သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအဖြေရှာဖို့ SSA (မြောက်ပိုင်း) လိုလား


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကိုရောက်ရှိနေတဲ့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့အဖွဲ့ဟာ ဒီကနေ့ အပစ်ရပ် လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းအဖွဲ့နဲ့ တွေ့ဆုံပါတယ်။ ဒီတွေ့ဆုံပွဲမှာ လွှတ်တော်ပြင်ပမှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီး မြန်မာပြည်ရဲ့ နိုင်ငံရေးပြသနာတွေ ဖြေရှင်းရေးကို အလေးထားတင်ပြခဲ့တယ်လို့ SSPP/SSA မြောက်ပိုင်းအဖွဲ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယက ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA ကိုယ်စားလှယ်အဖွဲ့နဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ် ဌာနချုပ်က ရွှေလီရိပ်သာမှာ ဒီကနေ့မနက် ၈ နာရီကနေ တနာရီခွဲလောက်ကြာအောင် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ သူရဦးရွှေမန်းနဲ့အဖွဲ့ဘက်က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ ကာကွယ်ရေး ဝန်ကြီး ဌာနက ဒုဗိုလ်ချုပ်ကြီးအောင်သိန်းထွဋ်၊ အရှေ့မြောက်တိုင်းစစ်တိုင်းမှူးနဲ့ လွှတ်တော်ရေးရာကော်မတီဝင်ဥက္ကဋ္ဌတွေ ပါဝင် တက်ရောက်ခဲ့သလို SSPP/SSA မြောက်ပိုင်းဘက်ကတော့ အဖွဲ့ရဲ့ နာယက ဗိုလ်ချုပ်ဆေထင်ဦးဆောင်တဲ့ ကိုယ်စားလှယ် ၅ ယောက် တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ရှမ်းတပ်ဖွဲ့ဘက်က အလေးထားဆွေးနွေးတဲ့ အကြောင်းအရာတွေကို SSPP/SSA မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။

“ကျနော်တို့တင်ပြတာက အလုံးစုံအပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးဖို့ အောက်တိုဘာလထဲမှာ ကျင်းပမယ်လို့တော့ ကြားတယ်လေ။ အဲဒါကို ကျနော်တို့က ကြိုဆိုပါတယ်။ ဒါပေမဲ့ ကျနော်တို့ ခံယူတာက ကျနော်တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲထက် ကျနော်တို့အားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေး ဆွေးနွေးအဖြေရှာရေးကို လုပ်ရင် ပိုပြီးကောင်းမယ်လို့ ကျနော်တို့ တင်ပြတာပေါ့နော်။ ဆိုလိုတာက-အဲဒီ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ်၊ နိုင်ငံရေးပါတီတွေရယ်၊ လက်နက်ကိုင်တိုင်းရင်းသားတွေရယ်၊ ပြည်သူ့ကိုယ်စားလှယ်တွေရယ်- နိုင်ငံရေးပြဿနာကို အမြန်ဆုံး ဆွေးနွေးပြီး အဖြေရှာရင်တော့ အပစ်အခတ်ရပ်စဲရေးက သူ့ဟာသူ အလိုလို ဖြစ်သွားမှာ ပါနော်။ အဲဒါကို ကျနော်တို့ တင်ပြတာလေ။”

ဒီဆွေးနွေးပွဲမှာ သူရဦးရွှေမန်းနဲ့အဖွဲ့ဘက်က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ကာကွယ်ရေး ဝန်ကြီးဌာနက ဒု-ဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်၊ အရှေ့မြောက်တိုင်း စစ်ဌာန ချုပ်၊ စစ်တိုင်းမှူးနဲ့ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌတွေ ပါဝင်တက်ရောက်ခဲ့ သလို SSPP/SSA မြောက်ပိုင်းဘက်ကတော့ အဖွဲ့ရဲ့နာယ ဗိုလ်ချုပ်ဆေထင်ဦးဆောင်တဲ့ ကိုယ်စားလှယ် ၅ ယောက် တက်ရောက်ခဲ့တာဖြစ်ပါတယ်။

အစိုးရဘက်က ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ရာမှာ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့်ဆိုပြီး အဆင့် ၂ ဆင့် သတ်မှတ်ထားပါတယ်။ ပြည်ထောင်စုအဆင့်မှာ အပစ်အခတ်ရပ်စဲပြီးရင် ပါတီထူထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံဖို့နဲ့ ပြင်ဆင်မယ်ဆိုရင် လွှတ်တော်တွင်းမှာ အများဆန္ဒနဲ့အညီပြင်ဆင်ဖို့ဆိုပြီး လုပ်ငန်းစဉ် ချမှတ်ထားပါတယ်။

ဒီလုပ်ငန်းစဉ်အရဆိုရင် ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာ နိုင်ငံရေးကိစ္စတွေ ဆွေးနွေးနိုင်မှာဖြစ်တာကြောင့် လွှတ်တော်ပြင်ပမှာ ဆွေးနွေးရေးကို တောင်းဆိုတာဖြစ်တယ်လို့ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။
“အဲဒီ လွှတ်တော်ထဲ ဝင်ဖို့ဆိုတာက ၂၀၁၅ နောက်ပိုင်းမှ ဖြစ်နိုင်မယ်လေ။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲက ၂၀၁၅ မှ ကျင်းပမှာနော။ အဲဒါလုပ်ရင်တော့ လိုလားနေတဲ့ နိုင်ငံရေးဆွေးနွေးတဲ့ကိစ္စကို ၂၀၁၅ နောက်ပိုင်းမှ ဖြစ်မယ်လေ။ ခုန ကျနော်ပြောတဲ့အတိုင်းပေါ့။ လွှတ်တော်ပြင်ပ ကနေပြီး ဆွေးနွေးပြီးတော့ ရရှိတဲ့သဘောတူညီချက်ကို ကျနော်တို့ လွှတ်တော်ထဲမှာ အတည်ပြုပြဌာန်းပေးဖို့ပဲဖြစ်စေချင်တာပေါ့။”
ရှမ်းတပ်ဖွဲ့ဘက်က တင်ပြတဲ့ ဆွေးနွေးချက်ကိုတော့ သူရ ဦးရွှေမန်းက အခုလို တုံ့ပြန်ခဲ့တယ်လို့ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

“ဦးရွှေမန်းကလည်း ကျနော်တို့တင်ပြချက်ကို သူက အလေး ထားသွားမယ်လို့တော့ ပြောသွားတာပေါ့နော။ ဒါကလည်း ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။ ဒါက ငြိမ်းချမ်းရေးဆိုတာ လူတိုင်းကလည်း လိုချင်နေကြတာကိုး။ တနိုင်ငံလုံးလည်း လိုချင်နေကြတယ်။ အစိုးရလည်း လိုချင်တယ်၊ လွှတ်တော်ကလည်း လိုချင်တယ်၊ တပ်ကလည်းလိုချင်တယ်၊ ဘယ်သူဖြစ်ဖြစ် အဲဒီ ငြိမ်းချမ်းရေးကိုပဲ လိုလားနေတော့ ရအောင်တော့ ညှိနှိုင်းဆောင်ရွက် သွားရမှာပေါ့နော။ ဦးရွှေမန်းလည်း သူက ပြောသွားပါတယ်။”

ဆွေးနွေးပွဲမှာ နှစ်ဘက်တပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပြီး အဲဒီလိုဖြစ်တာကတော့ အပစ်ရပ်ဖို့ လက်မှတ် ထိုးစဉ်မှာ နယ်မြေသတ်မှတ်တာကို တိတိကျကျ မဆောင်ရွက်နိုင်တာကြောင့်ဖြစ်ကြောင်းနဲ့ နယ်မြေသတ်မှတ်ပြီးရင် ပြေလည်သွားမှာဖြစ်ကြောင်း ဦးသိန်းဇော်က ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းက တင်ပြထားတဲ့ လွှတ်တော်ပြင်ပမှာ တပြည်လုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းနဲ့ ကရင့်အမျိုးသားအစည်းအရုံး KNU က ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ သြဂုတ်လကုန်က တွေ့ဆုံစဉ်မှာ တင်ပြထားတာဖြစ်ပါတယ်။

အစိုးရဘက်ကတော့ လာမယ့်အောက်တိုဘာလအတွင်းမှာ တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးပြီး ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ ရည်ရွယ်ထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
XS
SM
MD
LG