ ဆောင်ရွက်ပေးနေတဲ့သူတွေကပြောပါတယ်။

ပြည်တွင်းမှာ ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်နေတဲ့ မဲဆန္ဒရှင်တွေအနေနဲ့ လည်း နိုင်ငံသားအခွင့်အရေးနဲ့အညီ ဆန္ဒမဲပေးပိုင်ခွင့် ရှိတယ် ဆိုတာ ကို ရွေးကောက်ပွဲ ဆိုင်ရာ အသိ အားနည်းနေပါတယ်လို့ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ် စေတနာ့ ဝန်ထမ်းအနေနဲ့ ရွေးကောက်ပွဲ ပညာပေးလုပ်ငန်း လိုက်လံ ဆောင်ရွက်ပေးနေတဲ့ လူငယ်တွေက ပြောပါတယ်။ ဆင်ခြေဖုံး ရပ်ကွက်တွေကို ကိုယ်တိုင်အသိပညာပေးလိုက်လံ ဆောင်ရွက်ပေးနေတဲ့ မရွှေဆက်က-

“ရွေ့ပြောင်းတွေအတွက်က ကျမတို့က အဓိက မဲစာရင်းစစ်ပေးဖို့ပဲပေါ့။ မဲစာရင်း သွားစစ်ဖို့ရယ် ပြောင်းလာတာ ဘယ်လောက်ကြာပြီလဲပေါ့နော်။ ၆ လပြည့်ပြီဆိုရင် မဲစာရင်းသွားစစ်ပြီးတော့ မပါလို့ရှိရင်တော့ ပုံစံတွေသွားယူပြီးဖြည့်ဖို့ အဲဒါမျိုးတွေ တိုက်တွန်းခဲ့တာပါပဲ။ အများစုကတော့ ဈေးရောင်းကြတယ်။ အဲဒီနားမှာ ပြီးသွားတော့ စက်ရုံတွေ၊ အလုပ်ရုံတွေပေါ့နော်။ အဲလိုမျိုးတွေရှိတယ်။ မဲစာရင်း သွားမစစ်ဖြစ်ဘူးပေါ့နော်။ သွားစစ်ဖို့အချိန်မပေးဘူးပေါ့နော်။ သိပ်ပြီးတော့ နည်း မလည် သဘောမပေါက်ဘူး၊ ဒါပေမယ့်ပြောပြရင်တော့ နားထောင်တယ်။”

မြန်မာနိုင်ငံအနှံ့အပြားက ရွှေ့ပြောင်း နေထိုင် အလုပ်လုပ်ကြ သူတွေကြား ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မဲဆန္ဒရှင် အသိပညာပေးမှုတွေ နည်းပါးလွန်းတာကြောင့် မဲဆန္ဒရှင်တွေ အနေနဲ့ မဲပေးခွင့် ဆုံးရှုံးရမယ့် အခြေအနေမှာ ရှိနေတာပါ။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေက စက်မှုလုပ်ငန်းဇုံတွေ ကချင်ပြည်နယ် ဖားကန့်ဒေသလို အစုလိုက်အပြုံလိုက် အလုပ်ရွှေ့ပြောင်း လုပ်ကိုင်သူတွေ သိန်းချီရှိနေတဲ့ ဒီဆန္ဒမဲပေး ခွင့်ရှိတဲ့ပြည်သူတွေ အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်က ထိရောက် တဲ့ဆောင်ရွက်ခြင်း မရှိဘူးလို့လည်း ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့် သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

XS
SM
MD
LG