အမေရိကန်ပြည်ထောင်စု အရှေ့ဘက် မယ်ရီလန်း၊ ဝါရှင်တန်ဒီစီ နဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာ နေထိုင်နေကြတဲ့ မြန်မာမိသားစုတွေက တနင်္ဂနွေနေ့ ဒီနေ့မှာ ပြုလုပ်မယ့် သင်္ကြန်ပွဲအတွက် ပြင်ဆင် နေကြသလို ဗြိတိန်နိုင်ငံ လန်ဒန်ရောက် မြန်မာမိသားစုကလည်း သင်္ကြန်ပွဲကို စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ အဝေးကို ရောက်နေကြပေမယ့် မြန်မာ့ရိုးရာမပျက် သင်္ကြန်ပွဲတွေကို ဘယ်လို ကျင်းပကြသလဲ ဆိုတာကို မစ ုမြတ်မွန်က တင်ပြထားပါတယ်။
နှစ်သစ်ကူး သင်္ကြန်ပွဲတွေကို မြန်မာနိုင်ငံမှာ ကျင်းပနေကြသလို အဝေးရောက်နေကြတဲ့ မြန်မာလူမျိုးတွေ ကလည်း ရိုးရာမပျက် သင်္ကြန်ပွဲတွေကို ကိုယ်ရောက်နေတဲ့ နိုင်ငံတွေမှာ ကျင်းပနေကြတာပါ။ ဥရောပ ဘက်မှာဆိုရင် နှစ်စဉ်နံမည်ကြီးတဲ့ လန်ဒန်သင်္ကြန်ပွဲကို စနေနေ့က ကျင်းပခဲ့ပါတယ်။ သာသနာ့ရံသီ ဝိဟာရကျောင်းတိုက် ဆရာတော် ဦးဥက္ကရ ဦးစီးပြုလုပ်ခဲ့တဲ့ ၂၀၁၂ ခုနှစ် လန်ဒန် သင်္ကြန်ပွဲဟာ အရင်နှစ်တွေကထက် ပိုပြီး ထူးခြားတဲ့အကြောင်း သင်္ကြန်ယိမ်းတွေကို စီစဉ်သူ မတူးမာက ခုလိုပြောပြပါတယ်။
“အခုနှစ် လန်ဒန်သင်္ကြန်မှာတော့ အရင်နှစ်တွေလိုပဲ သင်္ကြန် အဆိုအက ယိမ်းတွေရယ်၊ The Nox တီးဝိုင်းတွေ ဖျော်ဖြေကြပါတယ်။ အရှေ့ပိုင်း သင်္ကြန် ယိမ်းကတာတွေမှာ ဒီနှစ် ထူးခြားတာကတော့ မွန်သင်္ကြန်ယိမ်းနဲ့ ရခိုင် သင်္ကြန်ယိမ်းတို့ကနေပြီးတော့ အားဖြည့်ပြီးတော့ တင်ဆက်ကြတာ ဖြစ်ပါတယ်။ အခုကြားနေရတဲ့အတိုင်းပါပဲ ဖျော်ဖြေနေတာကတော့။ ဒီနှစ်ကတော့ ဆိုင်းဝိုင်း အပြည့် ပါတယ်ပေါ့နော်။ သင်္ကြန်သီချင်းအားလုံးအတွက်။ The Nox တီးဝိုင်းနဲ့အတူတူ ခါတိုင်းနှစ်တော့ နန်းမရဆိုင်းဝိုင်းနဲ့ တီးပါတယ်။ ဒါပေမဲ့ ခြောက်လုံးပေါက်ပဲ တီးနိုင်တာပေါ့နော်၊ သင်္ကြန် ဒိုးလောက်ပဲ။ ဒါပေမဲ့ ဒီနှစ်တော့ အမေရိကန်က တယောက်ကလာပြီး သူကတော့ ဆိုင်းဝိုင်းအပြည့် တီးပေးပါတယ်။ သင်္ကြန်ယိမ်းတွေ မကခင်မှာ သံချပ်နဲ့ အရင်ဖွင့်လေ့ပါတယ်။ အဖွင့်သီချင်းပြီးရင် သံချပ်ပေါ့နော်။ ပြီးတော့မှ သင်္ကြန်ယိမ်း၊ နောက်ဆုံး တီးဝိုင်းနဲ့ အပြီးသတ်တာပေါ့လေ။”
ခုလို ဖျော်ဖြေပွဲတွေတင် မဟုတ်ဘဲ မြန်မာနိုင်ငံ အလွမ်းပြေ အစားအသောက်တွေကိုလည်း ဝယ်ယူ စားသောက်နိုင်တာမို့ လန်ဒန်မြို့တော် အပြင် တခြားမြို့တွေမှာ နေထိုင်ကြတဲ့ မြန်မာတွေလည်း လန်ဒန် သင်္ကြန်ပွဲအတွက် တကူးတကလာကြတာ ပရိတ်သတ် ရာချီရှိပါတယ်။
“မုန့်လုံးရေပေါ် တို့၊ ရှမ်းခေါက်ဆွဲတို့၊ တို့ဟူးသုတ်တို့ စသည်ဖြင့်ပေါ့လေ။ အခုလေးတင်ပဲ သတင်းရပါတယ်။ ဒီနှစ် အစားအသောက်တွေ အစောကြီး ပြတ်သွားတယ်တဲ့။ အခု ကုန်နေပြီလို့ ပြောပါတယ်။ အစားအသောက်တွေ။ ဒီကျောင်းက အပေါ်ထပ်နဲ့ အောက်ထပ်နဲ့။ အစားအသောက်က အောက်ထပ်မှာ ကန်တင်းက သက်သက်ရှိတော့ အပေါ်ထပ်အောက်ထပ် လူက ကွဲနေတယ်။ ဒါပေမဲ့ အပေါ်ထပ် အောက်ထပ်ရော လူပြည့်နေတယ်ဆိုတော့ လူ တော်တော်များတယ်လို့ ယူဆရပါတယ်။ လန်ဒန်က မဟုတ်တဲ့သူတွေလည်း တွေ့ပါတယ်။ ဥပမာ ရခိုင်ယိမ်း ဆိုလို့ရှိရင် လန်ဒန်က မဟုတ်ဘဲနဲ့ မန်ချက်စတာ တို့၊ နယူးကာဆယ်လ် တို့ကနေ လာပြီး ရခိုင်ယိမ်း ဖြစ်မြောက်ဖို့အတွက်ကို သူတို့လာပြီး အားဖြည့်ပြီး ကတဲ့အထဲမှာပါတယ်ဆိုတော့ ပရိသတ်ထဲမှာလည်း နယ်ကလူတွေပါမှာ မလွဲမသွေပါပဲ။”
ခုလို ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ သင်္ကြန်ပွဲကို စနေနေ့က ကျင်းပခဲ့ကြသလို အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်း မယ်ရီလန်း၊ ဝါရှင်တန်ဒီစီ၊ ဗာဂျီးနီးယား ပြည်နယ်တွေက မြန်မာလူမျိုးတွေကလည်း တနင်္ဂနွေနေ့မှာ သင်္ကြန်ပွဲလုပ်ဖို့ ပြင်ဆင်နေကြပါတယ်။ မယ်ရီလန်း ပြည်နယ်က မင်္ဂလာရာမ ဘုန်းကြီးကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲနဲ့ တိုက်ဆိုင်ပြီး လုပ်မယ့်သင်္ကြန်ပွဲအကြောင်း စီစဉ်နေသူ တစ်ယောက်ဖြစ်တဲ့ ကိုရင်ထွေးက ခုလို ပြောပြပါတယ်။
“မြန်မာမိသားစု အသက် ၆ နှစ် ၇ နှစ်က စပြီးတော့ အသက် ၄၀၊ ၅၀ အခိပေါ့။ မိသားစုတွေကနေပြီးတော့ အကလေးတွေ၊ မိမိတို့ တတ်စွမ်းတဲ့အကလေးတွေနဲ့ ဖျော်ဖြေဖို့ လုပ်နေကြတယ်။ နောက်ပြီးတော့ ဒီမှာရှိတဲ့မိသားစုတွေကလည်း စတုဒီသာအလှူကိုလည်း လုပ်ဖို့တွက် ကျနော်တို့ လူ စာရင်းပေးထားတာ အားလုံးပေါင်း ၄၉ ဦး ရှိတယ်။ လူတွေ အများကြီးကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ပါဝင်ကြတာကို တွေ့ရတော့ တကယ်လည်း ပျော်စရာကောင်းတဲ့ပွဲပေါ့ဗျာ။ ကျနော်တို့ စင်ပေါ်မှာဆိုရင် ခုနကကြားနေရတဲ့ သီချင်းသံလေးတွေ၊ လေး ငါး ခြောက်နှစ်ရှိတဲ့ကလေးတွေ ၇ ယောက် ၈ ယောက်လောက်ကနေပြီးတော့ သင်္ကြန်သီချင်းလေးတွေနဲ့ အကတိုက်နေကြတာကို တွေ့ရပါတယ်။”
အကတိုက်နေတဲ့ ကလေးတစ်ယောက် ပြောပြတာကိုလည်း နားထောင်ကြည့်ပါဦးရှင်။
“သားတို့ ဘုန်းကြီးကျောင်းမှာ အကတိုက်နေပါတယ်။ မနက်ဖြန် သင်္ကြန်မှာကဖို့၊ သူငယ်ချင်း ငါးယောက် အတူတူပေါင်းပြီးတော့ ကိုကြီးကျော်အက တိုက်နေတယ်။”
သင်္ကြန်ပွဲလုပ်ဖို့ စစီစဉ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၂ လကျော်လောက်ကတည်းက စပြီး စနေ တနင်္ဂနွေရုံးပိတ်ရက်တွေမှာ သူတို့ ခုလို အကတိုက်နေကြတာလို့ ကိုရင်ထွေးက ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ အဝေးမှာရောက်နေကြပေမဲ့ ခုလိုသင်္ကြန်ပွဲမျိုး ကျင်းပခြင်းအားဖြင့် ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှုကို ပြသရာရောက်တယ်လို့ လန်ဒန်မြို့မှာ နေတဲ့ မတူးမာက ပြောပါတယ်။
“မနှစ်ကနေစပြီးတော့ ကျမတို့ ကလေး ၄ နှစ်ကနေ ၆ နှစ် ၇ နှစ် ကလေးသေးသေးလေးတွေ နည်းနည်း များလာတယ်။ အဲဒီအတွက်ကြောင့် ကလေးလေးတွေကို ရိုးရာယဉ်ကျေးမှုကို စိတ်ဝင်စားအောင်ဆိုပြီး မနှစ်က ကလေးစာရင်းကို စလုပ်ခဲ့တယ်။ သူတို့ ငါးယောက်ကတယ်။ ဒီနှစ်ဆိုလို့ရှိရင် ၇ ယောက်လား ၈ ယောက်လား မသိဘူး။ ကလေးတွေမှ အများကြီးဖြစ်လာတယ်။ ကလေးတွေက မြန်မာသင်္ကြန်အကကို အကုန်လုံး စိတ်ဝင်စားပြီးတော့ သင်္ကြန်အကကို ကချင်လာတယ်ပေါ့နော်။ အဲဒီလိုမျိုးရှိတယ်။ နောက်တစ်ခုက အစ်မသမီးကို ဆိုရင်လည်း အစ်မက ရွှေမန်း ချမ်းသာတို့ လာတဲ့အချိန်မှာ သူတို့ ဆိုင်းဆရာတွေဆီကနေ ခြောက်လုံးပေါက်ဗုံကို သူတို့က အခြေခံကို သင်ပေးလိုက်တဲ့ အတွက်ကြောင့်မိုလို့ အစ်မသမီးက သင်္ကြန်ဒိုးကို ခြောက်လုံးပေါက် တီးနိုင်တယ်ပေါ့နော်။ အဲဒီတော့ မနှစ်ကလည်း သူ နှစ်ပုဒ် တီးတယ်။ နန်းမရတီးဝိုင်းနဲ့ The Nox နဲ့။ ဒီနှစ်လည်း သူ တစ်ပုဒ် တီးပါတယ်။ အစ်မတို့တွေက အကုန်လုံး အဝေးမှာ ရောက်နေကြပေမဲ့ မိသားစုတွေ အားလုံးက ကိုယ့်ရဲ့သားသမီးတွေ အားလုံးကို အစ်မလိုပါပဲ တခြားမိဘတွေလည်း အတူတူပါပဲ။ ကိုယ့်သားသမီးတွေကို ကိုယ့်မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ရစေချင် သိစေချင်ကြပါတယ်။”
မယ်ရီလန်း ပြည်နယ်က ကိုရင်ထွေးကလည်း အခုလို အဆိုအက သင်္ကြန်ပွဲတွေကို လုပ်ပေးတဲ့အတွက် ကလေးတွေကလည်း မြန်မာ့ယဉ်ကျေးမှုကို ပိုပြီးစိတ်ဝင်စား သိချင်လာကြတယ်လို့ ပြောပါတယ်။ မယ်ရီလန်း ပြည်နယ်မှာ တနင်္ဂနွေနေ့ လုပ်မယ့် သင်္ကြန်ပွဲကို နယူးယောက် မြို့အပါအဝင် အမေရိကန် အရှေ့ဘက်ခြမ်း မြို့တချို့မှာနေကြတဲ့ မြန်မာလူမျိုးတွေ လာရောက် ဆင်နွဲကြဖို့ စီစဉ်ထားတယ်လို့ သူကပြောပါတယ်။