သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီး Tillerson မြန်မာခရီးစဉ်အပေါ် HRW အမြင်


ဖိလစ်ပိုင်နိုင်ငံမှာကျင်းပတဲ့ အရှေ့အာရှထိပ်သီးညီလာခံကို
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson တက်ရောက်နေစဉ်
ဖိလစ်ပိုင်နိုင်ငံမှာကျင်းပတဲ့ အရှေ့အာရှထိပ်သီးညီလာခံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson တက်ရောက်နေစဉ်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှု ရပ်တန့်ရေးနဲ့ ရိုဟင်ဂျာဒုက္ခသည်အရေး ကူညီဖြေရှင်းရေး မြန်မာအစိုးရ နဲ့ စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ ဒီကနေ့ ဗုဒ္ဓဟူး မနက်ပိုင်းမှာ နေပြည်တော်ကို ရောက်ရှိလာမှာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံနဲ့ အရှေ့အာရှ ထိပ်သီးညီလာခံတွေကို တက်ရောက်အပြီး မြန်မာနိုင်ငံကို ထွက်ခွာလာမယ့် သူရဲ့ခရီးစဉ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည် ၆၀၀,၀၀၀ ကျော် ၂ လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြန်မာထိပ်ပိုင်းခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန် ဖိအားပေး ပြောဆိုလိမ့်မယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက မျှော်လင့်နေကြပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ သူရဲ့ တရက်ကြာ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ သီးသန့် တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံမှာလည်း ဝန်ကြီး Tillerson ဟာ တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီလာခံပြင်ပ သီးသန့် တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာအသေးစိတ်ကိုတော့ ထုတ်ဖေါ်ပြောဆိုခြင်းမရှိခဲ့ပါဘူး။

ဒါပေမယ့် သူရဲ့ အာရှခရီးစဉ်မတိုင်ခင် မြန်မာနိုင်ငံကို သွားမယ့် အစီအစဉ်ကို ဒီလအစောပိုင်းက အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန် ကြေညာရာမှာ ရခိုင်ပြည်နယ်က လူသားဘေးဒုက္ခဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်း ရေး လုပ်ဆောင်ချက်တွေ၊ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအပေါ် အမေရိကန်ရဲ့ ပံ့ပိုးကူညီမှုနဲ့ပတ်သက်ပြီး ဝန်ကြီး Rex Tillerson အနေနဲ့ ဆွေးနွေးဖိုရှိကြောင်း ဖေါ်ပြထားပါတယ်။

စီးပွားရေးလုပ်ငန်းရှင်ကြီးလည်းဖြစ်တဲ့ Rex Tillerson ဟာ လူ့အခွင့်အရေးနဲ့ပတ်သက်ရင် အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့တာမျိုးမရှိပေမယ့် အခု ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အရေးနဲ့ ပတ်သက်လို့ အလေးပေးထုတ်ဖေါ် ပြောဆိုခဲ့တာတွေရှိခဲ့ကြောင်း နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams ကပြောပါတယ်။

“Rex Tillerson က လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အားကောင်းမောင်းသန်လုပ်ဆောင်တဲ့ နိုင်ငံခြားရေးဝန်ကြီးတဦးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းရှင်းလင်းတဲ့ ဓါတ်ပုံတွေ၊ သတင်းတွေကို မြင် တွေ့ပြီး နောက်ပိုင်း ရိုဟင်ဂျာနဲ့ပတ်သက်လို့ သူက တော်တော်ပြောခဲ့တာပါ။ အမေရိကန်အစိုးရရဲ့ အခုမူဝါဒက မြန်မာစစ် တပ်အပေါ်မှာ ပစ်မှတ်ထားအရေးယူမယ့်မူဝါဒပါ။ မြန်မာစစ်တပ်ကတော့ သူတို့ရဲ့စစ်ဆင်ရေးတွေကိုရပ်ထားပြီလို့ ကျနော်တို့သိထားရပါတယ်။ ဒါပေမဲ့ ကျန်နေသေးတဲ့ရိုဟင်ဂျာတွေ၊ အိုးအိမ်စွန့်ခွါထွက်ပြေးနေရသူတွေကို အကာ အကွယ်ပေးရေးနဲ့ သူတို့တွေ မြန်မာနိုင်ငံအတွင်း လွတ်လွတ်လပ်လပ်နဲ့ လုံခြုံ စိတ်ချစွာသွားလာနိုင်ခွင့်ရဖို့၊သူတို့ တွေအတွက် လူသားချင်းစာနာမှု ဆိုင်ရာအကူအညီတွေပေးနိုင်ဖို့ကိစ္စတွေကို အသေအချာလုပ်နိုင်ဖို့လိုနေပါတယ်။ ကုလသမဂ္ဂရဲ့လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ကိုလည်း မြန်မာအစိုးရက လုံးဝလက်မခံပဲဖြစ် နေပါတယ်။”

ဒါကြောင့် ဝန်ကြီး Tillerson ကိုယ်တိုင်သွားတဲ့ မြန်မာခရီးစဉ်အတွင်း မြန်မာထိပ်ပိုင်း ခေါင်းဆောင်တွေကို ပြတ်ပြတ်သားသားဖိအားပေးပြောဆိုလိမ့်မယ်လို့ မျှော်လင့်ကြောင်း Brad Adams ကဆိုပါတယ်။ ဒီအတောအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ ပတ်သက်လို့ အမေရိကန်လွှတ်တော်မှာလည်း မြန်မာစစ်တပ်ကို ပစ်မှတ်ထားအရေးယူပိတ်ဆို့တဲ့ ဥပဒေပြဌာန်းနိုင်ဖို့ ပြင်ဆင်နေချိန်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာနဲ့ ပတ်သက်ရင် မြန်မာစစ်တပ်မှာ တာဝန်ရှိတယ်လို့ အမေရိကန်ပြည်ထောင်စုက ယူဆထားပြီး စစ်တပ်အနေနဲ့ တာဝန်ယူဖို့ ဖိအားပေးနေတယ်လို့ မြင်ကြောင်း Brad Adams ကပြောပါတယ်။

“မြန်မာစစ်တပ်က ပါဝင်လုပ်ဆောင်လာအောင် ဖိအားတွေပေးတဲ့နေရာမှာ အမေရိကန်ဘက်ကလည်း လုပ်နေပါတယ်။ ဒါပေမဲ့အမေရိကန်တနိုင်ငံထဲလုပ်လို့မဖြစ်နိုင်ပါဘူး၊ ကုလသမဂ္ဂကလည်း မြန်မာစစ်တပ်ကို ပြီးခဲ့တဲ့အပတ်အတွင်းက အကြီးအကျယ်သတိပေးထားတာရှိပါတယ်။ မြန်မာစစ်တပ်ကသူတို့ရဲ့လုပ်ရပ်တွေကို ကောင်းမွန်တဲ့ပြောင်းလဲမှုတွေ အဖြစ်မပြောင်းလဲလာဘူးဆိုရင်တော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း စစ်တပ်ကို ပစ်မှတ်ထားတဲ့အရေးယူမှုတွေ လုပ်လာမယ့်သဘောပါ။”

ဝန်ကြီး Tillerson ရဲ့ အခုခရီးစဉ်ဟာ သမ္မတ ဒေါ်နယ်လ် ထရမ့် အစိုးရအဖွဲ့ တက်လာပြီးနောက်ပိုင်း အမေရိကန်အစိုးရအဖွဲ့ ထဲက မြန်မာနိုင်ငံကိုလာရောက်တဲ့ အဆင့်အမြင့်ဆုံးတာဝန်ရှိသူရဲ့ခရီးစဉ် ဖြစ်ပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့ နောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တကျော့ပြန်ဖြစ်လာတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်း ဒေသခံ မွတ်စလင်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို အစုလိုက် ထွက်ပြေးရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စက်တင်ဘာလ ၁၉ ရက်နေ့က ဝန်ကြီး Tillerson ကနေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး အမေရိကန်ရဲ့ စိုးရိမ်မကင်းဖြစ်မှုတွေနဲ့ ပတ်သက်လို့ ပြောဆိုခဲ့ပါတယ်။

အလားတူ အောက်တိုဘာလ ၂၆ ရက်နေ့ကလဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုအမေရိကန်နိုင်ငံခြားရေးဝန်ကြီး တယ်လီဖုန်းနဲ့ဆက်သွယ်ပြီး ရခိုင်ပြည်နယ်က အခြေအနေတွေအပေါ် စိုးရိမ်တဲ့အကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်အခြေအနေတွေ အဆုံးသတ်ရေး အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို လုံခြုံရေးတပ်ဖွဲ့တွေဘက်က ပံ့ပိုးကူညီဖို့ တိုက်တွန်းခဲ့ပါသေးတယ်။

ဝန်ကြီး Tillerson ရဲ့ မြန်မာနိုင်ငံခရီးစဉ်မတိုင်ခင် တရက်အလို ရခိုင်ပြည်နယ်မြောက်ပိုင်း လူ့အခွင့်အရေးချိူးဖောက်မှုတွေကို တလကြာ စုံစမ်းစစ်ဆေးထားတဲ့ မြန်မာစစ်တပ်ရဲ့ အစီရင်ခံစာကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။ တပ်မတော် စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်တဲ့ တပ်မတော် စုံစမ်းရေးအဖွဲ့ရဲ့အစီရင်ခံစာမှာတော့ စစ်တပ်ဟာ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ကြောင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အစွန်းရောက် အဖွဲ့တွေကသာ ကျုးလွန်ခဲ့ကြောင်း လူပေါင်း ၃ ထောင်ကျော်နဲ့ မေးမြန်းချက်တွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG