သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးတင်းကျပ်မှုကြောင့် လားရှိုးမြို့ခံတွေ အခက်ကြုံ


လားရှိုးမြို့ ဘုန်းကြီးကျောင်းတကျောင်းမှာ ခိုလှုံနေရတဲ့ ရှမ်းမြောက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)
လားရှိုးမြို့ ဘုန်းကြီးကျောင်းတကျောင်းမှာ ခိုလှုံနေရတဲ့ ရှမ်းမြောက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ မကြာသေးခင် ရက်တွေကစ လုံခြုံရေးတင်းကျပ်ထားပြီး အသွားအလာတွေ ကန့်သတ်မှုတွေကြောင့် ဒေသခံတွေ အခက်အခဲ ကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ လုံခြုံရေးအာဏာပိုင်တွေက လှည့်လည်စစ်ဆေးမှုတွေ ရှိနေပြီး၊ ကန့်သတ်ချိန်မှာ တွေ့ရှိသူတွေကို စစ်ဆေးတာ ရိုက်နှက်တာမျိုးတွေ ရှိတယ်လို့လည်း ပြောပါတယ်။ လားရှိုးမြို့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး အလိမ္မာ ပြောပြပေးမှာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ လားရှိုးမြို့မှာ အခုရက်ပိုင်းထဲ လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ကတည်းက စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားပေမဲ့ ဒီရက်ပိုင်းမှာ ရပ်ကွက်တွေထဲ ကားနဲ့လိုက်လံပြီး ထပ်မံသတိပေးတာတွေ ရှိတယ်လို့ လားရှိုးမြို့ခံတဦးက ပြောပါတယ်။

"ပြီးခဲ့တဲ့ ၃၊ ၄ ရက်ကပေါ့၊ ကားနဲ့ ညနေဘက်လှည့်ပြီးတော့ မနက် ၆၊ ည ၆ သူတို့စစ်အုပ်ချုပ်ရေး ပြဌာန်းထားတဲ့ဥစ္စာက ရုပ်သိမ်းထားတာ မရှိဘူးပေါ့။ အဲဒီအချိန်ကို အပြင်မထွက်ကြဖို့ပေါ့။ ဒေသခံတွေက ညနေဘက်ဆိုရင်တော့ မထွက်ကြတော့ဘူး။ ဒါပေမဲ့ မနက်ပိုင်း ခပ်စောစောလေးဆိုရင်တော့ ဥပမာ ၆ နာရီ မထိုးခင်လေးကိုတော့ စားဝတ်နေရေးအရပေါ့၊ ဈေးသည်တွေ ထွက်ကြတာပေါ့။ အဲဒီအချိန်ကျတော့လည်း လုံခြုံရေးဘာညာတော့ မရှိတော့ဘူးလေ။ နည်းနည်းလည်း လျော့သွားပြီဆိုတော့ အဲဒီအချိန်လေးကျတော့ စားဝတ်နေရေး ဈေးသည်လေးတွေ ဟိုထွက်ဒီထွက်တော့ ထွက်ကြတာပေါ့။ အစောကြီးတော့ မထွက်ရဲပါဘူး။ ၁၀ မိနစ်၊ ၁၅ မိနစ် အလိုပေါ့။"

စစ်အုပ်ချုပ်ရေးအမိန့်ထဲမှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း လမ်းပေါ်သွားလာတာ ကန့်သတ်ထားပါတယ်။ စစ်ကောင်စီအဖွဲ့တွေ ကားနဲ့လှည့်လည်ချိန်မှာ တွေ့ရှိခဲ့ရင် ခေါ်ယူစစ်ဆေးပြီး ရိုက်နှက်ခံရသူတချို့လည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ညနေ ၆ နာရီကျော် ၇ နာရီ၊ ၈ နာရီဆို သူတို့ ရပ်ကွက်ပြည်သူ့စစ်တွေ ဘာတွေ ဆိုင်ကယ်နဲ့လှည့်ကြတာမျိုး ရှိတယ်။ တွေ့လို့ရှိရင် သူတို့ခေါ်စစ်တာတို့၊ ရိုက်တာနှက်တာတွေ ရှိတယ်။ ဟိုတလောတုန်းကတောင်မှ ပစ်ခံရတယ်ကြားတာပဲ။ ခေါ်စစ်တယ်၊ ရိုက်နှက်ခံရတယ်၊ အဲလိုမျိုးတွေရှိတယ်။ နောက်ပြီးတော့ အခု ရပ်ကွက်ရုံးတွေမှာ တပ်ကလာချထားတဲ့ အစောင့်ရှိတယ်။ ရပ်ကွက်ပြည်သူ့စစ်နဲ့ စစ်တပ်နဲ့ တွဲစောင့်တာပေါ့။"

ကန့်သတ်ချိန်အတွင်း အပြင်ထွက်သူတွေထဲ သေနတ်နဲ့ ပစ်ခတ်ခံရတာတွေ ရှိတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေတဲ့ အထက်တန်းကျောင်းတွေမှာ စစ်ကောင်စီက ဒေသခံလက်နက်ကိုင် အဖွဲ့တွေကို လုံခြုံရေးတာဝန်ယူခိုင်းတာ ရှိတယ်လို့လည်း လားရှိုးမြို့ခံက ပြောပါတယ်။

"လက်နက်ကိုင် အခြေအနေက ရပ်ကွက်ပြည်သူ့စစ်နဲ့ ဌာနေပြည်သူ့စစ်တွေ ရှိမယ်။ ဟိုရက်ကဆိုရင် စာမေးပွဲဖြေတဲ့ မနက်ကဆိုရင် ထ ၆ နဲ့ ထ ၁ ကျောင်းမှာ ပြည်သူ့စစ်တွေ ချထားပေးတယ်။ အဲဒါမျိုးတော့ရှိတယ်။ ဟိုလိုမျိုး တိုင်းရင်းသား လက်နက်ကိုင်တွေ မြို့ထဲဝင်တာမျိုးတော့ မရှိပါဘူး။"

စစ်ကောင်စီက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်တဲ့ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်နဲ့ သိန်းနီမြို့တွေကို လားရှိုးမြို့နဲ့အတူ ပြီးခဲ့တဲ့နှစ် ၂၀၂၃ နိုဝင်ဘာလကတည်းက စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာဖြစ်ပါတယ်။

Forum

XS
SM
MD
LG