သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် နယ်သာလန်ခရီးစဉ်


ိသမ္မတဦးသိန်းစိန် နယ်သာလန်က ရော့တာဒမ်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ ရိုင်းမြစ်ဝကျွန်းပေါ်ဒေသ ရေလွှမ်းမိုးမှု ကာကွယ်ရေး ရေတံခါးတည်ဆောက်ပုံကို လေ့လာစဉ်။ (ဓာတ်ပုံ/ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်-ဖဘ)
ိသမ္မတဦးသိန်းစိန် နယ်သာလန်က ရော့တာဒမ်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ ရိုင်းမြစ်ဝကျွန်းပေါ်ဒေသ ရေလွှမ်းမိုးမှု ကာကွယ်ရေး ရေတံခါးတည်ဆောက်ပုံကို လေ့လာစဉ်။ (ဓာတ်ပုံ/ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်-ဖဘ)

အနောက်ဥရောပ သုံးနှစ်နိုင်ငံ ခရီးစဉ်အတွင်း နောက်ဆုံးနိုင်ငံဖြစ်တဲ့ နယ်သာလန်နိုင်ငံကို သမ္မတ ဦးသိန်းစိန် ရောက်ရှိနေချိန်အတွင်း နယ်သာလန် နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ရေအရင်းအမြစ်ဆိုင်ရာ စီမံကိန်းတွေကို လေ့လာနေပါတယ်။ အခုလို ဥရောပနိုင်ငံတွေနဲ့ သံတမန်ရေး ရင်းနှီးဆက်ဆံမှု ပိုတိုးမြှင့်ဆောင်ရွက်နေချိန် အရပ်သားအစိုးရလက်ထက် ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှုတွေကို သတိနဲ့ စောင့်ကြည့်ဖို့ကိုလည်း နယ်သာလန် ရောက် မြန်မာတွေက နယ်သာလန်အစိုးရကို တိုက်တွန်းနေပါတယ်။ အသေးစိတ်ကိုတော့ မဆုမွန် တင်ပြပေးထားပါတယ်။

စက်တင်ဘာလ (၁) ရက်နေ့ကစခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ဆယ်ရက်တာကြာမြင့်တဲ့ အနောက်ဥရောပ သုံးနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန် အခု နယ်သာလန်နိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဥရောပအစိုးရခေါင်းဆောင်တွေနဲ့တွေ့ဆုံချိန်အတွင်း ပြုပြင်ပြောင်းလဲရေးဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး စိုက်ပျိုးမွေးမြူရေးဆိုင်ရာ၊ အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာတွေ အပါအဝင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေနဲ့ နည်းပညာပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ နယ်သာလန်ခရီးစဉ်အတွင်း နယ်သာလန်နိုင်ငံ အခြေခံအဆောက်အအုံနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးက နယ်သာလန်နိုင်ငံတွင်း သဘာဝပတ်ဝန်းကျင်နဲ့ ရေအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှုတွေကို လေ့လာဖို့နဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေနဲ့ ပတ်သက်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ သမ္မတနဲ့အဖွဲ့ဟာ စက်တင်ဘာလ ၈ ရက်နေ့မှာတော့ နယ်သာလန်နိုင်ငံတွင်း ရေအရင်းအမြစ်ဆိုင်ရာ အဆင်မြင့်နည်းပညာတွေနဲ့ လုပ်ဆောင်နေတဲ့ စီမံကိန်းလုပ်ငန်းတွေကိုလည်း လိုက်လံလေ့လာနေတယ်လို့ နယ်သာလန်သတင်းတွေမှာလည်း ဖော်ပြပါရှိတဲ့အကြောင်း နယ်သာလန်ရောက်မြန်မာတစ်ဦးဖြစ်တဲ့ ကိုမိုးကျော်က ပြောပြပါတယ်။

“၈ ရက်နဲ့ ၉ ရက်၊ သူ ဒီမှာနေစဉ်အတွင်းမှာပေါ့နော်၊ ဒီနိုင်ငံရဲ့ဝန်ကြီးပေါ့။ Infrastructure နဲ့ environment ဝန်ကြီးကနေပြီးတော့ သူ့ကို နာမည်ကြီး Maeslantkering ရေတံခါးပေါ့။ မုန်တိုင်းကြောင့် လှိုင်းတွေ တက်လာလို့ရှိရင် ကာထားတဲ့နေရာ၊ အဲဒီနေရာကို သူတို့လိုက်ပြဖို့ အစီအစဉ် ရှိတယ်ခင်ဗျ။

Maeslantkering ရေတံခါး
Maeslantkering ရေတံခါး

ဒီနေ့နဲ့ မနက်ဖြန်မှာပေါ့နော်။ ဒီနေ့အတွင်းမှာ ဖြစ်ဖို့များတယ်။ ကျနော်တို့ ဘုရင့်အသိုင်းအဝိုင်းမှာထုတ်တဲ့ သတင်းမှာတော့ တွေ့ဆုံမယ့် agenda မှာတော့ ထည့်ထားတာက သူတို့ ရေးသားဖော်ပြချက်အရပေါ့နော်- ၉ ရက်နေ့မှာ ဘုရင် ဝီလျံ အလက်ဇန္ဒားနဲ့ တွေ့ဖို့ရှိတယ်။ နောက်တခုက ဘုရင်မ Maxima နဲ့ကျတော့ မနက်ပိုင်းမှာ သူတို့နေထိုင်တဲ့ -- ပေါ့နော်။ South Holland မှာရှိတဲ့နေအိမ်မှာ တွေ့ဖို့ ရှိတယ်ပေါ့နော်။ အဲဒါရှိတယ်၊ ပြီးတော့ဝန်ကြီးချုပ်နဲ့ တွေ့ဖို့ရှိတယ်။ ပြီးတော့ တခြား စီးပွားရေးရာ လက်ထောက်ဝန်ကြီးနဲ့ စီးပွားရေးကိစ္စတွေ ဆွေးနွေးဖို့ ရှိတယ်ပေါ့နော်။

အဲလောက်ပဲ ဖော်ပြထားပြီးတော့ ကျန်တဲ့အပိုင်းကတော့ အဓိက နှစ်နိုင်ငံကြား စီးပွားရေးဆက်ဆံမှုနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေပေါ့နော်။ အဲဒီကိစ္စကို အဓိက ဆွေးနွေးမှာ ဖြစ်တယ်။ ဝန်ကြီးချုပ် Mark Rutte နဲ့ တွေ့တဲ့အခါကျရင်ပေါ့နော်။ ကျန်တဲ့ စီးပွားရေး--ဝန်ကြီးတွေနဲ့ တွေ့တဲ့အချိန်ကျမှာကျတော့ သူတို့ ဆွေးနွေးမှာက အခုနက ကျနော် ပြောခဲ့သလို ရေ စီမံခန့်ခွဲမှုရယ်၊ ခုနပြောတဲ့ ဥယျာဉ်စိုက်ပျိုးမှု အတတ်ပညာနဲ့ ပတ်သက်ပြီးတော့ လေ့လာပြီးတော့ ဆွေးနွေးမယ့် အပိုင်းပဲ ဖြစ်တယ်။ ပြီးတော့ ဒီက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တွေ့ပြီးတော့ စီးပွားရေးလုပ်ငန်းနဲ့ ဆိုင်တဲ့ကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေ ဆွေးနွေးမှာ ဖြစ်တယ်။ အဲလောက်ပါပဲ။”

အခုလို သမ္မတဦးသိန်းစိန်အစိုးရလက်ထက် အနောက်နိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေဆီ ပိုချဉ်းကပ်လာတာနဲ့အတူ ဒီနိုင်ငံတွေဘက်ကလည်း မြန်မာနိုင်ငံ အပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုအချို့လျှော့ချပေးလိုက်သလို ချေးငွေအချို့ လျှော်ပေးတာမျိုးနဲ့ နည်းပညာပိုင်းဆိုင်ရာ ငွေကြေးအကူအညီတွေ ပိုတိုး ပေးလာတဲ့ အနေအထားအပေါ် ဥရောပရောက်မြန်မာတွေဘက်က သတိထား ဆက်ဆံဖို့ကို ဥရောပအစိုးရတွေကို သတိပေးပြောဆိုမှုတွေရှိနေတာပါ။ လက်ရှိမြန်မာနိုင်ငံတွင်းက နိုင်ငံရေးအခြေအနေ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှုတွေကို တိုက်ရိုက် ဆွေးနွေးခွင့်ရဖို့နဲ့ သမ္မတဦးသိန်းစိန်ကို အိတ်ဖွင့် ပေးစာ ပေးခွင့်ရနိုင်ဖို့ နယ်သာလန်နိုင်ငံခြားရေးဌာနကို တောင်းဆိုထားတာနဲ့ပတ်သက်လို့ နယ်သာလန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) က ဒုဥက္ကဋ္ဌ ဦးမိုးကျော်က ပြောပါတယ်။

“ဒီနေ့ပဲ ကျနော့ဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနကနေပြီးတော့ အကြောင်းပြန်ကြားစာ ရတယ်ပေါ့နော်။ သူတို့အနေနဲ့ကတော့ ဒီအခြေအနေမှာပေါ့နော်- အဲဒီကဏ္ဍကို တွေ့ဆုံဖို့ အနေအထားနဲ့ စီစဉ်ပေးဖို့အခက်အခဲ ရှိတဲ့အကြောင်း သူက ပြန်ကြားလာတယ်၊ ဆိုတော့…တွေ့ခွင့်မရလို့ရှိရင် ကျနော်တို့က သူတို့ ဝန်ကြီးဌာနကိုပေးဖို့ တောင်းဆိုထားတာလေ။ ပေးပေးဖို့ပေါ့။ ဒါပေမယ့် ကျနော်တို့က ဘယ်လိုဖြစ်ဖြစ် ၉ ရက်နေ့မှာတော့ နန်းတော်မှာရှိတဲ့ ဒီ တွေ့ဆုံမယ့် အဲဒီနေရာမှာ သွားပြီးတော့ သူ့ကို ကိုယ်တိုင်ပေးနိုင်အောင် စီစဉ်ထားပါတယ်။ မနက်ဖြန် သွားပါမယ်။”

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ ပြည်ထောင်စု ဝန်ကြီးတချို့ လိုက်ပါသွားကြတာဖြစ်ပါတယ်။ ဦးသိန်းစိန်ဟာ၂၀၁၃ နှစ်ဆန်းပိုင်းမှာ ဥရောပ ငါးနိုင်ငံ နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံကို သွားရောက်ခဲ့သလို၂၀၁၃ ခုနှစ်၊ ဇူလိုင်လအတွင်းမှာတော့ ဥရောပနှစ်နိုင်ငံဖြစ်တဲ့ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံကိုလည်း သွားရောက်ခဲ့ပြီးဖြစ်ပါတယ်။ အခုတတိယအကြိမ်မြောက် ဥရောပ ခရီးစဉ်မှာတော့ ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ နယ်သာလန်နိုင်ငံတွေဆီ သွားရောက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG