ကမ္ဘာတ၀န်းမှာ ရှိကြတဲ့ တိဘက် အသိုင်းအ၀ိုင်းက ပြည်ပရောက် တိဘက် အစိုးရရဲ့ ၀န်ကြီးချုပ်အသစ်အဖြစ် ဟားဗာ့ဒ် တက္ကသိုလ်ဆင်း ဥပဒေပညာရှင် တဦးကို တင်မြှောက်ခဲ့ကြပါတယ်။ သူ့ရဲ့ ပထမဦးစားပေး လုပ်ငန်းတွေထဲမှာ ပြည်ပရောက် တိဘက်အစိုးရရဲ့ ပုံစံကို ပြောင်းလဲဖို့လည်း ပါဝင်ပါတယ်။ ဘုန်းတော်ကြီး ဒလိုင်း လားမား (Dalai Lama) လက်ထက် အစိုးရအဖွဲ့ရဲ့ တရားဝင် တည်ရှိမှု အားနည်းခဲ့တာကို အားကောင်းလာအောင် လုပ်ဖို့နဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်တဲ့ အဖွဲ့အစည်းတွေ ဖြစ်ပေါ်လာအောင် လုပ်ဖို့ တိဘက်ခေါင်းဆောင်သစ်က ဆောင်ရွက်သွားပါလိမ့်မယ်။ ဒီအကြောင်း ဗွီအိုအေရဲ့ တောင်အာရှ သတင်းထောက် ကာ့တ် အချင်း (Kurt Achin) သတင်းပေးပို့ထားတာကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။
အသက် ၄၂ နှစ်အရွယ် လိုဘ်ဆန် ဆန်းဂေး (Lobsang Sangay) ဟာ တိဘက်တို့ရဲ့ ခေါင်းဆောင်အသစ် ဖြစ်လာလိမ့်မယ်လို့ ပြည်ပရောက် တိဘက်အစိုးရအဖွဲ့ အရာရှိတွေက မနေ့ကပဲ ကြေညာပါတယ်။ ပြည်ပရောက် တိဘက် ၅၀,၀၀၀ ကျော်က ပြီးခဲ့တဲ့ မတ်လက ရွေးကောက်ပွဲမှာ မဲပေး ရွေးချယ်ခဲ့တဲ့အခါ အမေရိကန်ပြည်ထောင်စု ဟားဗာ့ဒ် တက္ကသိုလ်က ဥပဒေဘွဲ့ရ လိုဘ်ဆန် ဆန်းဂေးက ၅၅% နဲ့ အနိုင်ရခဲ့ပါတယ်။ လောလောဆယ် သူက အမေရိကန်ပြည်ထောင်စုမှာ ရှိနေပါတယ်။ ဒါပေမဲ့ မကြာခင် လပိုင်းအတွင်းမှာပဲ ပြည်ပရောက် တိဘက်အစိုးရအဖွဲ့ အခြေစိုက်ရာ အိန္ဒိယနိုင်ငံ မြောက်ပိုင်းက ဒရမ်ဆာလာမြို့ (Dharmsala) ကို ပြောင်းရွှေ့မယ့်သဘော ရှိပါတယ်။
အိန္ဒိယနိုင်ငံဟာ ပြည်ပရောက် တိဘက် အစိုးရအဖွဲ့ကို ၁၉၅၉ ခုနှစ်ကတည်းက လက်ခံထားတာပါ။ အဲဒီအချိန်က တရုတ်စစ်တပ်ရဲ့ တိဘက်ဒေသကို ကျူးကျော်မှုကြောင့် တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်း လားမားနဲ့အတူ ထောင်နဲ့ချီတဲ့ တိဘက်လူမျိုးတွေ ဟိမ၀န္တာနယ်စပ်ကို ဖြတ်ပြီး အိန္ဒိယနိုင်ငံထဲကို ရောက်လာခဲ့တာပါ။
ဆယ်စုနှစ် တော်တော်များများကြာအောင် ဘုန်းတော်ကြီး ဒလိုင်း လားမားက တိဘက်တို့ရဲ့ ခေါင်းဆောင်အဖြစ် ရှိလာခဲ့ပြီး တိဘက်လူမျိုးတွေကလည်း ဘုန်းတော်ကြီးကိုပဲ ဘာသာရေးခေါင်းဆောင် အဖြစ်နဲ့ရော၊ နိုင်ငံရေးခေါင်းဆောင် အဖြစ်နဲ့ရော၊ အောင်မြင်ထင်ရှားတဲ့ တိဘက် လွတ်မြောက်ရေး လှုပ်ရှားသူတဦး အဖြစ်နဲ့ရော သတ်မှတ်ထားခဲ့ကြလို့ သူ့နေရာကို အစားထိုးမယ့်သူ မရှိနိုင်ဘူးလို့ မြင်ရပေမဲ့ ပြီးခဲ့တဲ့ မတ်လတုန်းက နိုင်ငံရေးကနေ သူ အနားယူတော့မယ်လို့ ဘုန်းတော်ကြီးက ကြေညာခဲ့ပါတယ်။
တန်းဇင် စွန်းဇူး (Tenzin Tsundue) ဟာ တိဘက် လွတ်မြောက်ရေး လှုပ်ရှားသူလည်းဖြစ်၊ စာရေးဆရာ တဦးလည်း ဖြစ်ပါတယ်။ နိုင်ငံရေးက အနားယူဖို့ ဘုန်းတော်ကြီး ဒလိုင်း လားမားက ဆုံးဖြတ်လိုက်တာဟာ လိုဘ်ဆန် ဆန်းဂေးကို ရွေးချယ်တင်မြှောက်ခဲ့တဲ့ ရွေးကောက်ပွဲက သိပ်ပြီး အရေးကြီးတဲ့ အခြေအနေကို ဖြစ်စေခဲ့တယ်လို့ တန်းဇင် စွန်းဇူးက ပြောပါတယ်။
“သူက ၀န်ကြီးချုပ် အသစ်တဦး သက်သက် မဟုတ်ပါဘူး။ ဒါဟာ တိဘက်နိုင်ငံရေး တခေတ်ဆန်းလာတဲ့ ကိစ္စပါ။ ဘုန်းတော်ကြီးရဲ့ ကြီးကျယ်မြင့်မြတ်မှုနဲ့ လူအများ ထောက်ခံကြည်ညိုမှုဆိုတဲ့ ကြီးမားကျယ်ပြန့်တဲ့ အခြေအနေကနေ ရွေးကောက်ပွဲနဲ့ တင်မြှောက်ခံရတဲ့ တိဘက်ခေါင်းဆောင်မှု ပုံစံသစ်ကို ခွဲထွက်လာတဲ့ ခြေလှမ်းသစ်ပါပဲ။” လို့ ပြောသွားခဲ့တာပါ။
တိဘက်ခေါင်းဆောင်သစ် လိုဘ်ဆန် ဆန်းဂေးဟာ အသက် ၄၂ နှစ် ရှိပါပြီ။ ဘုန်းတော်ကြီး ဒလိုင်း လားမားထက် ၃၄ နှစ် ငယ်ပါတယ်။ ဘုန်းတော်ကြီးထက်လည်း ပိုပြီး လောကီဆန်ပါတယ်။ သူဟာ အိန္ဒိယက ဒုက္ခသည်စခန်းမှာ မွေးဖွားခဲ့ပြီး တိဘက်လို့ ရေးသားထားတဲ့ တရုတ်ပြည် မြေပုံထဲက နယ်မြေဆီကို တခါမှ ခြေမချဘူးတဲ့သူပါ။
လိုဘ်ဆန် ဆန်းဂေးဟာ အရွယ်ကလည်းငယ်၊ အနောက်တိုင်း ပညာတတ်လည်း ဖြစ်တော့ တိဘက် အုပ်ချုပ်ရေးပိုင်းမှာ အသွင်ကူးပြောင်းရေးတခု ပေါ်ပေါက်ဖို့ တိဘက် မဲဆန္ဒရှင်တွေက သူ့ကို အခွင့်အလမ်းတရပ်အဖြစ် ရွေးချယ်ခဲ့ကြတာပဲလို့ တန်းဇင် စွန်းဇူးက ပြောပါတယ်။
“သည်းခံ ထိန်းချုပ်မှုလည်းကြီး၊ ဗုဒ္ဓဘာသာဝင်လည်းဖြစ်၊ ကိုယ်ကျိုးစီးပွားကို အခြေမခံတဲ့ အစိုးရမျိုးကနေ ပိုပြီး တက်တက်ကြွကြွနဲ့ ထိထိမိမိ ဆောင်ရွက်မယ့် အစိုးရမျိုးအဖြစ် လိုဘ်ဆန် ဆန်းဂေးက ခေါင်းဆောင်လိမ့်မယ်လို့ ထင်ပါတယ်။ ခေတ်မီတဲ့ ခေါင်းဆောင်တဦးပေါ့။” လို့ တန်းဇင် စွန်းဇူးက ပြောသွားခဲ့ပါတယ်။
လိုဘ်ဆန် ဆန်းဂေးရဲ့ ၀န်ကြီးချုပ်အဖြစ် တရားဝင် ကြေညာတဲ့ အခမ်းအနားကို သြဂုတ်လမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဘုန်းတော်ကြီး ဒလိုင်း လားမားကတော့ တိဘက်ကို ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသအဖြစ် တရုတ်ဆီကရဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ တချို့ တိဘက်လွတ်မြောက်ရေး လှုပ်ရှားသူတွေကတော့ တရုတ်ဆီက လုံးဝ လွတ်လပ်ရေးကို လိုချင်နေကြတာပါ။ လောလောဆယ် အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမှာတော့ တိဘက် လူငယ်ကွန်ဂရက်စ်က ခေါင်းဆောင် ၃ ဦး အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။ တိဘက်ဘုန်းကြီးကျောင်း တခုကို တရုတ်ဘက်က ဖြိုခွင်းခဲ့လို့ပါ။ ဒီပြဿနာကို မြန်မြန် မဖြေရှင်းပေးဘူးဆိုရင် ၂၀၀၈ ခုနှစ်က တိဘက်မှာ ဖြစ်ခဲ့သလို ကြီးမားတဲ့ ဆန္ဒပြမှုတွေ ဖြစ်လာလိမ့်မယ်လို့လည်း သူတို့က သတိပေးနေပါတယ်။