သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်တန်ရေငုပ်သင်္ဘောပျောက်ဆုံးတဲ့တဝိုက် အသံတွေထပ်ကြား


မြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲ ဆင်းဖို့ပြင်ဆင်နေတဲ့ တိုက်တန်ရေငုပ်သင်္ဘော ၊ ဂျွန် ၁၈၊ ၂၀၂၃
မြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲ ဆင်းဖို့ပြင်ဆင်နေတဲ့ တိုက်တန်ရေငုပ်သင်္ဘော ၊ ဂျွန် ၁၈၊ ၂၀၂၃

မြောက်အတ္တလန္တိတ်သမုဒ္ဒရာတွင်း တိုက်တန်းနစ် သင်္ဘောပျက်ခဲ့တဲ့နေရာကို လေ့လာရေးခရီးထွက်ရင်း တနင်္ဂနွေနေ့က ပျောက်ဆုံးသွားတဲ့တိုင်တန် (Titan) ခရီးသွား ရေငုပ်သင်္ဘော ပျောက်ဆုံးခဲ့တဲ့ နေရာ တဝိုက်ကနေ ဆူညံသံတွေထပ်မံကြားရတယ်လို့ အမေရိကန်ကမ်းခြေစောင့်တပ်က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

လူ (၅) ဦးပါတဲ့ တိုင်တန်ရေငုပ်သင်္ဘောနဲ့ အဆက်အသွယ်ပြတ်ခဲ့တာ ၃ ရက်အကြာမှာ ကနေဒါ ထောက်လှမ်းရေးသင်္ဘောတစ်စင်းကနေ အသံတွေ ဖမ်းမိခဲ့တဲ့အတွက် သင်္ဘောကို ပြန်တွေ့နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အကောင်းမြင်ကြသူတွေ ရှိနေပေမယ့်လည်း တကယ် ပြန်ရှာတွေ့နိုင်ဖို့က အတားအဆီးတွေ ရှိနေတယ်လို့ ကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။ တိုင်တန် သင်္ဘောပေါ် ပါသွားတဲ့ အောက်စီဂျင်ပမဏက ကြာသပတေးနေ့ဆိုရင် ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ပျောက်ဆုံးနေရာကို ခန့်မှန်းချက်က အရင်ကထက် အကျယ်အဝန်းကျဥ်းမြောင်းသွားပြီး အမေရိကန် ကမ်းခြေစောင့်တပ်ကလည်း ရှာဖွေကယ်ဆယ်ရေး အတွက် နောက်ထပ် သင်္ဘောတွေ စေလွှတ်ထားပါတယ်။ဒါပေမယ့် ဆူညံသံတွေလာရာနဲ့ နေရာအတိအကျကိုတော့မသိရသေးပါဘူး။ အခု လက်ရှိ ရှာဖွေနေတဲ့ ဧရိယာကကွန်နက်တိက် ပြည်နယ်ရဲ့ အရွယ်အစားထက် နှစ်ဆပိုကျယ်ပြီးရေအနက်က ၂ မိုင်ခွဲ ရှိပါတယ်။

သင်္ဘောပေါ်မှာ မာလိန်မှူးတဦး အပြင်တိုင်တန်နစ်သင်္ဘော လေ့လာရေးခရီးသွား ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် Stockton Rush နဲ့အတူ ခရီးသည်အဖြစ် ဗြိတိန်ခရီးသွား စွန့်စားသူတဦး၊ ပါကစ္စတန် က အထင်ကရ စီးပွားလုပ်ငန်းရှင် မိသားစုဝင်နှစ်ဦးနဲ့ တိုက်တန်းနစ် သင်္ဘောရေးရာ ကျွမ်းကျင်သူတစ်ဦးတို့ ပါဝင်ပါတယ်။

၂၂ ပေရှည်တဲ့အဆင့်မြင့်နည်းပညာသုံး ကာဗွန်ဖိုက်ဘာအမျိုးအစား ရေငုပ်သင်္ဘောဟာ တနင်္ဂနွေညက စိန့်ဂျွန် တောင်ဘက် ၄၃၅ မိုင် အကွာရှိ ရေပြင်မှာ အဆက်အသွယ်ပြတ်သွားခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG