သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးရွှေမန်း ဖြူးမှာ မဲဆွယ်စည်းရုံး


သူရဦးရွှေမန်း ဖြူးမြို့မှာ မဲဆွယ် စည်းရုံးစဉ်။
သူရဦးရွှေမန်း ဖြူးမြို့မှာ မဲဆွယ် စည်းရုံးစဉ်။

၂၀၁၅ ရွေးကောက်ပွဲအတွက် တရားဝင်မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာလ (၈)နေ့က စတင်ခဲ့ပြီးနောက် အာဏာရပါတီနဲ့ အတိုက်အခံ ပါတီကြီးတွေရဲ့ ထိတ်ပိုင်းခေါင်းဆောင်တွေဟာ သက်ဆိုင်ရာ နယ်မြေတွေမှာ အပြိုင်အဆိုင် စည်းရုံးနေကြပါပြီ။ သြဂုတ်လက ကြံ့ခိုင်ဖံ့ွဖြိုးရေး ပါတီဥက္ကဋ္ဌရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့ သူရဦးရွှေမန်းဟာ သူရင်ဆိုင်ခဲ့ရတဲ့ဖြစ်ရပ်ကြောင့် ဒေသခံတွေရဲ့စာနာထောက်ခံမှုတွေ ပိုပြီးရခဲ့တယ်လို့ မနေ့ကစတင်တဲ့ ဖြူးမြို့နယ်စည်းရုံးရေးခရီးစဉ်မှာ ပြောသွားပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြမှာပါ။

အာဏာရ ကြံ့ခိုင်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားခံလိုက်ရပေမဲ့ ဗဟိုကော်မတီဝင်အဖြစ် ရှိနေတဲ့ သူရဦးရွှေမန်းဟာ သူရဲ့ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မြေဖြစ်တဲ့ဖြူးမြို့နယ်မှာ (၄) ရက်ကြာ စည်းရုံးရေးခရီးစဉ်ကို မနေ့က စတင်လိုက်တာပါ။ ဒါနဲ့ပတ်သက်လို့ သူရဦးရွှေမန်းက ဒေသခံတွေကို အခုလိုပြောသွားပါတယ်။

“ဒီ သြဂုတ်လအတွင်းမှာ ဖြစ်ခဲ့တဲ့အခြေအနေတွေကို မှုတည်ပြီးတော့ ကျနော့်ကို စေတနာမေတ္တာတွေ ရှိပြီးတော့ ဒီကာလလေးမှာတော့ ဒေသခံတွေကို မျက်နှာပြပေးပါ။ ကျနော့်ကို တွေ့ချင်တယ် မြင်ချင်တယ်။ ကျနော့်ရဲ့အခြေအနေကို သိချင်တယ်ဆိုရင်၊ ပြောရမယ်ဆိုရင် ကျန်းမာရေးအခြေအနေတွေရော အခြားအခြေအနေတွေရော ဖြစ်မှာစိုးရိမ်တဲ့ ဒီမြို့နယ်မှာရှိကြတဲ့ လူကြီးမိဘတွေက ကျနော့်ကိုပြောပါတယ်။ ဥက္ကဋ္ဌကြီး ၊ နာယကကြီး ဒေသလေးသွားပြီးတော့ မျက်နှာလေးတော့ ပြပေးပါ။ ဆိုတဲ့အခါမှာ ကျနော့်အနေနဲ့ လူကြီးတွေရဲ့ စေတနာကို နားလည်ပါတယ်။ နောက်ပြီးတော့ ဒေသရဲ့လိုအပ်ချက်ပါ။ ဟုတ်ကဲ့ပါ၊ ကျနော်သွားပါမယ်။ ကျနော်ပြောမယ်ဆိုရင်တော့ အထူးမဲဆွယ်စရာ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော့်ရဲ့ စေတနာ ကျနော့်ရဲ့ မေတ္တာ၊ ဒီမြို့နယ်မှာထားတဲ့ ကျနော့်ရဲ့ သစ္စာတရား၊ သံယောဇဉ် တွေ လူတိုင်းမဟုတ်ရင်တောင် တော်တော်များများက သိနေတဲ့အတွက် ကျနော်မဲဆွယ်စရာမလိုပါဘူး။”

ဒါ့အပြင် သူ့အနေနဲ့ ဒေသဖွံ့ဖြိုးရေးကနေ နိုင်ငံဖံ့ွဖြိုးရေးအထိ ကြိုးစားဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

“ကျန်းမာရေးကိစ္စ၊ လမ်းပန်း ဆက်သွယ်ရေးကိစ္စ၊ နောက်ပြီးတဲ့ အခါမှာ စိုက်ပျိုးရေးမွေးမြူရေးကိစ္စတွေ ကြုံတွေ့နေရတဲ့အခက်အခဲကိစ္စတွေ ပြီးလို့ရှိရင် ကျနော်တို့ ဒီကနေ့ ကျနော်တို့ အများဆုံးလိုအပ်နေတဲ့ လျှက်စစ် ရရှိရေးအတွေက် အစွမ်းကုန်ကြိုးစားဆောင်ရွက်ပါမယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ ကျနော်ခုနတင်ပြသလို ရသူကရ ၊ မရသူကမရ အဲလိုမဖြစ်အောင် မျှမျှတတ ဖြစ်ပေါ်ရေးအတွက် ကြိုးစားဆောင်ရွက် သွားမှာပါ။”

၂၀၁၅ ရွေးကောက်ပွဲအပြီး သမ္မတလောင်းအဖြစ် အဆိုတင်သွင်းခံရမယ့် အမည်စာရင်းထဲမှာ သူရဦးရွှေမန်းပါနိုင်မယ်လို့ အများက သုံးသပ် ထားကြတာပါ။ ဒါပေမဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွင်း ခေါင်းဆောင်အပြောင်းအလဲဟာ သူရဦးရွှေမန်းအနေနဲ့ သမ္မတဖြစ်နိုင်မယ့် အလားအလာကို လျော့နည်း စေတယ်လို့လည်း မြန်မာ့အရေးလေ့လာနေသူတွေက မြင်ကြပါတယ်။

လက်ရှိပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ်တဲ့ သူရဦးရွှေမန်းကို မဟာမိတ်အဖြစ် အတိုက်အခံ ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကြေညာထားပေမဲ့ သမ္မတလောင်းအမည်စာရင်း တင်သွင်းတဲ့အခါမှာ NLD ပါတီထဲကပဲဖြစ်မယ်လို့ AFP သတင်းဋ္ဌာနနဲ့ မကြာသေးခင်က တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

သူရဦးရွှေမန်းဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက နေပြည်တော် ဇေယျာသီရီမဲဆန္ဒနယ်မြေကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ ၂၀၁၅ ရွေးကောက်ပွဲအတွက် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒုတိယဗိုလ်ချုပ်ကြီး ဟောင်း ဝေလွင်အပါအဝင် အခြား တပ်မတော်သား အရာရှိဟောင်းတွေရဲ့ မဲဆွယ်စည်းရုံးတွေလည်း စတင်နေပါပြီ။

ဒီအတောအတွင်းမှာပဲ တသီးပုဂ္ဂလ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းဟာ သူဝင်ပြိုင်မယ့် ကယားပြည်နယ် ဘော်လခဲမြို့နယ်မှာ ရေတွင်းတူးပေးတာ၊ ဘောလုံးကွင်းဆောက်ပေးတာ၊ တီဗွီ ဆလောင်းတွေ ချပေးတာ စတဲ့ဆောင်ရွက်မှုတွေအတွက် မဲဆွယ်စည်းရုံးတာဖြစ်တယ်ဆိုပြီး နိုင်ငံတကာသတင်းဋ္ဌာနတွေက ဝေဖန်ရေးသားခဲ့ကြပါတယ်။

XS
SM
MD
LG