သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝီရသူအမှု သံဃနာယကအဖွဲ့နဲ့ ညှိနှိုင်း အရေးယူမည်


အစွန်းရောက်အမျိုးသားရေးဝါဒီဆိုပြီး လူသိများတဲ့ ဦးဝီရသူ
အစွန်းရောက်အမျိုးသားရေးဝါဒီဆိုပြီး လူသိများတဲ့ ဦးဝီရသူ

အစွန်းရောက် အမျိုးသားရေးဝါဒီဆိုပြီး လူသိများတဲ့ ဦးဝီရသူကို ဖမ်းဆီးဖို့ ဝရမ်းထုတ်ထားတဲ့အပေါ် သက်ဆိုင်ရာ တိုင်းသံဃနာယကအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ဖမ်းဆီးအရေးယူသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရန်ကုန်မှာလုပ်တဲ့ ဟောပြောပွဲတခုအတွင်း ဦးဝီရသူဟာ အုပ်ချုပ်ရေးအပါအဝင် မဏ္ဍိုင်ကြီးသုံးရပ်ကို ဆဲဆို စော်ကားပြောဆိုတာတွေကြောင့် ရန်ကုန်အနောက်ပိုင်းခရိုင်က အမှုတင်ခဲ့တာလို့ သိရပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုထက်အောင်ခန့် ဆက်ပြောပြပေးပါမယ်။

မေလ ၅ ရက်နေ့တုန်းက အမျိုးသားရေးအဖွဲ့တွေလုပ်တဲ့ ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ မှာ ဦးဝီရသူ ဟောပြောတာတွေနဲ့ ပတ်သက်ပြီး အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၂၄(က) နဲ့ တရားရုံးကို ဦးတိုက်လျှောက်ထား ခဲ့ပါတယ်။ ဦးတိုက်လျှောက်ထားတာကို ခရိုင်တရားရုံးက ဆရာတော်ဦးဝီရသူကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး ရဲတပ်ဖွဲ့က လုပ်ထုံး လုပ်နည်းနဲ့ အညီဆောင်ရွက်နေပါတယ်။

ဖမ်းဝရမ်းထုတ်ထားတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မျိုးသူစိုးက ဗွီအိုအေကို အခုလိုပဲပြောပါတယ်။

"အနောက်ပိုင်းခရိုင်တရားရုံးက ဝရမ်း ၊ ဖမ်းဝရမ်း ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကို စောစောကမှ ရောက်တယ်ပေါ့။ ရောက်ပြီးတော့မှ ဝရမ်း အတည်ပြုဖို့ အတွက်ကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ပြီး ဆောင်ရွက်နေ ပါတယ်။ သူက ဦးတိုက်လျှောက်ထားတာ ၁၂၄(က) နဲ့ လျှောက်ထားတာ။ ကျွန်တော်ပြောသလိုပဲလေ တရားရုံးရဲ့ ဖမ်းဝရမ်း စောစောက ရောက်လာပြီ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကို ရောက်လာပြီ ဒီဝရမ်းကို အတည်ပြုဖို့အတွက် ဆက်လက်ဆောင်ရွက်နေပါတယ်။ အတည်ပြုတယ် ဆိုတာအဲ့ဒါပဲပေါ့ ဖမ်းဖို့အတွက် အဆင့်ဆင့် သွားရတာပေါ့။ သံဃာတော်ဆိုတော့ လုပ်ထုံးလုပ်နည်းတွေ ရှိတာပေါ့ အဲ့အတိုင်းသွားရတာပေါ့။ သက်ဆိုင်ရာ တိုင်း သံဃနာယကအဖွဲ့တွေရှိတယ်။ မြို့နယ် အုပ်ချုပ်ရေး ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေရှိတယ်။ သူတို့နဲ့ ညှိနှိုင်းပြီးတော့မှ ကျွန်တော်တို့က ဝရမ်းကို အတည်ပြု ရတာပေါ့။"

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဆရာတော် ဦးဝီရသူနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က သီးခြားစောင့်ကြည့်တာ မရှိဘူး လို့လည်း ပြောပါသေးတယ်။

မေလ ၅ ရက်နေ့က ဟောပြောတာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း သံဃနာယက အဖွဲ့က ဆရာတော် ဦးဝီရသူကို လူမှုရေး ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်တာတွေမလုပ်ဖို့ သြဝါဒပေးရန် ခေါ်ယူထားပါသေးတယ်။ ဒီကနေ့ညနေပိုင်းမှာတော့ ဆရာတော်ဦးဝီရသူဆီ မန္တလေးရဲတပ်ဖွဲ့က သွားရောက်ရာမှာတော့ ဆရာတော်နဲ့ မတွေ့ခဲ့ဘဲ ဆရာတော်ရဲ့ဝေယျာဝစ္စပြုလုပ်တဲ့ ဆရာတော်နဲ့ သာတွေ့ခဲ့ပြီး ရန်ကုန်တိုင်း သံဃနာယကဆီ သြဝါဒခံယူဖို့ သွားတယ်လို့လည်း ပြောပါတယ်။

ဆရာတော် ဦးဝီရသူရဲ့ ဟောပြောချက်တွေဟာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေသာဖြစ်ပြီး တပ်မတော်သားတွေကို မြတ်စွာဘုရားရှင်နဲ့ နှိုင်းယှဉ်တာဟာ ဓမ္မအန္တရာယ်သင့်တယ်လို့ သဟာရ ဆရာတော် ဦးဣန္ဒဝံသက မိန့်ပါ တယ်။

"သူက ဓမ္မအန္တရာယ်သင့်တာ မနှိုင်းသင့်တာနဲ့နှိုင်းတာ ဓမ္မအန္တရာယ်သင့်တာ။ သူ့အနေနဲ့ ဒီလို နိုင်ငံတော် ခေါင်းဆောင်တွေကို ဒီလိုမပြောသင့်ဘူး။ အစိုးရအဖွဲ့အပေါ်မှာ ဒီလိုအသေးအဖွဲနဲ့ ဒေါက်ဖိနပ်တွေ ဒါက လူတိုင်းသိပြီးသားပါ။ ဒါမပြောသင့်ဘူး။ ရဟန်းတပါးအနေနဲ့ လူတယောက်ရဲ့ ဘယ်လိုသွားတယ်။ ဘယ်လိုစားတယ်။ ဘယ်လိုပြောတယ်ဆိုတာဟာ မပြောသင့်ဘူး။ သူပြောတာကြီးက လုံးဝကို Personal Attack တွေ"

ပုဒ်မ ၁၂၄(က)သည် ရဲအရေးမပိုင်တဲ့ပုဒ်မဖြစ်ပြီး အစိုးရကို မုန်းထားအောင် သို့မဟုတ် မလေးစားအောင်သော် လည်းကောင်း ပြုမှုအားထုတ်လှုံ့ဆော်ရင် စွဲဆိုတဲ့ ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက ငွေဒဏ်ဖြစ်စေ ထောင်ဒဏ် တသက်တကျွန်းဖြစ်စေ ချမှတ်နိုင်တဲ့ ပုဒ်မလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG