သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့မှာ တိုက်ပွဲပြင်းထန်


ဆီဆိုင်မြို့အနီး တိုက်ပွဲကြောင့် နေအိမ်တွေပျက်စီး (မတ် ၊ ၂၀၂၄)
ဆီဆိုင်မြို့အနီး တိုက်ပွဲကြောင့် နေအိမ်တွေပျက်စီး (မတ် ၊ ၂၀၂၄)

ရှမ်းပြည်နယ်တောင်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ မကြာသေးခင်ကပဲ ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့မှာ မနေ့ကစ၊ ဒီကနေ့အထိ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ တချိန်တည်းမှာပဲ ဟိုပုံးနဲ့ မိုင်းပွန်အကြားမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိခဲ့တဲ့နောက် ဒီကနေ့မှာ မိုင်းပွန်ကားလမ်း ပိတ်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစည်သူ တင်ပြထားပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA နဲ့ ပူးပေါင်းတပ်တွေ ဆီဆိုင်မြို့ကို တလကျော်ကြာ သိမ်းပိုက် ထိန်းချုပ်ထားပြီး ပစ်ခတ်တိုက်ခိုက်တာတွေဟာ နေ့စဉ်ဖြစ်ပွားနေသလို တနင်္လာနေ့ကလည်း တိုက်ပွဲပြင်းထန် ခဲ့ပါတယ်။ ဒီကနေ့မှာတော့ ဆီဆိုင်ဘက်မှာ လက်နက်ကြီး ပစ်ခတ်သံတွေဆက်ကြားနေရကြောင်းနဲ့ ဟိုပုံး၊ မိုင်းပွန်ကားလမ်းကို ထပ်မံ ပိတ်လိုက်ကြောင်း ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ မနက်တုန်းကတော့ ပစ်တယ်။ အခုတော့ ပြန်ငြိမ်သွားပြီ။ မနေ့ကလည်း ပစ်တာပဲ။ မနေ့ကတော့ တော်တော်ကြမ်းတယ်။ ဆိုက်ခေါင်ကနေ ဆီဆိုင်ဘက်ကို အမြှောက် တောက်လျှောက် ထုတာပဲ။ နောက်ပြီး ဘန်းယဉ်၊ ဘန်းယဉ်အရှေ့ဘက် ထမ်ယမ်းမှာလည်း ပစ်သွားတယ်။ ၃ချက်လား၊ ၄ချက်လားမသိဘူး။ ရွာထဲကို ကျသွားတယ်။ အဲဒီဘက်က တိုက်ပွဲမဖြစ်ဘူး။ ဆီဆိုင်မှာဖြစ်တယ်။ မနေ့က တနေကုန်နီးပါးပဲ။ ဒီနေ့ မနက်လည်း ဖြစ်တယ်။ ဆိုက်ခေါင်ကနေ မနက်တုန်းကလည်း ၂ချက်လား၊ ၃ ချက်လား လှမ်းပစ်တယ်။ ဆီဆိုင်ဘက်မှာတော့ ပစ်တယ် လှမ်းကြားနေရတယ်။ မိုင်းပွန်က မနက်က ပြန်ပိတ်သွားတယ်။ တိုက်ပွဲကြီးကြီးမားမားတော့ မရှိဘူး။ ဒါပေမဲ့ အဲဒီမှာ အမြောက်နဲ့ တောက်လျောက် ထုနေတာပေါ့လေ။ ထမ်ဆမ်းဘက်ရော၊ ဒီမိုင်းပွန်ဘက်အနီးအနားတောင်ကြားမှာရှိတဲ့ ပအိုဝ်းရွာတွေ ဘက်ပေါ့လေ။”

လောလောဆည်မှာ ဆီဆိုင်မြို့ မြောက်ဘက်နဲ့ အနောက်ဘက်မှာ စစ်ကောင်စီနဲ့ PNA ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့တွေက နေရာယူထားပြီး ဆီဆိုင်မြို့ကို ထိုးစစ်ဆင်နေတာဖြစ်ကြောင်းနဲ့ မြို့ကိုတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ပြောပါတယ်။ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိုင်းယံက တနင်္လာနေ့က ဆီဆိုင်မြို့ တိုက်ပွဲဖြစ်ကြောင်း အခုလို အတည်ပြုပြောပါတယ်။

“ မနေ့ကတော့ ဆီဆိုင်ဘက်မှာ မနက်ကနေ ညနေခင်းအထိ တနေကုန်လုံး တိုက်ပွဲဖြစ်ပွားပါတယ်။ စစ်ကောင်စီက နောက်ပြန်ဆုတ်လို့ တိုက်ပွဲက ရပ်သွားတယ်ပေါ့။ ညနေခင်းထိ ဖြစ်ခဲ့တယ်ပေါ့။ အဲဒီမှာ စစ်ကောင်စီက သူတို့ ဒဏ်ရာရတဲ့သူ၊ ဆုံးသွားတဲ့သူတွေကို ကား ၂စီးနဲ့ သယ်ပြန်သွားတယ်လို့ ကျနော်တို့ သတင်းရတယ်ပေါ့လေ။ မနေ့ကတော့ ဒီ မဲနယ်တောင်ဘက်မှာပေါ့။ ဟိုပုံးနဲ့ မိုင်းပွန်ကြားကိုလည်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အချက်ပေါင်းများစွာပစ်ခတ်ခဲ့တယ်ပေါ့။ အချက်ပေါင်း ၂၀ကျော် ၃၀လောက် ရှိတယ်ပေါ့နော်။ ”

ဒီကနေ့မှာတော့ မိုင်းပွန်ကားလမ်းပိတ်ကြောင်း သတင်းကြားသိရပေမဲ့ ရှေ့တန်းတပ်တွေက မြေပြင်တိုက်ပွဲ သတင်း ပေးပို့လာတာ မရှိသေးကြောင်း ပြောပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာတော့ ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းက ၂ ကြိမ်တိုက်ခိုက်ခဲ့သလို မဲနယ်တောင်ဒေသဘက်ကို အတွဲလိုက်ပစ် ဒုံးကျည်နဲ့ အချက် ၆၀ကျော်ပစ်ခတ်ခဲ့ကြောင်း ၊ လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်တာကြောင့် ဘာသာရေးအဆောက်အအုံတွေ ထိခိုက်ပျက်ဆီးရကြောင်းလည်း PNLA က သတင်းထုတ်ပြန်ထားပါတယ်။

NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ PNLA နဲ့စစ်ကောင်စီ ပူးပေါင်းတပ်တွေအကြားမှာ ဇန်နဝါရီလ နောက်ဆုံးပတ်က စတင်ပြီး စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့တာပါ။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်လောက်မှာတော့ တိုက်ပွဲတွေဟာ ဟိုပုံးနဲ့ မိုင်းပွန်ဘက်ထိ ကျယ်ပြန့်လာပြီး တောင်ကြီး- ကျိုင်းတုံ ပြည်ထောင်စုလမ်းကို တပတ်ခန့် ပိတ်ခဲ့ရပါတယ်။
လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်းမှာဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရပါဘူး ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG