သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းတောင်ပိုင်းတိုက်ပွဲတွေကြောင့် အရပ်သား ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့


လွိုင်ကော်က ထွက်ပြေးလာသူတွေခိုလှုံရာ ဆီဆိုင်မြို့ စစ်ရှောင်စခန်းအတွက် တောင်ကြီးမြို့မှ လာရောက်အကူညီပေးနေသူများ။ (ဓာတ်ပုံ-ခွန်ကျော်ဆွေ Facebook) ဖေဖေါ်ဝါရီ ၈၊ ၂၀၂၂။
လွိုင်ကော်က ထွက်ပြေးလာသူတွေခိုလှုံရာ ဆီဆိုင်မြို့ စစ်ရှောင်စခန်းအတွက် တောင်ကြီးမြို့မှ လာရောက်အကူညီပေးနေသူများ။ (ဓာတ်ပုံ-ခွန်ကျော်ဆွေ Facebook) ဖေဖေါ်ဝါရီ ၈၊ ၂၀၂၂။

ရှမ်းပြည်နယ်တောင်ပိုင်း တိုက်ပွဲကာလ တလကျော်အတွင်း အရပ်သားသေဆုံးသူ ၅၀ နီးပါးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၀ ဝန်းကျင်ရှိနေပြီး ထိခိုက်သေဆုံးသူတွေဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်ဖြစ်တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ တသိန်းခန့်ရှိနေပြီး သူတို့အတွက် ထိရောက်တဲ့အကူအညီတွေ မရကြဘူးလို့လည်း ပြောပါတယ်။ ရှမ်းပြည်တောင်ပိုင်း စစ်ဘေးသင့်ပြည်သူတွေရဲ့အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲတွေဟာ ဇန်နဝါရီလအတွင်းက စတင်ခဲ့သလို ဖေဖော်ဝါရီလအတွင်းမှာတော့ ဟိုပုံးနဲ့ မိုင်းပွန်ဘက်အထိ ပျံ့နှံ့ခဲ့တာပါ။ တိုက်ပွဲကာလ ရက် ၄၀ ကျော်ကြာမြင့်လာချိန်မှာတော့ အရပ်သားသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရသူစုစုပေါင်းဟာ ၁၀၀ ကျော်ခန့်အထိ ရှိလာတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO ရဲ့ ပြောရေးဆိုခွင့်ရှိသူက VOA ကို ပြောပါတယ်။

“အရပ်သား ထိခိုက်ဒဏ်ရာရတာကတော့ စုစုပေါင်း ၅၉ ဦးရှိတယ်။ သေဆုံးတာကျတော့ ၄၇ ဦးပေါ့။ အထူးသဖြင့်ကတော့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုရယ်။ ပြီးတော့မှ လက်နက်ကြီး ပစ်ခတ်မှုတွေရယ်။ တချို့သော ဧရိယာတွေဆိုလို့ရှိရင် ဒီ မြေပြင်တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ စစ်ကောင်စီကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးမှုမြင့်နေတာကိုလည်း သွားတွေ့ရတယ်။ နောက်ပြီးတော့မှ သတ်ခံရတဲ့ကိစ္စရပ်ပေါ့နော်။ ဒီလိုအချက်တွေတော့ သွားပြီးတော့ တွေ့ရပါတယ်။”

PYO က ထုတ်ပြန်တဲ့စာရင်းအရ အရပ်သားသေဆုံးသူတွေထဲမှာ ၆ လ ကနေ ၁၀ နှစ်အရွယ် ကလေး ၅ ဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးတို့ ပါဝင်ကြောင်းလည်း ဖော်ပြထားပါတယ်။ တချိန်တည်းမှာတော့ အရပ်သားပြည်သူ တသိန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ရိက္ခာ၊ သောက်သုံးရေနဲ့ ကျန်းမာရေး အခက်အခဲတွေ ရင်ဆိုင်နေရကြောင်း ပြောပါတယ်။

“ အခုလောလောဆယ် ဆီဆိုင်ရယ်၊ ဟိုပုံးရယ်၊ လွယ်လင်ရယ်ပေါ့။ ဒီဧရိယာ ၃ ခုရဲ့ စစ်ရှောင်ဦးရေ စုစုပေါင်းကတော့ ၉၅,၉၀၀ နဲ့ အထက်ရှိတယ်။ အဖွဲ့အစည်းကြီးကြီးမားမားကနေ လာရောက်ကူညီတာကတော့ သိပ်မတွေ့ရသေးဘူး။ စစ်ဘေးရှောင်ပြည်သူတွေကတော့ သူတို့ကိုယ်တိုင် သူတို့ ရုန်းနေကြရတဲ့အနေအထားပိုများတယ်။ နောက်ပြီးတော့ ပြည်သူကနေ ပြည်သူ ပြန်ပြီးတော့မှ ကူညီကြတယ်ပေါ့။ နောက်ပြီးတော့မှ တောထဲမှာ ရှောင်နေကြတဲ့ ဒေသခံ ပြည်သူတွေက ရေပြဿနာကို အထူးသဖြင့်ရင်ဆိုင်နေကြတယ်။ တဘက်မှာတော့ ဒီ ဆေးဝါး ပြဿနာတွေ၊ နောက်ပြီးတော့မှ ကလေးတွေကတော့ ဝမ်းပျက်၊ ဝမ်းလျှောပြဿနာတွေကို ရင်ဆိုင်နေကြရတယ်ပေါ့။”

စစ်ရှောင်အရေအတွက်ကတော့ ဆီဆိုင်မြို့နယ်မှာ ၇ သောင်းခန့်၊ ဟိုပုံးမှာ ၂ သောင်းခန့်နဲ့ လွယ်လင် (မိုင်းပွန်)မှာ တသောင်းကျော်ရှိပြီး ဒီစာရင်းမှာ ဆီဆိုင်မြို့နယ်ဘက် တိမ်းရှောင်လာတဲ့ ကရင်နီစစ်ရှောင် ၂ သောင်းခန့် ပါဝင်တယ်လို့လည်း ပြောပါတယ်။ စစ်ရှောင်တွေဟာ တောင်ကြီး၊ ဟိုပုံးနဲ့ အခြားနီးစပ်ရာကျေးရွာတွေမှာ တိမ်းရှောင်နေသလို အချို့က တောတောင်တွေမှာ တိမ်းရှောင်နေကြတာဖြစ်ပါတယ်။ ဆီဆိုင်မြို့နယ်က စစ်ရှောင်တွေကို ကူညီနေသူတဦးကတော့ လက်ရှိစစ်ရှောင်တွေအခက်အခဲကို အခုလို ပြောပါတယ်။

“ဆီဆိုင်ဘက်မှာတော့ စားနပ်ရိက္ခာ ပြတ်လပ်တယ်။ တောင်ကြီးဘက်မှာတော့ WFP က ပေးထားတာတော့ ရှိတယ်။ ဒါပေမဲ့ နေရာတိုင်းတော့ မရဘူး။ သူတို့ ပေးထားတာ လူ တသောင်းကျော်ပဲ ရှိတယ်ဆိုတော့။ စစ်ရှောင်က တသိန်းကျော်လောက်ရှိတယ်ဆိုတော့ မလောက်မငတော့ ဖြစ်နေတာပေါ့။ ဆီဆိုင်ဘက်မှာတော့ အလှူရှင် မရသလောက်ဖြစ်တယ်ဗျ။ စားနပ်ရိက္ခာနဲ့ပတ်သက်ရင် ပိုခက်ခဲတဲ့သူက ဆီဆိုင်မြို့နယ်က လူတွေက အများစုက နေ့လုပ်နေ့စားတွေ များတော့လေ။ သူတို့ အလုပ်အကိုင်မရှိတော့ စားဝတ်နေရေးတော့ တော်တော် ခက်ခဲတဲ့ဟာတွေ ဖြစ်နေတယ်။”

စစ်ရှောင်တဦးကတော့ တနေ့လုပ်တနေ့စား အခြေခံလူတန်းစားတွေဟာ စားဝတ်နေရေးအတွက် အခက်ခဲဖြစ်နေကြောင်း၊ အချို့ စစ်ရှောင်နေတဲ့ လုပ်ငန်းရှင်တွေက နေရပ်မှာ ကျန်ရှိနေတဲ့ ကောက်ပဲသီးနှံတွေကို သွားရောက်သယ်ယူရာမှာ အထမ်းလိုက်တဲ့ နေ့စားသမားတွေဟာ ဗုံး၊ လက်နက်ကြီး ထိမှန်သေဆုံးတာလည်း ရှိကြောင်း ပြောပါတယ်။

“မပြေးခင်ကတည်းကိုက တရက်ရှာ တရက်စား အခြေခံလူတန်းစားတွေကကျတော့ အခက်အခဲတော်တော် ရောက်နေပါတယ်ဗျ။ သူတို့ ပြေးခိုနေတဲ့ ရွာတွေကနေ ကျွေးတာ မွေးတာလေးနဲ့ပဲ စားနေရပါတယ်ဗျ။ ပြောင်း၊ဆန်ပြန်သယ်တာရယ်၊ ဆန်ပြန်သယ်တာရယ်၊ ပဲစဉ်းငုံ ပြန်သယ်တာရယ်၊ ကားသမားကို သူများက ၆ သိန်း၊ ၅ သိန်း၊ ၃ သိန်းပေးတဲ့ ကားဆရာတွေက သွားပြန်သယ်တယ်။ ထမ်းတင်တဲ့လူတွေကကျတော့ အဲဒီ တနေ့ရှာ တနေ့စား လူတန်းစားတွေက ထမ်းတင်ပေးတယ်ဗျ။ လိုက်သွားတယ်ဆိုတဲ့အခါကျတော့၊ ဗုံးကျတဲ့အခါကျတော့ သေသွားတဲ့သူတွေက အဲဒီ အခြေခံ လူတန်းစားတွေပဲ ထိတာများပါတယ်ဗျ။ ”

စစ်ရှောင်တွေရဲ့ အခြား အခက်အခဲတခုကတော့ ကလေးတွေ ပညာရေးပါ။ တတ်သိနားလည်တဲ့ မိဘတွေက စစ်ရှောင်ရာအရပ်မှာ ကျောင်းပြန်ထား၊ စာမေးပွဲဝင်ဖို့ ဆက်သွယ်တာရှိပေမဲ့ လူအများစုကတော့ ကလေးတွေကို ကျောင်းဆက်ထားတာ၊ စာမေးပွဲဖြေခိုင်းတာတွေမရှိကြောင်း ပြောပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာတော့ ဆီဆိုင်မြို့ဘက်မှာ တိုက်ပွဲက ဆက်လက်ပြင်းထန်နေဆဲ ရှိပါတယ်။ အင်္ဂါနေ့ကတော့ ဆီဆိုင်မြို့ကို စစ်ကောင်စီဘက်က လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့တိုက်ခိုက်တာ အကြိမ် ၁၀၀ ကျော်ရှိပြီး ဆေးရုံနဲ့ လူနေအဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA က သတင်းထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်တောင်ပိုင်းတိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့ ရှမ်းပြည်တောင်ပိုင်းက ပြည်ထောင်စုလမ်းမကြီးတလျှောက်က စခန်းတွေ တိုက်ခိုက်ခံခဲ့ရပြီး နယ်မြေရှင်းလင်းရေးတုံ့ပြန်ဆောင်ရွက်ခဲ့တဲ့နောက် ဆီဆိုင်-မိုင်းပွန်သွားလမ်း၊ ဟိုပုံး-မိုင်းပွန်သွားလမ်း စတဲ့ ပြည်ထောင်စုလမ်းမကြီးတွေကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် အရပ်သားထိခိုက်မှုအရေအတွက်တွေ စစ်ရှောင်အရေအတွက်တွေကို စစ်ကောင်စီဘက်က ထုတ်ပြန်တာမျိုး မတွေ့ရပါဘူး။

Forum

XS
SM
MD
LG