သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းအပစ်မရပ် ၃ ဖွဲ့ ၂၁ ရာစုပင်လုံညီလာခံတက်ဖို့ အဆင်သင့်ရှိ


တအာင်း(ပလောင်) တပ် (ဓါတ်ပုံ-PSLF -TNLA News & Information Department)
တအာင်း(ပလောင်) တပ် (ဓါတ်ပုံ-PSLF -TNLA News & Information Department)

ဒီလ ၃၁ရက်နေ့မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံကျင်းပမယ့်အပေါ်မှာ တအာင်း(ပလောင်)၊ ကိုးကန့်နဲ့ AA ခေါ် ရခိုင်လက်နက်ကိုင်အဖွဲ့၃ဖွဲ့က ကြိုဆိုလိုက်ပြီး ဖိတ်ကြားမယ်ဆိုရင် ညီလာခံမှာ ပါဝင်တက်ရောက်ဖို့အသင့်ရှိကြောင်း ပြောဆိုပါတယ်။ ဒီလို ထုတ်ပြန်လိုက်ချိန်မှာပဲ ကချင်တပ်ဖွဲ့ဌာနချုပ်လိုင်ဇာအနီးကို အစိုးရတပ်မတော်ဖက်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရာမှာ ဖိတ်ကြားတာမရှိသလို ပြီးခဲ့တဲ့ ရက်ပိုင်းတွေအထိ အစိုးရတပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေခဲ့တဲ့ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့၊ TNLA ခေါ် တအာင်း(ပလောင်) တပ်ဖွဲ့နဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့တွေက လက်ရှိအစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်မှုတွေကို အပြုသဘောဆောင်တဲ့ နိုင်ငံရေးပြောင်းလဲမှုအဖြစ် ကြိုဆိုလိုက်ပါတယ်။

တဆက်တည်းမှာပဲ ဒီလကုန်မှာကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံမှာ ပါဝင် တက်ရောက်ဖို့ အသင့်ရှိနေကြောင်း PSLF/TNLA ခေါ်တအာင်း(ပလောင်) အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှုး တာ့ဘုန်းကျော်က ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့အဖွဲ့ ၃ ဖွဲ့က ပြီးခဲ့တဲ့ ၁၅ ရက်နေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ကော်မတီအစည်းအဝေးပွဲတုန်းက အားလုံးပါဝင်မှုကိုလက်ခံတယ်။ ဒီညီလာခံကိုလည်း ၃၁ ရက်နေ့မဖြစ်မနေ စတင်ကျင်းပသွားမယ်ဆိုတဲ့ဟာကို ကျနော်တို့ ကြိုဆိုလက်ခံတယ်။ အဲဒီမှာ ကျနော်တို့ပါဝင်တက်ရောက်ဖို့အဆင်သင့်ဖြစ်တယ်ဆိုတာကို ကျနော်တို့ ဒီမြန်မာနိုင်ငံ အစိုးရရယ်၊ တပ်မတော်ရယ်၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေအားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာလည်း ကျနော်တို့ပါဝင်နိုင်ဖို့ အဆင်သင့်ဖြစ်တယ်။ ကျနော်တို့ ပါဝင်ချင်တဲ့ဆန္ဒလည်းရှိတယ်ဆိုတာကို အားလုံးသိအောင်လို့ သဘောထားကို ရှင်းရှင်းလင်းလင်းထုတ်ပြန်ရခြင်းဖြစ်ပါတယ်။”

တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနည်းတူ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဆောင်ရွက်လိုတာကြောင့် ၂၁ရာစုပင်လုံမှာ တက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းလည်း ပြောပါတယ်။

“ကျနော်တို့ကလည်း တခြား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အတူတူပဲဆိုတော့ အဓိကကတော့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်ဖို့ ဒီဆွေးနွေးကော်မတီကလည်း အချက်တွေတင်ထားပါတယ်။ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းဖို့ Agenda တွေပါမယ်။ ပြီးတော့ကျနော်တို့နိုင်ငံလုံခြုံရေးနဲ့ ဆိုင်တဲ့ကိစ္စတွေပါမယ်ဆိုတော့ ကျနော်တို့အနေနဲ့လည်း ဒါတွေကအားလုံးနဲ့သက်ဆိုင်တယ် ကျနော်တို့ ၃ ဖွဲ့သီးသန့်မှမဟုတ်ဘူး အခုအဓိကတော့ ကျနော်တို့မြန်မာနိုင်ငံမှာ တိုက်ပွဲတွေဖြစ်နေတယ်။ ကျနော်တို့ တိုင်းရင်းသားဒေသမှာ တိုက်ပွဲတွေဖြစ်နေတယ်။ အဲဒါတွေကို ရပ်တန့်အောင်ဘယ်လိုလုပ်ကြမလဲ၊ နိုင်ငံရေးပြဿနာတွေကို ဘယ်လိုရှင်းကြမလဲ ဒါတွေက ကျနော်တို့ မြန်မာနိုင်ငံရဲ့အရေးကြီးတဲ့ ပြဿနာတွေပဲဖြစ်တယ်။ ကျနော်တို့နဲ့လည်း တိုက်ရိုက်သက်ဆိုင်နေတယ်လို့ ကျနော်တို့မြင်ပါတယ်။”

လက်နက်ကိုင်အဖွဲ့ ၃ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ မြန်မာ့တပ်မတော်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အပြန်အလှန် ရပ်စဲပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ ဒေသတည်ငြိမ်ရေး၊ဒေသဖွံ့ဖြိုးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ပါဝင်ပါတယ်။

ကိုးကန့်၊တအာင်း(ပလောင်) နဲ့ ရခိုင် အဖွဲ့တွေဟာ ဒီလ ၉ရက်နေ့က ဦးသိန်းဇော်ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ မိုင်းလားမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ရန်နဲ့ပတ်သက်ပြီး ပြီးပြတ်တဲ့သဘောတူညီချက်မရခဲ့ကြောင်း တိုင်းရင်းသားအဖွဲ့တွေဖက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်ဖက်ကတော့ အဖွဲ့ သုံးဖွဲ့အနေဖြင့် ၂၁-ရာစု ပင်လုံတွင် ပါဝင်နိုင်ရေးအတွက် ကြေညာချက်ထုတ်ပြန်ရန် မူအားဖြင့်သဘောတူခဲ့ကြောင်း၊ ကြေညာချက်ထုတ်ပြန်နိုင်ရေးအတွက် ၎င်းတို့တစ်ဖွဲ့ချင်းစီ၏ ဗဟိုကော်မတီ အစည်းအဝေးများကျင်းပပြီး ဆက်လက်ဆောင်ရွက်ရန် ညှိနှိုင်းသဘောတူခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်နက်ကိုင်အဖွဲ့ ၃ဖွဲ့ ၂၁ရာစုပင်လုံမှာ ပါဝင်ရေးဟာ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မိုင်းလားမှာ တွေ့ဆုံညှိနှိုင်းတာတွေ နဲ့ လက်ရှိထုတ်ပြန်ချက် ကိုက်ညီမှု ရှိမရှိ ဆိုတဲ့အပေါ် မူတည်နိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်သူတဦးက သုံးသပ်ပါတယ်။

၂၁ရာစုပင်လုံကို ဒီလအကုန်မှာ ကျင်းပဖို့ ပြင်ဆင်ဆောင်ရွက်နေချိန် ဒီကနေ့မနက်ပိုင်းမှာ ကချင်ပြည်နယ်အတွင်းမှာ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ဒီမနက် ၁၀ နာရီနဲ့ ၁၁ နာရီကြားမှာ ဒီလိုင်ဇာတဝိုက်မှာ တပ်မတော်ဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်။ KIA တပ်မဟာ ၅ ရှေ့တန်းစခန်းမှာလည်း လက်နက်ကြီးနဲ့ ပစ်တာရှိတယ်။ တပ်မဟာ ၅ လက်အောက်ခံ နယ်မြေ ၂၄ မှာလည်း ပစ်တာရှိတယ်နောက်ပြီးတော့ ကျောင်းသားတပ်တို့ တပ်ဖွဲ့ထားတဲ့နေရာဘက်မှာလည်း ပစ်တာတွေရှိပါတယ်။”

ဒီကနေ့မနက်ပိုင်းမှာ အချက် ၂၀လောက်ပစ်ခတ်တာရှိပေမယ့် ညနေပိုင်းမှာတော့ ငြိမ်သက်သွားခဲ့ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့ ကချင်ပြည်နယ် တနိုင်း၊ ဖားကန့်နဲ့ ဆဒုံးနယ်ဖက်တွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG