သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသင်္ကြန်နောက်ဆုံးရက် စည်ကား


မြန်မာရိုးရာ အတာသင်္ကြန်ရေသဘင်ပွဲတော်။ (၂၀၁၅၊ ဧပြီ)
မြန်မာရိုးရာ အတာသင်္ကြန်ရေသဘင်ပွဲတော်။ (၂၀၁၅၊ ဧပြီ)

ဒီကနေ့ သင်္ကြန်နောက်ဆုံးရက် အတတ်နေ့မှာတော့ ရန်ကုန် သင်္ကြန်မဏ္ဍပ်တွမှာ လူပိုစည်ကားသလို၊ ခိုက်ရန်ဖြစ်ပွားမှုတွေလည်း ပိုရှိခဲ့ပါတယ်။ သင်္ကြန်နောက်ဆုံး ရက် အခြေအနေ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦး အကြောင်းစုံ ပြောပြပါမယ်။

အခု သင်္ကြန်နောက်ဆုံးရက်မှာတော့ လူစည်ကားတဲ့ ကမ္ဘာအေဘုရားလမ်း ဆီဒိုနား ဟိုတယ် အနီးမှာ နေ့လည်ပိုင်းက ဂတ်စ်အိုးကွဲမှုဖြစ်တာကြောင့်၊ သတင်းတွေ တဆင့်နဲ့ တဆင့် ချဲ့ကားပြီး သင်္ကြန်ရေကစားသူတွေအကြား ထိတ်လန့်မှု အချို့ ရှိခဲ့ပါတယ်။ အသားကင် ရောင်းချတဲ့ယာဉ်ပေါ်မှာ ဂတ်စ်အိုးပေါက် ကွဲ တာဖြစ်ပြီး လူ ၉ ဦးမှာ အပူလောင်ဒဏ်ရာတွေ ရရှိပေမဲ့၊ စိုးရိမ်ရတဲ့ အခြေအနေမရှိဘူးလို့ သိရပါတယ်။ ရန်ကုန် အနောက်ခြမ်းခရိုင် ရဲတပ်ဖွဲ့ ဒုရဲမှုးကြီး ဦးဝင်းကြည်ကတော့ လုံခြုံရေး အခြေအနေ ကောင်းကောင်းမွန်မွန်ရှိပါတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

"အားလုံးကောင်းတယ်။ လုံခြုံရေးအပြည့်အဝ ချထားတာ၊ တည်တည်ငြိမ်ငြိမ်ပဲ ဘာမှမဖြစ်ဘူးနော်။ သူတို့က ကိုရီးယားအကင်ဆိုင်ဗျာ။ ကားပေါ်မှာ ဂတ်စ်အိုး တင်ပြီး ဂတ်စ်မီးဖိုနဲ့ ရောင်းတာပေါ့နော်။ ရောင်းတော့ ဂတ်စ်အိုးပေါက်သွားတယ်။"

ကိုသားညွန့်ဦး။ ။ လူအထိအခိုက် ရှိပါလားခင်ဗျ။

" ရန်ကုန်ဆေးရုံကြီးမှာ ခဏ ပို့ထားတယ်။"

ကိုသားညွန့်ဦး။ ။ တခြား သင်္ကြန်မဏ္ဍပ်တွေရဲ့ လုံခြုံရေးအခြေအနေရော ဘယ်လိုရှိပါလဲခင်ဗျ။

"ဘာမှ မဖြစ်ဘူး။ ဘာမှ မဖြစ်ဘူး။ ဂတ်စ်အိုးပေါက်တာပဲလေ။ ကားထဲမှာ အကင်ကို ကြော်ရောင်းတဲ့ အခါကျတော့ ဂတ်စ်အိုးက ကားပေါ် တင်ထားတာလေ။ အဲ့တော့ ကားပေါ်မှာ ဂတ်စ်အိုးက အပူလွန်ပြီးတော့ ပေါက်သွားတဲ့အချိန်မှာ ဆီပူစင်ပြီးတော့ ဒဏ်ရာရတာပေါ့။

ကျနော်တို့က မဏ္ဍပ်တိုင်း နေရာတိုင်းမှာ လုံခြုံရေး တိုးမြှင့်ပြီး နေရာချ ထားဆောင်ရွက်လျက် ရှိပါတယ်နော်။"

အခုလို ကမ္ဘာအေးဘုရားလမ်းဖက်မှာ ဂတ်စ်အိုးပေါက်တာကို ဗုံးကွဲတယ်ဆိုတဲ့ သတင်းပြန့်ပြီး ရန်ကုန်အခြားနေရာတွေက သင်္ကြန်ရေကစားသူတွေ ထိတ်လန့်ခဲ့ကြတာဖြစ်ပါတယ်။

ရန်ကုန်အင်းလျားလမ်းဖက်ရောက်နေတဲ့ သတင်းထောက်တဦးကတော့ အခုနောက်ဆုံးရက်မှာ ခိုက်ရန်ဖြစ်ပွားမှုတွေ ပိုများလာတယ် သူ တွေ့ရတယ် လို့ ပြောပါတယ်။

" လူအရမ်းများတယ်။ လူအရမ်းများပြီးတော့ ပက်နေတဲ့သူတွေမှာတော့ တအားကြီး ဆိုးဆိုးရွားရွား မတွေ့ရဘူး။ ဒါပေမဲ့ လမ်းပေါ်မှာတော့ အရက်မူးသမားတွေ များတယ်။ လမ်းတွေပေါ် မှာ ရန်ဖြစ်တာတွေ ခဏ ခဏ ကျနော်တွေ့ခဲ့ရတယ်ဗျ။ အရင်နှစ်ကထက် မူးရူးတဲ့သူတွေ အရမ်းများတယ်။ ဒီနေ့ ရန်ဖြစ်တာတွေ ခဏ ခဏ တွေ့ရတယ်။ ပြီးတော့ လုံခြုံရေးတွေ သိပ်မရှိဘူး။ နေ့လည်ကလည်း ဆီဒိုးနားရှေ့နားလေးက ကိုရီးယားအကင်ဆိုင်မှာ ဂတ်စ်အိုး ပေါက်ကွဲမှု ဖြစ်လို့ ဗုံးလန့်တယ်ဆိုပြီး နည်းနည်း ရုတ်ရုတ် ရုတ် ရုတ် ဖြစ်သွားတယ်။ အဲ့လောက်ဖြစ် သွားတာတောင်မှ လုံခြုံရေးတွေ သိပ်ချမထားတာ ကျနော် တွေ့ရတယ်ဗျ။"

ရန်ကုန်သင်္ကြန်နောက်ဆုံးရက်မှာ ခိုက်ရန်ဖြစ်ပွားမှုတွေ ပိုများပေမယ့်၊ ရဲ လုံခြုံရေးချ ထားမှုကို သိပ်မတွေ့ရဘူးလို့ သင်္ကြန်လည်သူတွေက ပြောဆိုပါတယ်။

ကမ္ဘာအေးမဏ္ဍပ်တခုကို စီစဉ်သူတဦးကတော့ သူတို့မဏ္ဍပ်တွေကို လုံခြုံရေး စစ်ဆေးမှုတွေ၊ အထူးသဖြင့် ဒီနေ့မှာ မိုင်းရှာဖွေမှုတွေ လာရောက်လုပ်တာမျိုး ရှိတယ်လို့ ပြောပါတယ်။

" နောက်ဆုံးနေ့ဆိုတော့ လူတွေက အများကြီးလာကြတယ်ဗျ။ ဒီနောက်ဆုံးနေ့မှာ လည်း အရင်နှစ်တွေထက်ပိုပြီးတော့ အရမ်းစည်ကားတယ်ဗျ။ ကျနော်တို့ မဏ္ဍပ်တွင်းမှာ ပြသနာဖြစ်တာ၊ ထိခိုက်ဒဏ်ရာရရှိတာ အခုအချိန်အထိတော့ မရှိသေးဘူးဗျ။ မဏ္ဍပ်ပြိုကျတာတွေ၊ မဏ္ဍပ်တိုင်တွေ နဲ့ သွားတာမျိုးတွေတော့ ကြားရတယ်ဗျ။ အဲ့မှာ တယောက်နဲ့ တယောက် နားလည်မှုတွေ လွဲပြီးတော့ ထိုးကြိတ်တာမျိုးတွေ၊ ရိုက်နှက်တာမျိုးတွေတော့ တွေ့ရတယ်ဗျ။ အဲ့တာမျိုးတွေ ကျနော်တို့ က အတတ်နိုင်ဆုံး လိုက်ဖြေရှင်းပေးတယ်။

သင်္ကြန်နောက်ဆုံးနေ့ ထူးထူးခြားခြားဆိုရင်တော့ လူတွေက ခါတိုင်း သင်္ကြန်ရက်တွေထက် ပိုများတယ်။ ခါတိုင်း သင်္ကြန်ရက်တွေထက် ပိုပျော်တယ်ဗျ။ အဲ့တာမျိုးတွေတော့ အဓိက တွေ့ရတယ်။"

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့ လုံခြုံရေးပိုင်းနဲ့ ပတ်သက်လို့ရော ဘယ်လိုရှိလဲ။ လုံခြုံရေး ချထားမှုတွေ၊ တခြား စစ်ဆေးမှုတွေရော ဘယ်လိုရှိပါလဲ။

"ကျနော်တို့ မဏ္ဍပ်မှာ လုံခြုံရေးပိုင်းဆို လာစစ်တာက ရဲပိုင်းက လာစစ်တယ်။ ရဲပိုင်းက လာစစ်တာ ခိုက်ရန်ဖြစ်ပွားမှုကို လာစစ်တာရှိသလို၊ မူးယစ် ကလည်း ပြည်ထဲရေး က မူးယစ်နဲ့ပတ်သက်လို့ လာစစ်တာရှိတယ်။ ပြီးတော့ မိုင်းနင်းအဖွဲ့တွေကလည်း မိုင်းနဲ့ပတ်သက်လို့ လာစစ်တာမျိုးတွေရှိတယ်။ "

ကိုသားညွန့်ဦး။ ။ မိုင်းရှာတာ နေ့တိုင်းရှာတာလား။

"ကျနော်တို့မဏ္ဍပ်ကိုတော့ နေ့တိုင်း မိုင်းမရှာဘူးခင်ဗျ။ ဒီနေ့မှ မိုင်းရှာတဲ့အဖွဲ့တွေ ရောက်လာတာခင်ဗျ။ မူးယစ်နဲ့ပတ်သက်တဲ့အဖွဲ့တွေကတော့ အကြိုနေ့ကတည်းကကို လာတာမျိုးတွေ ရှိပါတယ်ခင်ဗျ။ "

ရန်ကုန်မှာတော့ ဒီနေ့ သင်္ကြန်နောက်ဆုံးရက်မှာ မဏ္ဍပ်တွေမှာ အရင်ရက် ကထက် နောက်ကျပြီး မဏ္ဍပ် ပိတ်ကျမယ် လို့ စီစဉ်သူတွေ အပြောအရ သိရပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ ညနေ ၆ နာရီဆိုရင် ရေကစားမဏ္ဍိုတ်တွေ နားရတာပါ။ သင်္ကြန်ကာလအတွင်း တနိုင်ငံလုံးမှာဖြစ်တဲ့ ထိခိုက်မှုတွေ ယာဉ်တိုက်မှုတွေနဲ့ ရာဇဝတ်မှုတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း နေ့စဉ်သတင်း ထုတ်ပြန်ပေးနေရာမှာ မနေ့ သင်္ကြန်အကြတ်နေ့မှာတော့ ဒီလိုမှုခင်းတွေကြောင့် လူ ၃ဦးသေဆုံးပြီး ၁၈၉ ဦးထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။ သင်္ကြန်အကျနေ့ကတော့ သုံးဦးသေဆုံးပြီး ၆၂ဦး ဒဏ်ရာရခဲ့ပြီး၊ အကြိုနေ့မှာတော့ ၁၆ ဦး ဒဏ်ရာရရှိတယ်လို့ မြန်မာရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG