သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသမ္မတ နယ်သာလန်ဘုရင်နဲ့တွေ့ဆုံ


အနောက်ဥရောပ ၃ နိုင်ငံ ခရီးစဉ်ထွက်နေတဲ့ နယ်သာလန်ရောက် မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့မှာတော့ နယ်သာလန်ဘုရင်ကို နန်းတော်မှာ တွေ့ဆုံသလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ဖွံ့ဖြိုးရေးအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ကုလအထူးအကျိုးတော်ဆောင် နယ်သာလန် ဘုရင်မ Maxima နဲ့လည်း သီးသန့် တွေ့ဆုံခဲ့ပါတယ်။

နယ်သာလန်ဝန်ကြီးချုပ် အပါအဝင် နယ်သာလန်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နှစ်နိုင်ငံ အရေး တွေ့ဆုံ ဆွေးနွေးပါတယ်။ ဦးသိန်းစိန်ရဲ့ နယ်သာလန်ခရီးစဉ် အသေးစိတ် မဆုမွန် တင်ပြထားပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ စက်တင်ဘာလ ၁ ရက်နေ့ကစခဲ့တဲ့ ဆယ်ရက်တာကြာမြင့်မယ့် သူ့ရဲ့ အနောက်ဥရောပ ၃ နိုင်ငံခရီးစဉ်အတွင်း ဂျာမနီ၊ ဆွစ်ဇာလန်နိုင်ငံ ခရီးစဉ်တွေ အပြီးမှာတော့ သူ့ရဲ့ နောက်ဆုံးခရီးစဉ်ဖြစ်တဲ့ နယ်သာလန်နိုင်ငံ The Hague မြို့ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းကတည်းက ရောက်ရှိနေတာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၉ ရက်နေ့ အင်္ဂါနေ့ မနက်ပိုင်းမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ဖွံ့ဖြိုးရေးအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ကုလအထူးအကျိုးတော်ဆောင်လည်းဖြစ်တဲ့ နယ်သာလန်ဘုရင်မ Maxima က မြန်မာသမ္မတ ဦးသိန်းစိန်ကို Wassenaar နန်းတော်မှာ လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံအကြား အနာဂတ်မှာ ပူးပေါင်း လုပ်ဆောင်ကြမယ့် ရှေ့အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်လို့ နယ်သာလန် တော်ဝင်သတင်းတွေမှာ ဖော်ပြပါရှိပါတယ်။

အင်္ဂါနေ့ခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်ဟာ နယ်သာလန် ဝန်ကြီးချုပ် Mark Rutte၊ နယ်သာလန်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံသလို နယ်သာလန်ဘုရင် Willem-Alexander ကလည်း မြန်မာသမ္မတကို The Hague မှာရှိတဲ့ Noordeinde နန်းတော်မှာ လက်ခံ တွေ့ဆုံပါတယ်။ နယ်သာလန်ရောက် မြန်မာ့အရေးလှုပ်ရှားသူ ဦးမိုးကျော် ပြောပြတာကတော့-

“ဒီနေ့မနက်ပိုင်း ကျနော်တို့ ဘုရင်မ Maxima နဲ့ တွေ့မယ်လေ။ သူတို့မိသားစု နန်းတော်မှာပေါ့နော်။ Eikenhorst လို့ခေါ်တဲ့ ဘုရင်မနဲ့ ဘုရင်နေတဲ့အိမ်ပေါ့နော်။ အဲ့ဒီအိမ်မှာ မနက်ပိုင်းမှာ ဘုရင်မ Maxima နဲ့တွေ့မယ်။ တွေ့ပြီးတဲ့အချိန်မှာ ဒီနေ့ နေ့လည်မှာကျတော့ နေ့လည်စာကို ဘယ်မှာစားမလဲဆိုတော့ ဝန်ကြီးချုပ်ရဲ့အိမ်မှာလေ နေ့လည်စာ စားပြီးတော့ နန်းတော်ကို လာဖို့ရှိတယ်။ နန်းတော်ကို လာပြီးတော့ ဘုရင်နဲ့တွေ့ဖို့ရှိတယ်။ ဟုတ်ကဲ့ ဒီနေ့ တနေ့တာ။”

သမ္မတဦးသိန်းစိန်ဟာ သူ့ရဲ့နယ်သာလန် ခရီးစဉ်အတွင်းမှာ နယ်သာလန်နိုင်ငံက အခြေခံအဆောက်အအုံနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးရဲ့စီစဉ်မှုနဲ့ Maeslantkering ရေဂိတ်တံခါး၊ Rotterdam ဆိပ်ကမ်းနယ်မြေ အပါအဝင် နယ်သာလန်နိုင်ငံတွင်းက ရေအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး အဆင့်မြင့်နည်းပညာတွေနဲ့ လုပ်ဆောင်နေတဲ့စီမံကိန်းတွေကို လိုက်လံလေ့လာခဲ့သလို စိုက်ပျိုးရေးလုပ်ငန်း၊ ဥယျာဉ်စိုက်ပျိုးမှုနည်းစနစ်တွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံကိန်းတွေကို လေ့လာခဲ့တာ ဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်း လိုအပ်ချက်တွေကို နယ်သာလန်နိုင်ငံက နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေ အပါအဝင် ကျန်းမာရေး၊ ပညာရေးဆိုင်ရာ ထောက်ပံ့မှုတွေ နယ်သာလန်အစိုးရဘက်က ကူညီပေးသွားဖို့အရေး အခုလို နယ်သာလန်နိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတာနဲ့ ပတ်သက်လို့လည်း နယ်သာလန်ရောက် မြန်မာတဦးဖြစ်တဲ့ ဦးမြတ်သီဟက အခုလို သုံးသပ်ပါတယ်။

“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စိုက်ပျိုးရေးတွေ၊ ရေကာတာတွေ ဒီကိစ္စတွေကို အဓိက သူတို့ လိုက်ကြည့်တာပေါ့နော်။ အဲ့ဒီထဲမှာပါလာတဲ့ ဝန်ကြီးချုပ်အုန်းမြင့်ကလည်း မြန်မာနိုင်ငံမှာ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သူ တာဝန်ယူထားတာတွေ ရှိတာပေါ့နော်။ သူတို့ ဒီပညာတွေနဲ့ ပတ်သက်ပြီးတော့ ဒီနည်းနာတွေနဲ့ ပတ်သက်ပြီးတော့ လေ့လာချင်တယ်။ အဲ့ဒီအပေါ်မှာလည်း နယ်သာလန်အစိုးရအနေနဲ့ ဦးသိန်းစိန်တို့ကို တောက်လျှောက်ပေါ့နော် လူသားတွေရဲ့ ကျန်းမာရေးအတွက် ARV ဆေးတို့၊ HIV/AIDS တို့ Malaria တို့ ကိစ္စတွေကိုလည်း ကူညီဆောင်ရွက်ပေးနေတာ ရှိတယ်လေ ဒီမှာ။ ဒါမှ တို့မြန်မာနိုင်ငံရဲ့ ပြည်သူတွေအပေါ်ကို နယ်သာလန်အစိုးရအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေပြီးတော့ ကူညီစောင့်ရှောက်မှု ပေးနေတာပဲလို့ ဆိုတော့ ဒါ ဦးသိန်းစိန်တို့ ဒီဥရောပနောက်ဆုံး Deadline အနေနဲ့ လာတဲ့အချိန်မှာ နယ်သာလန်အစိုးရအနေနဲ့ ဦးသိန်းစိန် ယနေ့ လာခြင်းအပေါ်မှာ သူတို့က ခုနပြောသလို ကောင်းမွန်စွာ ကြိုဆိုတယ်ဆိုပေမဲ့ အဓိကကတော့ ပြည်တွင်းထဲမှာရှိနေတဲ့ ပြည်သူတွေ ခုန ကျန်းမာရေးအတွက် ဆင်းရဲမွဲတေနေတဲ့ သူတွေအတွက် သူတို့ကတော့ အထူး ဂရုစိုက်ပြီးတော့ ဒီကိစ္စကို ပြောဆိုလိမ့်မယ်။ ဒီကိစ္စတွေကို ဆောင်ရွက်ပေးဖို့အတွက်လည်း နယ်သာလန်အစိုးရအနေနဲ့ တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးမယ်ဆိုတဲ့ ဆွေးနွေးမှုမျိုးတွေ ပြောဆိုမှုမျိုးတွေကို လုပ်လိမ့်မယ်လို့ မြင်မိတယ် ညီမရယ်။”

နယ်သာလန်ရောက် မြန်မာတွေကလည်း နယ်သာလန်ကို ရောက်ရှိလာတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ကို မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ နယ်သာလန်ရောက် မြန်မာတွေရဲ့ ဆွေးနွေးအကြံပြုချက်တွေကို နန်းတော်ကို သမ္မတရောက်ရှိလာချိန် ကိုယ်တိုင် တိုက်ရိုက် အိတ်ဖွင့်ပေးစာ ပေးနိုင်ဖို့ The Hague ကို စုဝေး လာရောက်နေကြပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ ပြည်ထောင်စုဝန်ကြီးတချို့ လိုက်ပါသွားကြပြီး အခု တတိယအကြိမ်မြောက် ဥရောပခရီးစဉ်ကိုတော့ စက်တင်ဘာ ၁၀ ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG