သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန်နဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခန်း


Interview
Interview
သတင်းမီဒီယာတွေဟာ ကိုယ့်တိုင်းပြည်ရဲ့ သိသင့်တဲ့ ကိစ္စတွေကို ကြော်ငြာပေးရာ ရောက်တဲ့ အတွက် ကျေးဇူးတင်တယ်လို့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောဖို့ အမေရိကန် ပြည်ထောင်စုကို လာခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်အပြီး ဗွီအိုအေ မြန်မာပိုင်းက သီးသန့် တွေ့ဆုံ မေးမြန်းခဲ့စဉ်မှာ ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ သမ္မတရဲ့ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက် မြို့မှာ တွေ့ဆုံခဲ့တဲ့ကိစ္စ၊ လွှတ်တော်နဲ့ ချိန်ခွင်လျှာညှိ အုပ်ချုပ်တဲ့နေရာမှာ တွေ့ရတဲ့ အခက်အခဲ၊ စီးပွားရေး အကျိုးအမြတ်တွေကို အခွင့်ထူးခံတွေပဲ မခံစားရအောင် ဘယ်လို ကာကွယ်မလဲ ဆိုတဲ့ အမေးတွေကို သမ္မတဦးသိန်းစိန်က ဖြေကြားခဲ့ပါတယ်။ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ သမ္မတဦးသိန်းစိန်တို့ သီးသန့် တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

သမ္မတကြီးရဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းက မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေကို တကမ္ဘာလုံးက၊ နိုင်ငံပေါင်းစုံက၊ နိုင်ငံ ခေါင်းဆောင်တွေက နေပြီးတော့ အသိအမှတ် ပြုမှုတွေ ရသွားစေတဲ့ အားလုံး လှိုက်လှိုက်လှဲလှဲ ချီးကျူးရတဲ့ မှတ်ကျောက်တင်နိုင်တဲ့ မိန့်ခွန်းပါ။ ဒီနေရာမှာ သတိထားမိတာက အခုလို ပြောဆိုသွားတဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေမှာဆိုရင် အဂတိလိုက်စားမှုနဲ့၊ သမ္မတကြီးလည်း အရင် ပြောဖူးပါတယ်။ ဥပဒေ စိုးမိုးရေးကိစ္စတွေပါ။ တဆက်တည်းမှာပဲ လွှတ်တော်ထဲမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်က နေပြီးတော့ တရားဥပဒေ စိုးမိုးရေး ကော်မရှင် ဆိုတာကို ခေါင်းဆောင်မှု တာဝန်ယူထား နေပါပြီ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေး ကော်မရှင်ကို သမ္မတကြီးတို့ အစိုးရအဖွဲ့ အနေနဲ့ ဘယ်လိုများ ကူညီပံ့ပိုးမှုတွေ၊ ပူးပေါင်း လုပ်ဆောင်မှုတွေ လုပ်သွားမလဲ ဆိုတာ သိပါရစေ။ -

“ဒီကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော်ကလည်း ဒါ သူတို့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စ ဖြစ်ပါတယ်။ နောက်တခါ ဒေါ်အောင်ဆန်းစုကြည် ကလည်း rule of law ဆိုပြီးတော့ အမြဲတမ်း ပြောလေ့ပြောထ ရှိတယ်။ ပြောလေ့ပြောထ ရှိတဲ့အတွက်ကြောင့် တရားဥပဒေ စိုးမိုးရေး၊ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီးတော့ ဒီဟာက ကျနော်တို့ရဲ့ ရည်မှန်းချက်လည်း ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ အစိုးရဘက်ကလည်း လုပ်တယ်။ လွှတ်တော်ကလည်း ဒီလို ဝိုင်းပြီးတော့ လုပ်ပေးတော့ ဒါက ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ အလားအလာ တခု ဖြစ်တယ်ပေါ့။”

ဒီကော်မရှင်အနေနဲ့ သမ္မတကြီးရော၊ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ပါ ပြည်ပခရီး ထွက်နေတဲ့အချိန်မှာ ရန်ကုန်တိုင်းတွင်းမှာ ရှိတဲ့ တချို့ ရဲစခန်းလေးတွေကို သွားပြီးတော့ ကြည့်တယ်။ တရားသူကြီးအဖွဲ့တွေနဲ့ ဆွေးနွေးတယ် ဆိုတာလည်း ကျနော်တို့ ကြားပါတယ်။ အဲဒီနေရာမှာ တချက်ပေါ့နော်၊ ဒါကတော့ လက်တွေ့ ဖြစ်တဲ့ ကိစ္စလေးတွေပေါ့။ မိသားစု တစုကို ဖမ်းထားပြီးတော့ အာမခံမပေးတဲ့ ကိစ္စမျိုးတွေကို တွေ့ရတယ် ဆိုတာမျိုး ကြားပါတယ်။ ဒါမျိုးတွေနဲ့ ကြုံလာရင် အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုများ တုံ့ပြန် ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိလဲခင်ဗျ။ -

“ဒီကိစ္စက ကျနော် ထင်တယ်၊ ဥပဒေ အတိုင်းပဲ ကျနော်တို့ လုပ်ကြရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဥပဒေနဲ့ မညီညွတ်တာကို လုပ်တဲ့အတွက်ကြောင့် ဒီအဖွဲ့ကနေ သွားပြီးတော့ ရဲစခန်းတွေကို ကြည့်တယ်၊ မှန်တယ် ပြုတယ် ဆိုရင် ဒါကို ဥပဒေအတိုင်း ဖြစ်အောင် ကျနော်တို့က အစိုးရပိုင်းက ဆောင်ရွက်ဖို့ ရှိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ပေါ့နော်၊ သမ္မတကြီး အနေနဲ့ ဒီပြည်ပခရီးကို မထွက်ခင်မှာလည်း မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာ ရှိပါတယ်။ အလားတူပဲ ပြည်ပကို ရောက်တဲ့အခါမှာလည်း အထူးတလည် ဒေါ်အောင်ဆန်းစုကြည်က သမ္မတကြီးကို လာပြီးတော့ နှုတ်ဆက် ဂါရဝပြုတာ တွေ့ရပါတယ်။ အဲဒီတော့ ဘယ်လို အကြောင်းတွေနဲ့ ထူးထူးခြားခြားလေးများ ပြည်ပမှာရောက်တုန်း ဆွေးနွေးဖြစ်တယ်ဆိုတာ သိပါရစေခင်ဗျ။ -

“သူတို့ကတော့ ကျနော့်ကို အကြီးအကဲ တယောက်အနေနဲ့ သူလည်း ဒီမှာရောက်နေတယ်၊ ကျနော်ကလည်း ဒီ UN ရဲ့ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောဖို့ လာတယ်ဆိုတော့ သူကတော့ လာပြီးတော့ တွေ့ဆုံ နှုတ်ဆက်တဲ့သဘောပါ။ ဘာမှတော့ ထွေထွေထူးထူး တိုင်ပင်တာ ပြောတာတွေ မရှိပါဘူး။ နှုတ်ဆက်တဲ့သဘောပါပဲ။”

စောစောတုန်းက ကျနော် ပြောတဲ့အထဲမှာ လွှတ်တော်ရဲ့ ကော်မရှင်တွေပေါ့နော်၊ လွှတ်တော်ရဲ့ ကော်မရှင်တွေ ကိစ္စမှာ ထူးခြားတဲ့၊ မြန်မာနိုင်ငံရဲ့ သက်တမ်း နုနယ်သေးတဲ့ ဥပဒေပြု လွှတ်တော် အခြေအနေနဲ့ သမ္မတကြီးတို့ရဲ့ ပြုပြင် ပြောင်းလဲမှုတွေကို တစိုက်မက်မက် လုပ်နေတဲ့ အစိုးရအဖွဲ့ကြားထဲမှာ အများ အမြင်ပေါ့နော်၊ အပြင်ဘက်ကအမြင်မှာ နည်းနည်း တင်းမာမှုတွေ ရှိနေတယ် ဆိုတဲ့ သဘောပေါ့နော်။ လွှတ်တော်ကော်မရှင်တွေကို ပြည်ထောင်စုအဆင့် ထားရှိရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ငြင်းကြခုန်ကြတဲ့ ပုံစံလေးတွေ ဖြစ်တယ်။ နောက် အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ကို နုတ်ထွက်ခိုင်းလိုက်ရတဲ့ အခြေအနေမျိုးတွေ ဖြစ်ခဲ့တော့ တချို့ဆိုရင် ဒါကို ဖွဲ့စည်းပုံ အခြေခံဥပဒေ crisis ပေါ့နော်၊ ပြဿနာကြီးတရပ် လို့တောင် ပြောချင်တဲ့သူတွေ ရှိနေကြတယ်ခင်ဗျ။ အဲဒီတော့ ဒါနဲ့ ပတ်သက်လို့ သမ္မတကြီးရဲ့ အမြင်ကို ရှင်းပြပေးပါလား။ -

“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဿနာတရပ် ရှိလာလို့ရှိရင်၊ နောက်တခါ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေက တာဝန်ပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကနေ ဒီပြဿနာကို ဖြေရှင်းပေးဖို့ တာဝန် ရှိပါတယ်။ အဲဒီတော့ ဒီ အခြေခံဥပဒေ ခုံရုံးကနေပြီးတော့ ဖြေရှင်းပေးတဲ့ ကိစ္စတခုကို လွှတ်တော်ကနေ မှန်တယ် မှားတယ်၊ ဒါကတော့ သူတို့ပဲ ဆုံးဖြတ်ပြီးတော့ လိုက်နာ လုပ်ဆောင်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ အဲဒီတော့ မှားတယ်ဆိုရင်လည်း ဒါ သူတို့ရဲ့ အများစုနဲ့ မှားတဲ့အကြောင်း၊ မှန်တယ်ဆိုလို့ရှိရင်လည်း ဒါ သူတို့ရဲ့ အပိုင်းပါပဲ။ ဒီကိစ္စကြောင့် ကျနော်တို့နဲ့တော့၊ အစိုးရပိုင်းနဲ့တော့ ပြဿနာ မရှိဘူး။ သို့သော်လည်း ပထမ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ခုနကလို ဒီလူတွေ ထွက်သွားရအောင် ဖြစ်မယ့်အစားပေါ့လေ။ တခြား ထွက်ပေါက် တခု ရှိပါသေးတယ်။ ဒီထွက်ပေါက်ကတော့ ခုနကလို လွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အခန်း (၂၀) မှာ ပြဌာန်းထားတယ်။ amendment ပေါ့။ ပြင်ဆင်လို့ ရတယ်။ အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ တိတိကျကျနဲ့ မပါဘူးဆိုရင် တိတိကျကျ ပါအောင် ထပ်ပြီးတော့ ထည့်လို့ရတယ်။ ကျနော်ကတော့ ဒီဟာလေး လမ်းကြောင်းလေးတော့ ပေးလိုက်ပါတယ်။ သို့သော်လည်းပဲ ဒီအဖွဲ့အစည်းနှစ်ခုဟာ သီးခြား ဆောင်ရွက်ပေးထားတဲ့ အဖွဲ့အစည်း နှစ်ခုဖြစ်တဲ့အတွက်ကြောင့် ကြိုက်တဲ့ နိုင်ငံရေး လမ်းကြောင်းကို သူတို့ ရွေးချယ်သွားခြင်းပဲ ဖြစ်ပါတယ်။”

သမ္မတကြီးရဲ့ ကုလသမဂ္ဂ မိန့်ခွန်းမှာပဲ ကျနော် သတိထားမိတဲ့အချက်က အရင်အစိုးရဟာ စစ်တပ်နဲ့ အုပ်ချုပ်တဲ့၊ အမိန့်အာဏာနဲ့ အုပ်ချုပ်တဲ့ အစိုးရ၊ အခုဆိုရင် အရပ်သား အစိုးရ အနေနဲ့ ဥပဒေပြု အဖွဲ့တွေ၊ အတိုက်အခံတွေနဲ့ ချိန်ခွင်လျှာ ညှိပြီးတော့ အုပ်ချုပ်ရတဲ့ အစိုးရပုံစံမျိုး ဖြစ်လာပြီဆိုတော့၊ ဒီလို အထူးသဖြင့် လွှတ်တော်နဲ့ ချိန်ခွင်လျှာ ညှိပြီး အုပ်ချုပ်ရတဲ့ အနေအထားမျိုးမှာ ဘယ်လို အခက်အခဲမျိုးတွေ ရှိနေလဲ။ -

“အမှန်ကတော့ လွှတ်တော်ကလည်း ဥပဒေပြုရေးအပိုင်းမှာ သီးခြား လုပ်ဆောင်ခွင့် သူ့မှာရှိတယ်။ သူ့ရဲ့ အဓိက တာဝန်ကတော့ ဥပဒေပြုရေး အပိုင်းပေါ့လေ။ ကျနော်တို့ အစိုးရပိုင်းဆိုတာက အုပ်ချုပ်ရေး အပိုင်းပေါ့။ အဲဒီတော့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ မဏ္ဍိုင်ကြီး သုံးခုပေါ့။ ဥပဒေပြုရေးအပိုင်း၊ အုပ်ချုပ်ရေး အပိုင်းနဲ့ တရားစီရင်ရေး အပိုင်း ဆိုပြီးတော့ ဒီလို ခွဲခြားပြီးတော့ သတ်မှတ်ပေးထားပါတယ်။ အမှန်ကတော့ ကိုယ့်အလုပ် ကိုယ်လုပ်ကြတဲ့အပိုင်းပါပဲ။ သို့သော်လည်း တခုနဲ့တခုက ထိန်းကျောင်းပေးဖို့ ဆိုတဲ့ဟာကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပါပါတယ်။ အမှားအယွင်း မရှိရအောင်၊ အစိုးရအဖွဲ့ကလည်း ခုနကလို တချို့ကိစ္စတွေ လွှတ်တော်ကို ထောက်ပြစရာရှိတာ ထောက်ပြရမှာဖြစ်သလို၊ လွှတ်တော်အပိုင်းကလည်း အစိုးရအဖွဲ့ကို ထောက်ပြရမှာ ဖြစ်ပါတယ်။ ဒါကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းပဲ ဖြစ်တယ်လို့ ကျနော်တို့ ခံယူထားပါတယ်။”

သမ္မတကြီးရဲ့ အခု ကုလသမဂ္ဂ ညီလာခံနဲ့ တိုက်ဆိုင်ပြီးတော့ လာတဲ့ အမေရိကန် ခရီးစဉ်က အောင်မြင်မှုတွေ တော်တော်ကြားရပါတယ်။ အထူးသဖြင့် သမ္မတကြီး ဒီမှာရှိနေတုန်းမှာပဲ မြန်မာနိုင်ငံရဲ့ ပို့ကုန်တွေကို ပိတ်ဆို့ထားတဲ့ ကိစ္စ နဲ့ပတ်သက်ပြီးတော့ ပယ်ဖျက်ပေးမယ် ဆိုတဲ့ ကြေညာချက်လည်း ထွက်ပါတယ်။ ဒီလို ပို့ကုန်တွေ ပိတ်ဆို့ထားမှု ပယ်ဖျက်လိုက်ပြီဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့၊ တချို့က စိုးရိမ်နေတယ်ပေါေ့နာ်၊ cronies လို့ခေါ်တဲ့ အခွင့်ထူးခံ လူနည်းစုပဲ အသာစီး ရယူပြီးတော့ စီးပွားလမ်းဖြစ်သွားမယ့် ပုံစံမျိုး မဖြစ်အောင်ဆိုရင် သမ္မတကြီးရဲ့ အမြင်က ဘယ်လိုများ ကူညီဆောင်ရွက်ဖို့ ရှိမလဲ။ -

“ဒီဟာကတော့ ကျနော်တို့ investment law နဲ့သွားပြီးတော့ ဆိုင်ပါတယ်။ အဲဒီတော့ investment law မှာလည်း ကိုယ့်နိုင်ငံသား၊ နောက်တခါ နိုင်ငံခြားသား စသည်ဖြင့်ပေါ့လေ။ နိုင်ငံငခြားကနေ လာပြီးတော့ ရင်းနှီးမြှုပ်နှံတယ် ဆိုရင် ကျနော်တို့က မူဝါဒ ပေးထားပါတယ်။ တစ်အချက်ကတော့ ကိုယ့်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို မထိခိုက်စေရဘူး။ နှစ်အချက်ကတော့ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေရဘူး။ ဥပမာ - အနောက်နိုင်ငံတွေကနေ လာပြီးတော့ လက်ဝါးကြီး အုပ်သွားတာ၊ တရုတ်ကပဲ လာပြီးတော့ စီးပွားရေး လုပ်ငန်းတွေမှာ လက်ဝါးကြီး အုပ်သွားတာ ဆိုရင် နိုင်ငံလည်း သိက္ခာကျတယ်လေ။ အဲဒီတော့ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း မထိခိုက်စေရဘူး။ နောက်တခုကတော့ အချုပ်အချာ အာဏာပေါ့။ အဲဒီတော့ အချုပ်အချာအာဏာ ဆိုတော့ နိုင်ငံရေးသမားနဲ့ စီးပွားရေးသမားဟာ သိပ်ပြီးတော့ အချိတ်အဆက် လုပ်ပြီးတော့မှ လှုပ်ရှားရတဲ့သဘော ရှိပါတယ်။ ဥပမာ - နိုင်ငံရေးသမားကလည်း မဲရွေးဖို့ဆိုရင် စီးပွားရေးသမားဆီက လိုတဲ့ငွေကို အလှူခံရတာတွေ၊ လက်ခံရတာတွေ၊ ဒါတွေ ရှိတာပေါ့။ ဒါမှမဟုတ်ရင် နိုင်ငံရေးသမား အာဏာရတဲ့အခါမှာလည်း စီးပွားရေးသမားကို ပြန်ပြီးတော့ နေရာပေးရတာတွေလည်း ရှိတာပေါ့။ သို့သော်လည်း ဒီဟာတွေက သိပ်ပြီးတော့ ထဲထဲဝင်ဝင်နဲ့ သိပ်ပြီးတော့ များလာလို့ရှိရင် စီးပွားရေးသမားက အချုပ်အချာ အာဏာမှာလာပြီးတော့ ချုပ်ကိုင်တဲ့ သဘောမျိုးတွေ သက်ရောက်နိုင်တယ်။ ဒါကြောင့်မိုလို့ အချုပ်အချာအာဏာကိုတော့ မထိခိုက်စေ ရဘူး။ နောက်တခုကတော့ သဘာဝပတ်ဝန်းကျင်ကို ကျနော်တို့ မပျက်ယွင်း စေရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှိသမျှ အကုန်ထုတ်ယူပြီးတော့ အကုန်လုပ်သွားလို့တော့ မဖြစ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ သားစဉ်မြေးဆက် ချန်ထားခဲ့ရဦးမှာ။ ဒါကြောင့်မိုလို့ ရင်းနှီးမြှုပ်နှံမှု အပိုင်းနဲ့ ပတ်သက်ပြီးတော့ လာပြီးတော့ ဒီလို ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ကိုယ့်တိုင်းရင်းသားရဲ့ အကျိုးစီးပွားကို ထိခိုက်စရာ အကြောင်းမရှိပါဘူး။ ကျနော်တို့ ဒါကို အကာအကွယ် ပေးထားပါတယ်။ နောက်တခုကလည်း investment law နဲ့လည်း အကာအကွယ် ပေးထားတယ်။”

အခု ဒီခရီးစဉ်အတွင်းမှာဆိုရင် သမ္မတကြီးဟာ ပြည်ပမှာရှိနေတဲ့ ပြည်ပ မီဒီယာတွေနဲ့ရော၊ မြန်မာလို အသံလွှင့်နေတဲ့ မြန်မာမီဒီယာ တွေနဲ့ရော တော်တော်လေးကို အချိန်ပေးပြီးတော့ တွေ့ဆုံခဲ့တာတွေ ရှိပါတယ်။ အဲဒီတော့ ဒီလို မီဒီယာတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့၊ ပြည်တွင်းမှာရှိတဲ့ မီဒီယာတွေကိုလည်း လွတ်လပ်ခွင့်တွေ ပေးနေတယ်ဆိုတာ ကျနော်တို့ ကြားရပါတယ်။ သမ္မတကြီး အနေနဲ့ ရှေ့ဆက်ပြီးတော့ ဘာတွေ ဖြစ်စေချင်လဲ၊ ဘာတွေမြင်ချင်လဲ ဆိုတာ သိပါရစေ။ -
“အမှန်ကတော့ ဒီ မီဒီယာတွေကတော့ အများသောအားဖြင့်တော့ ကိုယ့်တိုင်းပြည်ရဲ့ သိသင့်သိထိုက်တဲ့ ကိစ္စတွေကို ကြော်ငြာပေးတဲ့ သဘောပါ။ ကြောငြာပေးတဲ့ သဘော ဖြစ်တဲ့အတွက်ကြောင့် တိုင်းပြည်အနေနဲ့ ကျနော်တို့အနေနဲ့တော့ ကျေးဇူးတင်ရတာပေါ့။ မီဒီယာကို ကျေးဇူးတင်ရမယ့်သဘော ကျနော်တို့ ရှိပါတယ်။ ဒီလို တွေ့ဆုံ ပြောကြားပြီးမှပဲ ခင်ဗျားတို့ ခုနကလို ထုတ်ပြန်လိုက်တဲ့ဟာ၊ လွှင့်လိုက်တဲ့ ဟာတွေက အများပြည်သူ သိရှိမယ်၊ နားလည်မယ်၊ သဘောပေါက်သွားမယ် ဆိုတာ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ကျေးဇူးတင်ပါတယ်။”

ဒီနိုင်ငံမှာဆိုရင် အထူးသဖြင့် အမေရိကန်မှာပေါ့နော်၊ နိုင်ငံခြားရေးဌာန ဆိုရင် နိုင်ငံခြားရေးဌာနအလျောက် နေ့စဉ် သတင်းထုတ်ပြန်ချက် ရှိပါတယ်။ နောက်ပြီးတော့ အိမ်ဖြူတော် ဆိုရင်လည်း အိမ်ဖြူတော်ရဲ့ နေ့စဉ်သတင်း ထုတ်ပြန်တာ ရှိပါတယ်။ အလားတူပဲ သမ္မတကြီး ကိုယ်တိုင်လည်း လိုအပ်ရင် လိုအပ်သလို သတင်းစာ ရှင်းလင်းပွဲတွေ လုပ်လေ့ရှိပါတယ်။ နောက်ပိုင်းမှာရော သမ္မတကြီး အနေနဲ့ အချိန်ပေးနိုင်ရင် ဒါမျိုးတွေ လုပ်ပေးဖို့ ရှိနိုင်မလား။ -

“အမှန်တော့ ကျနော်တို့က ဒီမိုကရေစီ အလေ့အကျင့်လေး တဖြည်းဖြည်းနဲ့ ရင့်ကျက်လာရင် ဒါတွေက ကျနော်တို့ လုပ်သွားရမယ်။ အခုကတော့ ဒီမိုကရေစီ အတွေ့အကြုံတွေ၊ အလေ့အကျင့်တွေကလည်း တနှစ်ခွဲကာလအတွင်း ဆိုတော့ အတော်လေး ကျနော်တို့က နုနယ်ပါသေးတယ်။ နောင်ကျရင်တော့ ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ ဒါတွေ လုပ်သွားရမှာပါ။”

သမ္မတကြီးအနေနဲ့ အမေရိကန် ပြည်ထောင်စုကို သီးသန့် နိုင်ငံတော် အလည်အပတ် ခရီးစဉ် ထပ်လာဖို့ရော ရှိပါသေးသလား။ -

“လောလောဆယ်တော့ မရှိပါဘူး။”

ကျေးဇူးတင်ပါတယ်ခင်ဗျ။
XS
SM
MD
LG