သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့တိုးတက်မှု နိုင်ငံတကာမှာ မျက်နှာပန်းလှဟု သမ္မတဦးသိန်းစိန်ဆို


မြန်မာသမ္မတဦးသိန်းစိန် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ - www.president-office.gov.mm)
မြန်မာသမ္မတဦးသိန်းစိန် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ - www.president-office.gov.mm)
မြန်မာနိုင်ငံရေးဟာ အကောင်းဆုံးနဲ့ အရေးကြီးဆုံးအချိန် ရောက်နေပြီးတော့
နိုင်ငံတကာ မျက်နှာစာမှာလည်း မျက်နှာပန်း ကောင်းမွန်နေပြီလို့ မြန်မာသမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ပြောဆိုသွားပါတယ်။ ဒါဟာ မြန်မာ့သမိုင်းမှာ မှတ်တိုင်ထူလောက်တဲ့ အခြေအနေလည်းဖြစ်တယ် လို့ ပြောသွားပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ သတင်းသွားရောက်ယူခဲ့တဲ့ ကိုသားညွန့်ဦးက အပြည့်အစုံ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံဟာ အာဏာရှင်စနစ် အုပ်ချုပ်တဲ့ နိုင်ငံကနေပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ အုပ်ချုပ်တဲ့ နိုင်ငံပုံစံမျိုး နိုင်ငံရေး ယဉ်ကျေးမှုအသစ်ကို မြင်နေရပြီ ဆိုပြီးတော့ မြန်မာသမ္မတ ဦးသိန်းစိန် က ပြောဆိုသွားပါတယ်။ ဒါ့အပြင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအင်အားစု အားလုံးအနေနဲ့ သိမ်မွေ့ညင်သာစွာနဲ့ ဆောင်ရွက်သွားကြဖို့ဆိုပြီးတော့လည်း သမ္မတ ဦးသိန်းစိန်က တိုက်တွန်းသွားပါတယ်။ အစိုးရဖွဲ့စည်းခဲ့တာ ၃ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီ ၃ နှစ်တာကာလအတွင်း အစိုးရကနေပြီးတော့
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီးတော့ သမ္မတဦးသိန်းစိန်ကနေ လွှတ်တော်အမတ်တွေကို ပြောဆိုသွားတာပါ။

နိုင်ငံတော်သမ္မတကြီး ကြွရောက်လာပါပြီခင်ဗျာ….

“ဒီကနေ့ ဒီအချိန်မှာ နိုင်ငံနဲ့ ပြည်သူအားလုံး ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာကောင်းတဲ့ အခြေအနေသစ်တရပ် ကျနော်တို့အားလုံး ဝိုင်းဝန်း ဖန်တီးနိုင်ခဲ့ရပြီး အမြင်မတူမှုတွေ၊ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းမှ ကြီးမားတဲ့ မတူကွဲပြားမှုတွေ၊ နိုင်ငံရေးကျင့်စဉ်ဟောင်းတွေကို အရင်းတည်ပြီးတော့ ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းပုံဖော်တဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်တရပ်ကို ကျနော်တို့ စတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။”

မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ဟာ နောက်ကြောင်း ပြန်လှည့်သွားမလားဆိုပြီးတော့ စောင့်ကြည့်တာတွေ ခံခဲ့ရသလို ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေစဉ်အတွင်းမှာ မမျှော်လင့်တဲ့ စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ရတယ်ဆိုပြီး သမ္မတ ဦးသိန်းစိန်က ပြောသွားပါတယ်။ ဒါပေမဲ့လည်း ဒီပြုပြင်ပြောင်းလဲရေး လမ်းကြောင်းဟာ ဒီ ၃ နှစ်တာကာလအတွင်းမှာ လွဲချော်သွားခဲ့တာ မရှိဘဲနဲ့ မြန်မာနိုင်ငံဟာ ဂုဏ်ယူဝင့်ကြွားဖွယ် အခြေအနေကို ရောက်ခဲ့တယ်ဆိုပြီးတော့ ပြောပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ လှုပ်ခတ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်လို့တော့ နိုင်ငံရေး အကျပ်အတည်းပုံစံ ဖြစ်မလာအောင်လို့ အမျှော်အမြင် ကြီးကြီးနဲ့ ဆောင်ရွက်သွားကြဖို့ ဆိုပြီးတော့ တိုက်တွန်းသွားပါတယ်။

“ဒီလို ပြင်ဆင်ဖို့ ဆောင်ရွက်ကြတဲ့နေရာမှာ ပါဝင်သူများရဲ့ အမျှော်အမြင် ကြီးမားမှု အတွေ့အကြုံ အသိပညာ ကြွယ်ဝမှုနဲ့ စိတ်ရင်းစေတနာ မှန်ကန်မှုတို့ကို အသုံးပြုကာ သိမ်မွေ့ညင်သာစွာနဲ့ ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။”

ဖွဲ့စည်းပုံနဲ့တဆက်တည်း တပ်မတော်ရဲ့ အခန်းကဏ္ဍကို ပြောဆိုရာမှာတော့ ဒီမိုကရေစီ ရင့်ကျက်မှုအပေါ်မှာ အခြေခံပြီးတော့ နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှုကို လျှော့ချသွားရမှာ ဖြစ်တယ်ဆိုပြီးတော့ ပြောဆိုသွားပါတယ်။

“ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ ရှိနေရဦးမှာ ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာတဲ့ စားပွဲဝိုင်းတွေမှာလည်း တပ်မတော်က ဆက်လက် ပါဝင်နေဖို့ လိုအပ်ဆဲပဲဖြစ်ပါတယ်။ တပ်မတော်ရဲ့အခန်းကဏ္ဍကို တဖြေးဖြေးချင်း လျှော့ချဖို့ ပြည်တွင်းငြိမ်းချမ်းရေး တိုးတက် ရရှိလာမှုနဲ့ ချိန်ဆ ဆောင်ရွက်သွားမှုကိုလည်း ဒီမိုကရေစီ ရင့်သန်မှုနဲ့အတူ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။”

မိန့်ခွန်းထဲမှာတော့ နိုင်ငံရေးကိစ္စအပြင် စီးပွားရေးကိစ္စရပ်တွေကိုလည်း အချိန်အတော်ကြီး ပေးပြီးတော့ ပြောကြားသွားပါတယ်။ ၃ နှစ်တာ အစိုးရသက်တမ်းအတွင်းမှာ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာတာ၊ နောက် ဗဟိုဘဏ်စနစ် အပြောင်းအလဲကို လုပ်နိုင်ခဲ့တာ၊ ဈေးကွက်ထဲမှာ ပုဂ္ဂလိက အခန်းကဏ္ဍ မြင့်တက်လာတာတွေကို ပြောဆိုသွားပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးဆောင်ရွက်မှု၊ အမျိုးသားပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ အစိုးရပိုင်းက ဆောင်ရွက်ခဲ့တာတွေကိုလည်း ပြောဆိုသွားပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ အခုလို ပြောဆိုတာဟာ ၃ နှစ်အတွင်းမှာ ဒါ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ပထမအကြိမ် ကျမ်းသစ္စာ ဆိုတုန်းကတော့ အစိုးရအနေနဲ့ ကတိကဝတ်တွေကို ဦးစားပေးပြီးတော့ ပြောဆိုခဲ့သလို၊ အခု ၃ နှစ်မြောက် မိန့်ခွန်းမှာတော့ အစိုးရရဲ့ ၃ နှစ်အတွင်း ဆောင်ရွက်ချက်တွေ အောင်မြင်မှုတွေနဲ့ ဒီအောင်မြင်ဆိုတဲ့ သူ့ရဲ့အဆို သမိုင်းမှတ်တိုင်မှာ ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေကို ကျေးဇူးတင်စကား ပြောဆိုတာတွေ အဓိက ပါတယ်လို့ ပြောရမှာပါ။ သမ္မတမိန့်ခွန်း ပြောဆိုချိန်မှာတော့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေအပြင် ကာကွယ်ရေးဦးစီးချုပ်လည်း တက်ရောက်တာ တွေ့ရပါတယ်။ နောက်နိုင်ငံတကာ သံတမန်တချို့နဲ့ အဖွဲ့အစည်းတွေက လေ့လာသူတွေလည်း တက်ရောက် နားထောင်ခဲ့ကြတာကို တွေ့ရပါတယ်။
XS
SM
MD
LG