သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တမူထူးတဲ့ မြန်မာသင်္ကြန်


ယခုနှစ် သင်္ကြန် ပွဲတော် ကာလအတွင်း တွေ့ရသော ရဲတပ်ဖွဲ့ဝင်များ။- (ဓါတ်ပုံ- Yangon Police)
ယခုနှစ် သင်္ကြန် ပွဲတော် ကာလအတွင်း တွေ့ရသော ရဲတပ်ဖွဲ့ဝင်များ။- (ဓါတ်ပုံ- Yangon Police)

အစိုးရသစ် လက်ထက် ပထမဆုံးကျင်းပခဲ့တဲ့ ဒီနှစ် သင်္ကြန်ပွဲတော်တွင်း သင်္ကြန်ပွဲ ဆင်နွှဲမှုတွေမှာ ထူးထူးခြားခြား ပြည်သူလူထုဘက်က ရိုးရာအစဉ်အလာ ယဉ်ကျေးမှုကို ပိုထိန်းသိမ်းလာသလို ပိုပြီးတော့လည်း စည်းကမ်းရှိ လာတာ တွေ့ရတယ်လို့ သင်္ကြန်ကို စောင့်ကြည့်ခဲ့သူတွေက ပြောပါတယ်။ ပြည်သူနဲ့ ရဲ လုံခြုံရေးတွေကြား လုံခြုံရေး ပူးပေါင်းကူညီမှုတွေနဲ့အတူ ပွဲတော်တွင်း အမှိုက်သရိုက်တွေကိုလည်း တာဝန်ရှိသူတွေနဲ့ အတူ ကူညီညာ ဝိုင်းဝန်းသိမ်းဆည်း ကြတယ်လို့ ဆိုပါတယ်။ ဒီပြောင်းလဲမှုတွေကို သင်္ကြန်တွင်းက စလို့ နိုင်ငံပြောင်းလဲမှုတွေမှာ ပြည်သူလူထုနဲ့ အစိုးရတို့ ပူးပေါင်းဆောင်ရွက်ဖို့ ကိုလည်း တိုက်တွန်းမှုတွေရှိပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ဟုတ်ပါတယ်။ ဒီနေ့ စနေနေ့ကတော့ မြန်မာ့ရိုးရာ မဟာ အတာရေသဘင် ပွဲတော် နောက်ဆုံးနေ့ သင်္ကြန် အတက်နေ့ ဖြစ်ပါတယ်။ မြန်မာ့နှစ်သစ်ကူး အခါသမယ မြန်မာနိုင်ငံတဝှမ်း ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ နေပြည်တော်စတဲ့ မြို့ကြီးတွေနဲ့ တိုင်းနဲ့ပြည်နယ် အသီးသီး နေရာ အနှံ့မှာ ရေသဘင် ပွဲတော်ကို ခြိမ့်ခြိမ့်သဲ ဆင်ယင် ကျင်းပနေပါတယ်။

ဒီနှစ်သင်္ကြန်တွင်း ထူးခြားချက်တွေနဲ့ ပတ်သက်လို့ မန္တလေးမြို့ က စာရေးဆရာ လည်းဖြစ်၊ ဝါရင့်သတင်းသမားလည်းဖြစ်တဲ့ ဦးကျော်ရင်မြင့်က အခုလိုပြောပါတယ်။

“ကျွန်တော်က မန္တလေး ကျုံးဘေးမှာ နေပါတယ်။ သတိထားမိတာ တစ်ချက် ကတော့ နေ့မှာ သကြန်တွင်း ရှုပ်ပွထားတဲ့ အမှိုက်တွေကို ညတွင်းချင်း မန္တလေး စည်ပင်သာယာက ရှင်းပစ်လိုက်ပါတယ်။ မနက်လင်းရင် အမှိုက်တွေ အကုန်လုံး သန့်သွားတယ်။ အရင်ကဆို ဒီလို မဟုတ်ဘူး။ ဒါက သိသာတဲ့ အပြောင်းအလဲ တစ်ခုပေါ့။ ယဉ်ကျေးမှုနဲ့ ပက်သက်လို့ မဏ္ဍပ်တွေပေါ်မှာ ဆိုနေတဲ့ အဆိုတော်တွေရဲ့ ဝတ်စားဆင်ယင်မှုတွေကို ကျွန်တော် မြင်ရတာ ဆိုရင် တော်တော်လေး သပ်သပ်ရပ်ရပ်နဲ့ လုံလုံခြုံခြုံ လှလှပပလေး ဝတ်လာတာတွေ့ရပါတယ်။ မန္တလေးရဲ့ ထူးခြားချက်တစ်ခုက ရပ်ကွက်တွေ ထဲမှာ ရှေးယခင်ကလိုပဲ မဏ္ဍပ်တွေ ပြောင်းပြီးတော့ လုပ်လာကြတယ်။ ကျုံးဘေးတင် မဟုတ်ပဲ မဏ္ဍပ်တွေ ရှိလာတဲ့အတွက်ကြောင့်မို့ ဒါဟာ ကောင်းတဲ့အစဉ်အလာ တစ်ခုဖြစ်တယ်။ နောက်ပိုင်းမှာ ညပိုင်းမှာ ရေမပက်တော့ဘူးဆိုရင် အရင်လိုပဲ အဆို၊ အက၊ အတီး၊ အမှုတ်တွေနဲ့ ပိုလှပတဲ့၊ ယဉ်ကျေးမှု ဆန်တဲ့ သင်္ကြန် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ”

မန္တလေးမြို့တွင်း ရေသဘင်ပွဲတော်တွင်း မဏ္ဍပ်တွင်း ဖျော်ဖြေမှုတွေ နဲ့ ရေပက်ကစားသူတွေကြား ထူးခြားတဲ့ ပြောင်းလဲမှုတွေနဲ့အတူ ရဲလုံခြုံရေး တွေနဲ့ ပြည်သူတွေကြား ပိုပြီးတော့ ရင်းနှီးနွေးထွေးမှု ရှိလာတာကိုလည်း သတိထားမိတယ်လို့ စာရေးဆရာဦးကျော်ရင်မြင့်က တဆက်တည်း ပြောပြပါတယ်။

”နောက်တစ်ခုက ရဲတွေ။ ရဲတွေကိုလည်း လူတွေက အမြင်ပြောင်းလဲသွားပါတယ်။ ရဲတွေကလည်း လူတွေအပေါ်မှာ ဆက်ဆံပုံ မြင်ပုံ ပြောင်းသွားပုံရပါတယ်။ ရဲတွေက အကူအညီတွေပေးတယ်။ လူတွေကလည်း အဲဒီလို ကူညီတတ် တဲ့ ရဲတွေကို ချစ်ခင်ပြီးတော့ လက်တွဲလာတာတွေ့ရပါတယ်။ အဲဒီတော့ တိုင်းပြည် က ပြောင်းလဲလာတဲ့ အချိန်မှာ ထိပ်ပိုင်းက လူတွေရဲ့ အမြင်တွေ လည်း ပြောင်းလဲသွားတယ်။ လုပ်ရပ်တွေလည်း ပြောင်းလဲသွားတယ်။ အဲဒီလို ပြောင်းလဲသွားတဲ့အတွက် လူတွေကလည်း အပြောင်းအလဲကို ဝမ်းမြောက် ဝမ်းသာရှိပါတယ်။ ဒီပုံစံအတိုင်းသာ ပြောင်းလဲသွားမယ် ဆိုရင် မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုက အချိန်တိုတိုအတွင်းမှာ ခရီးရောက်လိမ့်မယ်လို့ ထင်ပါတယ်။”

ရန်ကုန်မြို့တော်မှာတော့ ဒီကနေ့မှာ ထူးထူးခြားခြား ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်မှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ တကသ ကျောင်းသားတွေ ဦးဆောင်တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့တို့ သွားရောက် ဖျော်ဖြေခဲ့ပါတယ်။ ဖျော်ဖြေရေးမှာ လိုက်ပါခဲ့တဲ့ အမျိုးသမီးအရေး လှုပ်ရှားသူ မခင်လေးကတော့ မြို့တော်ဝန်ရဲ့မဏ္ဍပ်မှာ ဒီမိုကရေစီ အင်အားစုတွေ ဖျော်ဖြေခွင့်ရတဲ့အပေါ် ထူးခြားချက်အဖြစ် မြင်ပါတယ်။

“ဒေါင်းတို့ မျိုးဆက်တင် လာတာမဟုတ်ဘူးလေ။ ၈၈ မျိုးဆက်တွေကော ကျွန်မတို့ အားလုံးသွားကြပြီးတော့၊ သံချပ်နဲ့ ဖျော်ဖြေတယ်ပေါ့လေ။ တော်တော်လေး စိတ်ထဲမှာ ကျေနပ်မိတယ်။ ဝမ်းသာပီတိဖြစ်တဲ့ ဟာလေးတော့ ခံစားရပါတယ်။ ဘာလို့လဲ ဆိုတော့ အထူးသဖြင့် မြို့တော်ခမ်းမပေါ့လေ။ ဒီအရှေ့မှာ အစဉ်တစိုက် ဒီမိုကရေစီရေး တောင်းဆိုတဲ့သူတွေ၊ ဆန္ဒပြတဲ့ သူတွေက ဒီမြို့တော် ခမ်းမ ရှေ့မှာ ပြည်သူလူထုရဲ့ ခံစားချက်တွေကို ဆန္ဒပြကြ တယ်။ ကြွေးကြော်ကြတယ်။ ဒါပေမယ့် အဆက်ဆက်မှာ တောင်းဆိုမှုတွေကို ဥပက္ခာ ပြုခဲ့ကြတယ်။ ဒါပေမယ့် အခုအချိန်ကျတော့ နိုင်ငံရေး အခြေအနေ ပြောင်းသွားတာနဲ့ အညီ အစိုးရသစ် လက်ထက်မှာ စင်ပေါ်မှာ တက်ပြီးတော့ ပြည်သူတွေရဲ့ ခံစားချက်တွေကို သရုပ်ဖော်တဲ့ ဟာလေးတွေ တွေ့ရတဲ့အခါမှာ ရှေ့လျှောက်မှာလည်း ပြည်သူရဲ့ အသံကို နားထောင်တဲ့၊ ပြည်သူရဲ့ ဆန္ဒအမှန်ကို အကောင်အထည်ဖော်ပေးမယ့် အစိုးရဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ”

ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့က ကိုရဲဇာနည်ထွန်းကလည်း မြို့တော်ခန်းမရှေ့မှာ အမြဲတမ်း ဒီမိုကရေစီအင်အားစုတွေဘက်က တောင်းဆိုမှုတွေနဲ့ အကြမ်းဖက်နှိမ်နှင်းမှုတွေ ရှိခဲ့ပေမဲ့လို့ ဒီနှစ်မှာတော့ မြို့တော်ခန်းမ မဏ္ဍပ်မှာ ဖျော်ဖြေခွင့်ရတဲ့အပေါ် အားရကြောင်းပြောပါတယ်။

“ရန်ကုန်တိုင်း ဗဟိုမဏ္ဍပ်ပေါ်မှာ ကျွန်တော်တို့ ကျောင်းသားသမဂ္ဂတွေ၊ ဒေါင်းအလံတွေ။ တက်ပြီး ဖျော်ဖြေခွင့်မရတာ ဆယ်စုနှစ်တွေ သုံးခုတောင် မကတော့ဘူး။ လွှတ်တော်ထဲမှာ ထိုင်နေတဲ့ ၂၅ ရာခိုင်နှုန်းကို အဓိက highlight လုပ်ပြီး ပြောကြတယ်။ ကျွန်တော်တို့ ကျောင်းသားတွေက။ ”

ခရီးသွား ဧည့်လုပ်ငန်းလုပ်ကိုင်သူ ကိုမင်းမင်းထွန်း ကလည်း နိုင်ငံခြားသားခရီးသွားတွေရော ပြည်သူလူထု လွယ်ကူအဆင်ပြေအောင် သန့်စင်ခန်းတွေကို စနစ်တကျထားရှိပေးဖို့လိုအပ်သလို အမှိုက်တွေကိုလည်း စနစ်တကျ ရှင်းလင်းပေးဖို့ အကြံပြုပါတယ်။

“အမှိုက်ကတော့ အခုအချိန်အထိ စည်းကမ်းမရှိ၊ အချို့နေရာတွေမှာ ပွပလဲ နေတာပဲ။ အဲဒါတွေကတော့ တွေနေရတုန်းပဲ။ အမှိုက်ပုံးထားပေးရုံနဲ့လဲ မလုံလောက်သေးဘူး။ အဲဒီအမှိုက်ကို လာသိမ်းဖို့လဲ လိုသေးတယ်။ တချို့နေရာတွေမှာက အမှိုက်ပုံးတော့ရှိတယ် အမှိုက်က ပြည့် ပြီးတော့၊ ဘေးပတ်ချာလည်မှာကို တော်တော် ဆိုးဆိုးဝါးဝါး စုပုံထားကြတာ။ သိမ်းဆည်းမှုအပိုင်းမှာကလည်း တော်တော်လေးလိုတယ်။ အစိုးရအပိုင်းကပေါ့နော်။ အဲဒါလေးမြင်တယ် ခင်ဗျ။ ”

ပြည်သူလူထု လူသောင်းချီပါဝင်ဆင်နွှဲတဲ့ မြို့တော်တွေထဲက အတာ သင်္ကြန်ပွဲတော်တွင်းမှာတော့ အမှိုက်သရိုက်တွေကို တာဝန်ရှိသူတွေဘက်က စနစ်တကျ သိမ်းဆည်းရှင်းလင်းတာ ရှိသလို မင်းသားကျော်သူဦးဆောင်တဲ့ နာရေးကူညီမှု အသင်းရန်ကုန်လို ကိုယ့်အမှိုက်ကိုယ်ရှင်း လှုပ်ရှားမှုတွေနဲ့ အမှိုက်ရှင်း လုပ်ဆောင်တာတွေကို ပြည်သူလူထုဘက်ကလည်း ပူးပေါင်း ပါဝင်တာရှိပါတယ်။

ဒီကနေ့ စနေနေ့မှာ အတက်နေ့ဖြစ်သွားပြီဖြစ်ပြီး မကြာခင်အချိန်အတွင်းမှာပဲ သင်္ကြန်ကာလ ပြီးဆုံးတော့မှာဖြစ်ပါတယ်။ မနက်ဖြန် ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာတော့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မြန်မာ ပြည်သူလူထုကို နှစ်သစ်နုတ်ခွန်းဆက်စကား နံနက် ၇ နာရီ မှာ တကြိမ်၊ မွန်းတည့် ၁၂ နာရီ၊ ညနေ ၃ နာရီနှင့် ည ၈ နာရီ သတင်း အပြီးတွေမှာ MRTV ရုပ်မြင်သံကြားနဲ့ မြန်မာ့အသံ ရေဒီယို အစီအစဉ်တွေကနေ သမ္မတရဲ့ မိန့်ခွန်းကို ထုတ်လွှင့်ပေးသွားမှာ ဖြစ်တယ်လို့ သမ္မတရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG