သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် အီတလီအစိုးရနဲ့ တွေ့ဆုံ


သမ္မတ ဦးသိန်းစိန်နဲ့ အီတလီဝန်ကြီးချုပ် Mario Monti
သမ္မတ ဦးသိန်းစိန်နဲ့ အီတလီဝန်ကြီးချုပ် Mario Monti
သမ္မတဦးသိန်းစိန်ဟာ ဗုဒ္ဓဟူးနေ့မှာ အီတလီအစိုးရ ခေါင်းဆောင် ပိုင်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီ့မတိုင်ခင် မနေ့တုန်းကတော့ အီးယူ ဥရောပခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ သမ္မတ ဦးသိန်းစိန် က မြန်မာနိုင်ငံအပေါ်မှာ အီးယူရဲ့ အရေးယူ ဒဏ်ခတ်မှုတွေအားလုံးကို ရုပ်သိမ်းပေးဖို့ တောင်းဆို ခဲ့သလို၊ အီးယူ ဥရောပသမဂ္ဂ ခေါင်း
ဆောင်တွေ ကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် အပါအဝင် လူ့အခွင့်အရေး ကိစ္စရပ်တွေကို ဦးစားပေး ဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုက် ပြီးတော့ လာမယ့်လမှာ ကျင်းပမယ့် ဥရောပကောင်စီ အစည်းအဝေးမှာ မြန်မာ့ အရေးကို ဆွေးနွေး သုံးသပ်ကြမှာ ဖြစ်ပါ တယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

ဥရောပ ၅ နိုင်ငံခရီးထွက်လာတဲ့ သမ္မတ ဦးသိန်းစိန်ဟာ သောကြာနေ့ ဥရောပခရီးစဉ် အဆုံးမသတ်ခင် နောက်ဆုံးနိုင်ငံအဖြစ် ဗုဒ္ဓဟူးနေ့မှာ အီတလီနိုင်ငံကို သွားရောက်ခဲ့ပါ တယ်။ သမ္မတဦးသိန်းစိန်နဲ့ အီတလီနိုင်ငံ ဝန်ကြီးချုပ်တို့ဟာ ဗုဒ္ဓဟူးနေ့မှာပဲ နေ့လည် ၃ နာရီမှာ တွေ့ဆုံခဲ့ ကြတယ်လို့ အီတလီသမ္မတရုံး ပြန်ကြားရေး အရာရှိ ရိုစီယို (Rocio) က ဗွီအိုအေကို ပြောပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ လက်ရှိသမ္မတ၊ မာရီယို မွန်တီ (Mario Monti) နဲ့ အီတလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့တာပါ။ အီတလီနိုင်ငံကို မလာခင် အီးယူ ဥရောပသမဂ္ဂရုံးဆိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဥရောပကော်မရှင် အကြီးအကဲ ဟိုဆေး မန်နျူရယ် ဘာရိုစို (Jose Manuel Barroso) နဲ့ ဥရောပပါလီမန် ဥက္ကဌ မာတင် ရွှဇ် (Martin Schulz) တို့အပြင် ဥရောပသမဂ္ဂ ဥက္ကဌဖြစ်တဲ့ ဟာမန် ဗန် ရွမ်ပေး (Herman Van Rompuy) တို့နဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မစ္စတာ ရွမ်ပေး (Rompuy) က သမ္မတ ဦးသိန်းစိန်ကို မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးကိစ္စရပ်တွေကို ဦးစားပေးပြီး လုပ်ဆောင်ဖို့ အတွက် တိုက်တွန်းခဲ့တာပါ။

“၂၀၁၅ ခုနှစ်မှာ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ကျင်းပပေးနိုင်အောင် မြန်မာနိုင်ငံ က ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားဖို့ သမ္မတကို ကျနော်တို့ အားပေးပါတယ်။ ဒါ့အပြင် တိုင်းရင်းသား လူနည်းစု ရပိုင်ခွင့် အပါအဝင် အင်မတန် အရေးကြီးတဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်တွေကို ဦးစားပေး လုပ်ဆောင်ဖို့လည်း တောင်းဆိုပါတယ်။”

သမ္မတ ဦးသိန်းစိန်ကတော့ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ အကူအညီတွေ ပြန်ပြီး ပေးဖို့ ပန်ကြား ခဲ့သလို၊ မြန်မာနိုင်ငံအပေါ်မှာ ဥရောပသမဂ္ဂ က အရေးယူထားတာတွေကိုလည်း ရုပ်သိမ်းပေး ဖို့ တောင်းဆိုခဲ့ပါတယ်။

“ဒါ့အပြင် ကျနော်တို့ အီးယူအနေနဲ့ မြန်မာရဲ့ ပို့ကုန်တွေအပေါ်မှာ GSP အခွင့်အရေးများ စောလျင် စွာ ပြန်ပြီးတော့ ပေးအပ်နိုင်ရေး မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေ ဒါတွေကို အပြီးတိုင် ရုပ်သိမ်းရေးနဲ့ အီးယူက မြန်မာနိုင်ငံနဲ့ စပ်လျဉ်းပြီးတော့ နှစ်စဉ် လူ့အခွင့်အရေးဆိုင်ရာ အဆိုမူကြမ်း တင်သွင်းနေမှုကို ရပ်ဆဲပေးရေးတို့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်း ဥက္ကဌကြီး ကို တိုက်တွန်းပြောကြားခဲ့ပါတယ်။”

သမ္မတ ဦးသိန်းစိန်သွားရောက်ခဲ့တဲ့ ဥရောပခရီးစဉ်အတွင်း ဥရောပနိုင်ငံတွေက ချမှတ်ထား တဲ့ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေကို လုံး၀ ဖယ်ရှားပေးဖို့အတွက် တောင်းဆိုခဲ့ တာဖြစ်ပြီး ဒီတောင်းဆိုချက်တွေကို ရှေ့လထဲမှာ ကျင်းပဖို့ရှိတဲ့ ဥရောပကောင်စီ အစည်းအဝေး မှာ သုံးသပ်သွားဖို့ရှိတယ်လို့ အီးယူရဲ့ နိုင်ငံခြား မူဝါဒရေးရာအကြီးအကဲလည်းဖြစ်၊ ဥရောပသမဂ္ဂရဲ့ လက်ထောက်အကြီးအကဲလည်းဖြစ်တဲ့ ကတ်သရင်း အက်ရှ်တန် (Catherine Ashton) ရုံး ပြောခွင့်ရ မစ် မာဂျာ ကိုစီ ဂျန်းစစ် (Maja Kocijancic) က ပြောပါတယ်။

“ဒီကိစ္စဟာ အီးယူက အဖွဲ့ဝင်နိုင်ငံတွေအားလုံးပါဝင်ပြီး ကန့်ကွက်မဲမရှိ ချမှတ်ထားတဲ့ ကိစ္စ မို့ နိုင်ငံခြား မူဝါဒရေးရာအကြီးအကဲက အီးယူအဖွဲ့ဝင် နိုင်ငံတွေနဲ့အတူ ဆန်းစစ်ရ မယ့် ကိစ္စပါ။ အဖွဲ့ဝင်နိုင်ငံတွေက ဘယ်လို ဆုံးဖြတ်မယ်ဆိုတာ မသိရသေးပေမဲ့ မြန်မာ နိုင်ငံရဲ့ အနေအထားကို အီးယူက သိရှိထားပြီး လက်ရှိမှာ လက်နက် အရောင်းအဝယ်ကိစ္စ တားမြစ်ထား တာကလွဲပြီး အရေးယူ ဒဏ်ခတ်မှုတွေကို ဆိုင်းငံ့ထားတာကိုလည်း နားလည်ဖို့ အရေးကြီးပါ တယ်။ ဒီအရေးယူ ဒဏ်ခတ်မှုတွေ ချထားရတဲ့ အကြောင်းအရာတွေအတွက် အီးယူက အမြဲမပြတ် သုံးသပ်နေတာ ပါ။ မြန်မာနိုင်ငံရဲ့ အနေအထားဟာ တခြားနိုင်ငံနဲ့ မတူပါဘူး။ အီးယူက နှစ်ပေါင်း များစွာ ဒဏ်ခတ်ထား ရာကနေ အခု သမိုင်းတွင်မယ့် ပြောင်းလဲမှှုတွေ တွေ့လာရတာမို့ လာမယ့် ဧပြီလထဲ ကျင်းပမယ့် ဥရောပကောင်စီ အစည်းဝေးမှာ ဒါကိုပါ သုံးသပ်သွားဖို့ ရှိပါတယ်။”

မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ဖြေရှင်းရေးမှာ အီးယူ ဥရောပသမဂ္ဂနဲ့အတူ လက်တွဲပြီး ဖြေရှင်းသွားဖို့အတွက် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး အီးယူ မြန်မာ ပူးတွဲ တာဝန်ထမ်းဆောင်ရေးဆိုင်ရာ ဗဟိုအဖွဲ့ကို ဖွဲ့ဖို့အတွက် နိုဝင်ဘာလထဲလောက်မှာ လုပ်ဆောင် မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီအဖွဲ့ထဲမှာ အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ငွေကြေးဆိုင်ရာ အပါအဝင် ကဏ္ဍပေါင်းစုံက ကိုယ်စားလှယ်တွေ ပါဝင်မှာဖြစ်ပြီး မြန်မာအစိုးရရဲ့ အဖွဲ့ဝင်တွေနဲ့ လက်တွဲပြီး မြန်မာနိုင်ငံတွင်း စီးပွားရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် အကောင်းဆုံးဖြစ်အောင် ကူညီဆောင် ရွက်ပေးသွားမှာ ဖြစ်တယ်လု့ိလည်း ပြောဆိုသွားပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ အီတလီနိုင်ငံ မတိုင်ခင် ဘယ်လ်ဂျီယံ၊ သြစတြီးယား၊ ဖင်လန်နဲ့ နော်ဝေ
နိုင်ငံတွေကို သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ စိန်ခေါ်မှုတွေ အတွက် ဥရောပနိုင်ငံတွေက အကူအညီပေးဖို့ ပန်ကြားခဲ့ပါတယ်။
XS
SM
MD
LG