သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူတွေ မဲစာရင်းစစ်ဖို့ အချိန်တန်ပြီ


ရွေးကောက်ပွဲအတွက် နောက်ဆုံးပြင်ဆင်ထားတဲ့ မဲဆန္ဒရှင်စာရင်းကိုမနက်ဖြန် စက်တင်ဘာလ ၁၄ ရက်နေ့ တနလာၤနေ့မှာ ထုတ်ပြန်ကြေညာဖို့ရှိပြီး မဲစာရင်းသွားရောက် စစ်ဆေးကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အသိပေးလိုက်ပါတယ်။ အခု ထုတ်ပြန်မယ့် မဲဆန္ဒရှင်စာရင်းထဲမှာ မှားယွင်းမှုတွေရှိရင်လည်း ပြင်ဆင်ခွင့်ပေးထားပြီး ဒီတကြိမ်က နောက်ဆုံးအကြိမ် ပြင်ဆင်ခွင့် အခွင့်အရေးလည်းဖြစ်တာမို့ ပြည်သူတွေ မဲစာရင်းစစ်ကြဖို့ ကိုလည်း တိုက်တွန်းထားပါတယ်။ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်၊။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၁၄ ရက်နေ့ တနလာၤနေ့မှာ အပြီးသတ် မဲဆန္ဒရှင် စာရင်းတွေကို ရပ်ကွက်၊ ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးခန်းတွေမှာ ကပ်ထား ကြေညာမှာ ဖြစ်ပါတယ်။ ဒီမဲစာရင်းမှာ ကိုယ့်နာမည် မပါတာတွေ၊ မဲပေးခွင့် မရှိသူတွေ ပါနေတာတွေနဲ့ နောက် အချက်အလက် မှားယွင်းနေတာတွေကို ပြင်ဆင်ခွင့်လည်း သီတင်း ၂ ပတ်ပေးထားပါတယ်။ အပြီးသတ်မဲစာရင်းမှာ ပြင်ဆင်နိုင်တဲ့ အခြေအနေတွေကိုတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

“မနက်ဖြန်မှာကတော့ ၂၀၁၅ ရွေးကောက်ပွဲအတွက် နောက်ဆုံးအကြိမ် မဲစာရင်းများ ထုတ်ပြန်မှာဖြစ်ပါတယ်။ မဲစာရင်းများထုတ်ပြန်ရာမှာ ၁၄ ရက် တိုင်တိုင် ထုတ်ပြန်ထားမှာပါ။ ၁၄ ရက်တိုင်တိုင် ထုတ်ပြန်ထားမယ့်အချိန်မှာ ကျနော်တို့က မဲစာရင်းမှာ ကိုယ့်နာမည်မပါဘူး၊ အမည်မပါဘူးဆိုလို့ရှိရင် အမည်ကို ဖြည့်ပေးမယ်၊ မဲစာရင်းမှာ အမှားအယွင်းများပါနေတယ်ဆိုရင် အမှားအယွင်းတွေကို ပြင်ဆင်ပေးမယ်။ လိုအပ်နေတဲ့အချက်တွေရှိလု့ိရှိရင်လည်း ဥပမာ- ကိုယ်က တခြားတနယ်တကျေးကနေပြီးတော့ လာနေတယ်။ ရက်ပေါင်း ၁၈၀ ကျော်ပြီး ဒီမှာနေပြီးပြီဆိုလို့ရှိရင် ကိုယ်က ဒီနေရာမှာ မဲပေးချင်တယ် ဆိုလို့ရှိရင် လျှောက်ထားဖို့ပေါ့နော်။”

၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့် ရဖို့ အတွက် မဲဆန္ဒရှင် စာရင်းမှာ ပါဝင်ဖို့ ဒီတကြိမ်က နောက်ဆုံး အခွင့်အရေးလည်း ဖြစ်တာမို့ မဲစာရင်းတွေ စစ်ကြဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။

“ရွေးကောက်ပွဲမဲပေးမယ့်နေ့မှာ ကိုယ့်အမည်မပါဘူးဆိုလို့ရှိရင် မဲပေးခွင့်ရမှာမဟုတ်ပါဘူး။ အဲဒီအချိန်ကျလို့ရှိရင်တော့ ကိုယ့်ရဲ့နိုင်ငံသား အခွင့်အရေးပေါ့လေ၊ နိုင်ငံရေးအခွင့်အရေးဟာ ဆုံးရှုံးသွားနိုင်ပါတယ်။ နိုင်ငံသားအခွင့်အရေးထဲမှာလည်း မဲပေးခွင့်ဆိုတဲ့ နိုင်ငံသားအခွင့်အရေးဟာ နိုင်ငံသားတွေ …အမြင့်ဆုံးအခွင့်အရေးပါပဲ။ ဘာဖြစ်လို့အမြင့်ဆုံးလို့ ပြောရလဲဆိုလို့ရှိရင် မိမိကြိုက်နှစ်သက်တဲ့အစိုးရကို တင်နိုင်တယ်။ မိမိမနှစ်သက်တဲ့အစိုးရကို ဖြုတ်ချနိုင်တယ်။ ဒီအခွင့်အရေးက နိုင်ငံသားတွေအတွက် အမြင့်ဆုံးအခွင့်အရေးပါပဲ။ ဒါကြောင့်မို့လို့ မဲစာရင်းတွေကို သွားပြီး တော့ မပျက်မကွက်ကြည့်ဖို့လိုသလို မဲစာရင်းမှာ အမည်မပါဘူးဆိုလို့ရှိရင် မိမိရဲ့အခွင့်အရေးကို ဆုတ်ကိုင်နိုင်အောင် မဲစာရင်းမှာ အမည်ပါဝင်အောင် ဆောင်ရွက်နိုင်တဲ့ နောက်ဆုံးအချိန်မှာပါပဲ-လို့ ဒီလိုပဲ အသိပေးပါရစေခင်ဗျား။”

အခု ထွက်လာမယ့် မဲစာရင်းမှာ ပါဝင်ဖို့ အလားအလာ နည်းတဲ့ သိန်းချီရှိတဲ့ ရွေ့ပြောင်းအလုပ်သမားတွေလည်း မဲပေးခွင့်ရရေး မဲစာရင်းမှာ ပါဝင်နိုင်ဖို့ အကူအညီ လိုအပ်နေတယ်လို့ လှိုင်သာယာမြို့နယ်တွင်း မဲဆန္ဒရှင် ပညာပေး ဆောင်ရွက်နေတဲ့ Brilliant Future of Myanmar က ကိုမျိုးမင်းက ပြောပါတယ်။

“တနင်္ဂနွေတရက်ပဲ သူတို့ အလုပ်အားချိန်ရှိတယ်ခင်ဗျ။ ကျနော်နဲ့စကားပြောကြည့်တဲ့အလုပ်သမားတွေကတော့ အရင်ကတော့ ကြည့်ရမှန်း သူတို့မသိဘူးဗျ။ သူတို့က သတင်းတွေလည်း မကြားမိဘူး။ မဲစာရင်းက ဘယ်လိုကြည့်ရမယ်လို့၊ ဘယ်ဝါကြည့်ရမယ်လို့ မကြားမိဘူးဗျ။ ဒါပေမယ့် အခုဆိုရင် သူတို့ကိုယ်တိုင် ရွေးကောက်ပွဲမှာ စိတ်ဝင်စားလာပြီ။ ဒီနေ့ဆိုရင် တယ်လီနောနဲ့အော်ရီဒူးကနေပြီး UEC ဆိုတဲ့နာမည်နဲ့ message အတိုတွေ ပို့တယ်ဗျ။ မနက်ဖြန်မဲစာရင်းကြည့်ရမှာဖြစ်တဲ့အတွက် မဲစာရင်းသွားရောက်ကြည့်ကြပါရန်-ဆိုပြီးတော့ နှိုးဆော်တဲ့ announce လုပ်တဲ့ဥစ္စာတွေ၊ message တော့ ပို့နေကြတယ်ခင်ဗျ။ တခြား CCO တွေ၊ CSO ကတော့ ဝင်လုပ်တယ်ဆိုရင်တော့ ပိုသင့်တော်တယ်ဗျ။ လူမှုကူညီရေးအဖွဲ့တွေကနေပြီးတော့ အလုပ်သမားတွေရဲ့ကိုယ်စား မဲပေးဖို့တိုက်တွန်းတာတို့၊ မဲစာရင်းကြည့်ဖို့ တိုက်တွန်းတာတို့ လုပ်ပေးစေချင်တယ်ခင်ဗျ။”

စက်တင်ဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်မယ့် မဲဆန္ဒရှင် စာရင်းတွေကိုတော့ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရုံးတွေမှာ ကပ်ထားကြေညာမှာ ဖြစ်ပြီး မဲစာရင်းမှားယွင်းမှုတွေကို စက်တင်ဘာ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရပ်ကွက် ၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်တို့ထံ လျှောက်လွှာ တင်သွင်းကြဖို့ကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တိုက်တွန်းထားပါတယ်ရှင်။

XS
SM
MD
LG