သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ကြားချက် ၇၀ ကျော် UEC လက်ခံ ရရှိ


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူများ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူများ။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ ကာလအတွင်း ဥပဒေအရ တိုင်ကြားမှု ၇၀ ကျော် ရှိခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ကပြောပါတယ်။ ဒီတိုင်တန်းမှုတွေမှာ အကျိုး ဖျက်ဆီးမှု၊ နိုင်ငံရေးပါတီ အချင်းချင်း တိုင်တန်းမှု၊ အများပြည်သူက ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို တိုင်တန်းမှု စတဲ့အမှုတွေပါတယ် လို့ ရွေးကောက်ပွဲ ကော်မရှင်ကပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းက မေခက ပေးပို့ထားပါတယ်။

ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် အဖြစ်အပျက် ၉၀ကျော် ဖြစ်ပွားခဲ့တာမှာ အမှုဖွင့်တိုင်ကြားမှုဟာ ၇၀ကျော် ရှိခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီများ ဌာနခွဲမှ ညွှန်ကြားရေးမှုး ဦးဝင်းကိုက ဗွီအိုအေ မေးမြန်းမှုကိုဖြေကြားခဲ့ပါတယ်။

“ဖြစ်စဉ်က ၉၄ ခု လောက်ရှိတယ်။ အဲဒီအထဲမှာ အမှုဖွင့်လာတာက ၇၄ မှုရှိတယ်။ အမှုမဖွင့်ပဲ ရှိတာက ၁၆ မှုရှိတယ်။ အဲဒီအမှုထဲမှာ ပါတီဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ တိုင်တာက ၅၄ မှုရှိတယ်။ သူတို့က တရားလို တိုင်တာ။ သူတို့ အတိုင်ခံရတာက ၆ မှုရှိတယ်။ အများပြည်သူက တရားလို လုပ်တိုင်တာက ၄ မှုရှိတယ်။ နောက်တခါ ရိုးရိုးပေါ့၊ အများပြည်သူဆိုတာက ပါတီထောက်ခံသူတို့ ၊ ရိုးရိုးမဲဆန္ဒရှင်တွေပါတာတို့ သူတို့ အတိုင်ခံရတာက ၃၁ မှုရှိတယ်။ နိုင်ငံတော် အစိုးရ ဌာနဖြစ်တဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းကတိုင်တာက တရားလိုလုပ်ပြီးတိုင်တာက ၁ မှုရှိတယ်။ အဲဒီဌာန ဆိုင်ရာကိုပဲ အတိုင်ခံရတာက ၂ မှုရှိတယ်။”

တိုင်ကြားမှုတွေမှာ ဘယ်ပါတီကို အများဆုံး တိုင်တန်းခံရသလဲ ဆိုတာကိုတော့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော် ပြောဆိုဖို့ အတွက် စာရင်း စုစည်းဆဲဖြစ်တာကြောင့် တိကျစွာပြောဖို့ခက်တယ်လို့ ပြောပါတယ်။ လတ်တလောမှာ နိုင်ငံ ရေးပါတီတွေကနေ တိုင်တန်းမှုတွေမှာ အကျိုးဖျက်ဆီးမှု၊ နိုင်ငံရေးပါတီအချင်းချင်းတိုင်တန်းမှု၊ အများပြည်သူက ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကိုတိုင်တန်းမှုတွေများတယ်လို့ ဦးဝင်းကိုက ခုလိုပြောပါတယ်။

“နိုင်ငံရေးပါတီအချင်း တိုင်တာလည်းရှိတယ်။ အများပြည်သူက တိုင်တာလည်း ရှိတယ်။ အတိုင်ခံရဆုံး ကတော့ ၂ ပိုင်းရှိတယ်။ အများစုကတော့ တည်ဆဲ ရာဇသတ်ကြီး ဥပဒေတွေနဲ့ တိုင်တာများပါတယ်။ ဆိုင်းဘုတ်ဖျက်ဆီးခံရတယ် အကျိုးဖျက်ဆီးမှုပေါ့၊ နောက်တခါ အလွဲသုံးစားလုပ်တယ်။ ၄၀၃ ပေါ့။ နောက်တခါ ရိုက်တယ်၊ နှက်တယ်။ နာကျင်စေမှုပေါ့ ၃၂၅ တို့ဘာတို့၊ နောက်တခါ ကျော်နင်း ဝင်ရောက်တယ်။ ၄၂၇ တို့ဘာတို့ ၊ ဒီလိုဟာတွေက များပါတယ်။ ရွေးကောက်ပွဲပြစ်မှု နဲ့ ဘာတို့ ကတော့ နည်းတယ်၊

လက်ရှိချိန်ထိတိုင်တန်းမှုတိုင်းကို မျှတစွာဆုံးဖြတ်နိုင်ဖို့ အကောင်းဆုံး ကြိုးစားနေတယ်လို့ ကော်မရှင်ဘက်ကပြောပေမယ့် ဥပဒေချိုးဖောက် မဲဆွယ်စည်းရုံးမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားထား ပေမယ့် ထိရောက်တဲ့ အရေးယူမှု မရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည် က အောက် တိုဘာ ၂၁ရက်နေ့က ဝေဖန် ပြောဆိုထားပါတယ်။

လက်ရှိအမှုပေါင်း ၇၀ ကျော်မှာ အောက်တိုဘာ ၈ရက်ထိတိုင်တန်းထားတာရှိထားတဲ့ စာရင်းဘဲဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုလုပ်မှုဆောင် ဦးဉာဏ်ဝင်း ကတော့ မဲဆွယ်စည်းရုံးမှုအပိုင်းတွေအပြင် လွှတ်တော် ကျင့်ဝတ်တွေ ဖောက်ဖျက်မှုတွေ အပါ တိုင်တန်းထားတာတွေလည်း ရှိတယ်လို့ ခုလိုပြောပါတယ်။

“တိုင်းဒေသကြီးတွေမှာ ဖြစ်နေတဲ့ စစ်မှုထမ်း ဗိုလ်မှူးကြီးတွေကို ရွေးကောက်ပွဲမှာ အမည်စာရင်းထည့်တာတွေ အဲဒါကို အန်ကယ်တို့က ဥပဒေမညီဘူးလို့ အန်ကယ်တို့ပြောတယ်။ အဲဒါ တချက် ။ အဲဒါက စစ်ဖက်ဆိုင်ရာ အမိန့်ကို ပြန်ကြည့်ပါတဲ့။ စစ်ဖက်ဆိုင်ရာအမိန့်က အန်ကယ်ကြည့်လို့မရဘူး။ မသိဘူး၊ သူတို့ဖြေရမှာ။ သမ္မတကနေပြီးတော့ စစ်မှုထမ်းပြန်ခန့်တယ်လို့ သတင်းစာထဲမှာပါတယ်။ ပါတဲ့နေ့ကစပြီး သူက ပြည်သူ့ ဝန်ထမ်းဖြစ်သွားပြီ။ ပြည်သူ့ဝန်ထမ်းဖြစ်သွားရင် ရွေးကောက်ပွဲဝင်လို့မရတော့ဘူး။ ဒါကိုရှင်းလင်းအောင် မဖြေနိုင်ဘူးလို့ အန်ကယ်ထင်တယ်။ ကျနော် အခုလောလောဆယ် ၂ ခုရှိတယ်။ ဒါပေမယ့် ၁၄ ခုလောက်ရှိနိုင်တယ်။ တိုင်းနဲ့ပြည်နယ်တိုင်းမှာ ရှိနိုင်တာ။ တိုင်းနဲ့ပြည်နယ် နယ်လွန်ဝန်ကြီးတွေလေ။ အဲတော့ အန်ကယ်မေးတာကို မဖြေနိုင်ဘူး။ သူတို့ တခြားဟာဖြေတယ်။ အဲဒီတော့ အဲလိုပဲ သဘောပေါက်တယ်။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုလုပ်မှုဆောင် ဦးဉာဏ်ဝင်းက လွှတ်တော် ကိုယ်စားလှယ်လောင်း ကျင့်ဝတ်တွေ ဖောက်ဖျက်မှုအပေါ် တိုင်တန်းထားတာနဲ့ပတ်သတ်ပြီးခုလိုပြောပြခဲ့တာပါ။

ဒီလိုထောက်ပြထား ပေမယ့် ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ ဒီလိုဥပဒေနဲ့ ဆန့်ကျင်ပြီး ရွေးကောက်ခံတာမရှိဘူးလို့ ငြင်းဆန် ထားပြီး ဘယ်လိုတိုင် တန်း မှုကိုမဆို ထိရောက်စွာ စစ်ဆေးအရေးယူပေးလျက်ရှိ တယ်လို့ တုံပြန်ပြောဆိုထားပါ တယ်။

XS
SM
MD
LG