သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒု-ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အဆိုပြုခံရ


ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး။ ဖေဖော်ဝါရီ ၁၂၊ ၂၀၁၁။
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး။ ဖေဖော်ဝါရီ ၁၂၊ ၂၀၁၁။

လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေ နှုတ်ထွက်တယ်လို့ မနေ့တုန်းက ကြေညာခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ဒီကနေ့မှာ သမ္မတက အမည်စာရင်း တင်သွင်းလိုက်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကနေ လုပ်ပိုင်ခွင့်အာဏာ အများကြီး ပေးထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို ဒီလို ထိပ်တန်း မြန်မာစစ်ဗိုလ်ချုပ်ဟောင်း တယောက်က ဦးဆောင်မှာ ဖြစ်တဲ့အတွက် ကော်မရှင်ရဲ့ သြဇာဟာ ပိုကြီးမားသွားတယ်ဆိုတဲ့ သုံးသပ်ချက်လည်း ရှိပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပို့ထားပါတယ်။

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ကနေ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ခံခဲ့ရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးဟာ မနေ့တုန်းက ကျင်းပတဲ့ လွှတ်တော်စည်းပေးပွဲမှာ စပြီး မတက်ရောက်တော့ဘဲ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေလည်း နှုတ်ထွက်ကြောင်း ကြေညာခဲ့တာပါ။

ဒီကနေ့မှာတော့ သူ့ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်ထားဖို့ ရွေးကောက်ခံ သမ္မတက အမည်စာရင်း တင်သွင်းခဲ့တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ကတော့ နိုင်ငံတော် သမ္မတကြီးက တင်မြှောက်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကို ဦးတင်အေးကို တင်ပြပါတယ်။ ဦးတင်အေးကို နာယက ကတဆင့် ပြည်ထောင်စုလွှတ်တော်ကို တင်ပါတယ်။ ဦးတင်အေးဆိုတာ မနေ့တုန်းက နှုတ်ထွက်သွားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး တင်အေးပါပဲ။”

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်ထားမယ့်သူဟာ လွှတ်တော်ကိုယ်စားလှယ် မဖြစ်ရဘူး၊ နိုင်ငံရေးပါတီ တခုခုရဲ့ အဖွဲ့ဝင် မဖြစ်ရဘူးဆိုပြီး ၂၀၀၈ ခုနှစ် အခြေခံဥပဒေထဲမှာ ပြဋ္ဌာန်းထားတဲ့အတွက် ဦးတင်အေးကို ကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်ထားဖို့ အစီအစဉ်ကျကျ လုပ်ခဲ့တာ ဖြစ်တယ်လို့ ကိုယ်တိုင်က လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်၊ ဥပဒေရေးရာ ကျွမ်းကျင်သူ ရှေ့နေတဦးလည်းဖြစ်တဲ့ ဦးသိန်းညွန့်က ရှင်းပြပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးဟာ နဂိုကတည်းကိုက ထိပ်တန်း စစ်ခေါင်းဆောင် တဦးလည်းဖြစ်၊ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အနီးကပ် လူရင်းတဦးလည်း ဖြစ်တာကြောင့် ဒီလို ပုဂ္ဂိုလ်မျိုးက ရွေးကောက်ပွဲ ကော်မရှင်ကို ဦးဆောင်မယ် ဆိုတာဟာ ကော်မရှင်ရဲ့ အရှိန်အဝါ ပိုကြီးသွားစေတယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ နိုင်ငံရေးပါတီတို့၊ လွှတ်တော် ကိုယ်စားလှယ်တို့ မဟုတ်ရဘူးလေ။ အဲဒါကြောင့် သူတို့က လွှတ်တော် ကိုယ်စားလှယ် အဖြစ်က ကြိုပြီး နှုတ်ထွက်လိုက်တာပေါ့။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို သူ ကြီးကြပ်တဲ့အတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေမှာ သူ့လိုပုဂ္ဂိုလ်ပါတော့ ပိုပြီးတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ပုဂ္ဂိုလ်ပေါ်မှာ မူတည်ပြီး သြဇာလည်း ကြီးသွားတာပေါ့။”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ လွှတ်တော်သက်တမ်းနဲ့အတူ သက်တမ်း ၅ နှစ်ရှိပြီး အဖွဲ့ဝင် ၇ ဦးနဲ့ ဖွဲ့စည်းဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားပြီးတော့ ၁၉၉၀ ပြည့်နှစ်က ဖွဲ့စည်းပေးခဲ့ဲတဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်နဲ့ မတူဘဲ လုပ်ပိုင်ခွင့် အာဏာတွေ အပြည့်ပေးထားတယ်လို့လည်း ဦးသိန်းညွန့်က ဆိုပါတယ်။ အရင်ကော်မရှင်တုန်းက ရွေးကောက်ပွဲ လုပ်ငန်းတွေကိုပဲ ကြီးကြပ်ခဲ့ရတာဖြစ်ပြီး အခု ဖွဲ့စည်းမယ့် ကော်မရှင်ကတော့ ရွေးကောက်ပွဲ လုပ်ငန်းတင် မကတော့ဘဲ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်ပြီး လမ်းညွှန်တာ၊ ကြီးကြပ်တာ စသည်အားဖြင့် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

၂၀၁၀ မတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကော်မရှင် ဥပဒေအရ အခုလက်ရှိ ဦးသိန်းစိုး ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ဟာ အခုဖွဲ့စည်းမယ့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပေါ်ပေါက်လာတဲ့ အထိပဲ သက်တမ်းရှိပြီး နောက်ပိုင်း လုပ်ငန်းတွေ အကုန်လုံးကို ဦးတင်အေး ဦးဆောင်မယ့် ကော်မရှင်က ဆက်ပြီး လုပ်ဆောင်သွားတော့မှာပါ။

ဦးတင်အေး လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေ နှုတ်ထွက်တယ်လို့ မနေ့တုန်းက ကြေညာခဲ့ပြီးတဲ့နောက် နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဝေဖန်ချက် အမျိုးမျိုး ထွက်ပေါ်ခဲ့ပြီး ဒါဟာ မြန်မာ စစ်ဘက် ထိပ်တန်းခေါင်းဆောင်တွေ အကြား နေရာနဲ့ အကျိုးစီးပွား ပြဿနာတွေ ကြီးကြီးမားမား ဖြစ်နေတယ်ဆိုတာ ပြနေတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိခဲ့ပါတယ်။ ဦးသိန်းညွန့်ကတော့ ပြည်တွင်း မြန်မာ့နိုင်ငံရေးကို ဝေဖန်သုံးသပ်မယ်ဆိုရင် လောမကြီးဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

“နိုင်ငံရေး ကစားကွက်လေးတွေက ပြည်တွင်းက ကစားကွက်တွေကိုလည်း မျက်ခြည်မပြတ်ဖို့တော့ လိုတယ်။ အခု ဒီ ၂ ပတ်မှာ ကျနော် ထူးခြားချက်လေး ၂ ခုပြောမယ်။ သူတို့ အနိုင်ရပါတီ ဆိုပေမဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ တချို့ အနည်းစုရတဲ့ ပါတီက လူတွေကို ဝန်ကြီးပေးတာမျိုးပေါ့။ အခု ထွက်တော်မူ နန်းကခွာတယ် ထင်ပြီးတော့ လူတွေက ပြောပေမဲ့ ထွက်တော်မူ နန်းကမခွာဘဲနဲ့ ပြည်ထောင်စုအဆင့် ကော်မတီကြီးမှာ အင်မတန်မှ သြဇာကြီးတဲ့ နိုင်ငံရေးပါတီ ထိန်းကျောင်းမယ့်ဟာနဲ့ ရွေးကောက်ပွဲတွေကအစ ပါဝင် လွှဲပြောင်းပေးတယ် ဆိုတာတွေကတော့ ဘာပြောပြော ကျနော်တို့က တဘက်ကို အကဲဖြတ်တဲ့ အခါမှာ နည်းနည်းလေး အချိန်စောင့်ပြီးတော့ အကဲဖြတ်ဖို့တော့ လိုတယ်။”

မြန်မာနိုင်ငံတွင်း အဖြစ်အပျက် အခြေအနေတွေ၊ အထူးသဖြင့် စစ်ခေါင်းဆောင်တွေကြား အခြေအနေတွေကို ပကတိ အမှန်အတိုင်း သိရှိရဖို့ ရံခါဆိုသလို ခက်ခဲလွန်းလှပြီး အာဏာပိုင်တွေကလည်း သတင်းမီဒီယာတွေကို တိုက်ရိုက် ပြောဆိုတာမျိုး မရှိသလောက်ပါပဲ။ ဒါပေမဲ့လည်း လက်ရှိသွားနေတဲ့ အခင်းအကျင်း အခြေအနေတွေ အရကတော့ လာမယ့် မြန်မာ့နိုင်ငံရေးကိုလည်း စစ်တပ်ကပဲ အကုန်လုံး ဆက်ပြီး ထိန်းချုပ်ထားမှာ ဖြစ်ပြီးတော့ ရွေးကောက်ပွဲတွေ၊ အခြေခံဥပဒေတွေဆိုတာ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေဦးမှာ ဖြစ်တဲ့အတွက် အများစု လိုလားတဲ့ ဒီမိုကရေစီနဲ့ကတော့ အလှမ်းဝေးနေဦးမှာပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG