သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဦးဝီရသူကို ပုဒ်မ ၁၂၄ (က) နဲ့ တရားရုံး ဖမ်းဝရမ်းထုတ်


အမျိုးသားရေး အစွန်းရောက် ဦးဝီရသူ

အမျိုးသားရေး အစွန်းရောက် ဦးဝီရသူကို အနောက်ပိုင်း ခရိုင် တရားရုံး တွဲဖက် တရားသူကြီးက အင်္ဂါနေ့က ဖမ်းဝရမ်းထုတ်လိုက်ပါပြီ။ ရန်ကုန်တိုင်း အစိုးရ အာဏာပိုင်တွေဘက်က ဦးဝီရသူကို ပုဒ်မ ၁၂၄ (က)နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

အခုလို အာဏာပိုင်တွေရဲ့ အရေးယူတဲ့ လုပ်ရပ်ကို အမေရိကန်ပြည်ထောင်စုကို ခေတ္တခဏ ကြွရောက်လာတဲ့ ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်) ကကြိုဆိုလိုက်ပြီး မြန်မာနိုင်ငံမှာ နောက်ထပ် ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်အဓိကရုဏ်းတွေ မဖြစ်အောင် တားဆီးနိုင်ဖို့ အမုန်းစကားပွားများအောင် လှုံဆော်နေတဲ့ ဦးဝီရသူကို အမြန်ဆုံး၊ အထိရောက်ဆုံး အရေးယူဖို့ တိုက်တွန်းလိုက်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှာ သတင်းသုံးနေတဲ့ အမျိုးသားရေးအစွန်းရောက် ဦးဝီရသူကို ပုဒ်မ ၁၂၄ (က)နဲ့ ဖမ်းဆီးအရေးယူဖို့ ရန်ကုန်အနောက်ပိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက အမှုဖွင့်ခဲ့ပြီး အနောက်ပိုင်းခရိုင်တရားရုံးကနေ ဒီအမှုကို လက်ခံခဲ့ပြီးနောက် ဦးဝီရသူကို ခရိုင်တရားရုံး တွဲဖက် တရားသူကြီး ဦးကျော်ကျော်က ဖမ်းဝရမ်းထုတ်ခဲ့တာပါ။ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကတော့ ဖမ်းဝရမ်းရထားပြီဖြစ်တဲ့အတွက် အချိန်တိုအတွင်း ဦးဝီရသူကို ဖမ်းဖို့ ရှိကြောင်း သတင်းမီဒီယာတွေကို မနေ့က ပြောပါတယ်။

ဦးဝီရသူကို ဖမ်းဆီးဖို့ အကြောင်းအရင်း အသေးစိတ်မသိရသေးပေမယ့် ဧပြီလ ၂၉ ရက်နေ့ တနင်္သာရီတိုင်း မြိတ်မြို့မှာ ဦးဝီရသူဟောပြောသွားတဲ့အထဲ လက်ရှိ NLD အစိုးရ ကို ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆိုတာ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ ပြင်းပြင်းထန်ထန်တိုက်ခိုက်ပြောဆိုချက်ကိုတော့ အများက အတော်လေး ဝေဖန်ခဲ့ကြပါတယ်။ ဦးဝီရသူကို စွဲထားတဲ့ ပုဒ်မ ၁၂၄ (က)နဲ့ ပတ်သက်လို့လည်း ပြည်ပအခြေစိုက် မြန်မာ့ဥပဒေရေးရာ လေ့လာသုံးသပ်နေသူ ဦးမင်းလွင်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“အစိုးရကို နစ်နာအောင် အမုန်းတွေပွားအောင် တဖက်နဲ့ တဖက် အမုန်းပွားတဲ့ ကိစ္စရပ်တွေ ပေါ်ပေါက်လာအောင် စတဲ့ကိစ္စရပ်တွေအားလုံးကို ဖန်တီးဖော်ဆောင်တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ရင်တော့ ကျနော်တို့ ပုဒ်မ ၁၂၄ (က)ထဲမှာ အကျုံးဝင်တယ်လို့ ပြောလို့ရတာပေါနော့်။ နောက်ပြီးတော့ တခါ လူမျိုးတမျိုးနဲ့ တမျိုးကို ဘာသာတမျိုးနဲ့ တမျိုးကို အငြင်းပွားစေတဲ့ ကိစ္စရပ်မျိုးတွေလည်း ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ အငြင်းပွားအောင် ပြောလာတယ် ဆိုလာတယ်။ ဆူပူအုံကြွအောင်လုပ်လာတယ်ဆိုရင်တော့ ကျနော်တို့ ပုဒ်မ ၁၂၄ (က)နဲ့ အရေးယူတယ်လို့ ပြောလို့ရပါတယ်။”

ဦးဝီရသူရဲ့ ဟောပြောချက်တွေဟာ ဗုဒ္ဓတရားတော်နဲ့မညီတဲ့အပြင် သာသနာတော် ညှိုနွမ်းစေတဲ့ လုပ်ရပ်တွေဖြစ်နေပြီး ဓမ္မစက်နဲ့သာမက အာဏာစက်အဖြစ် အခုလို အရေးယူဖို့ ဆောင်ရွက်လာတာကို ကြိုဆိုကြောင်း အမေရိကန်ပြည်ထောင်စုကို ခေတ္တခဏ ကြွရောက်လာတဲ့ မန္တလေး ဗုဒ္ဓတက္ကသိုလ်က ဆရာတော် ဦးဣဿရိယ (မင်းသုည) က အခုလို မိန့်ကြားပါတယ်။

“အခု ၀ီရသူလုပ်နေတာတွေဟာ ဓမ္မလမ်းစဉ် မညီဘူးဆိုတာ အားလုံးသိတယ်။ အရင်ကလည်း ဘုရားသူခိုး လူသတ်သမား ကြည်လင်းကို ဆရာလို့လည်းသူပြောတယ်။ စသဖြင့် လူသတ်သမားကို အားပေးတာတွေ ပေါ်တင်ဖြစ်တဲ့အတွက်ကြောင့် သံဃနာယက သူ့ကို တရားဟော တနှစ်တိတိ ပိတ်ခဲ့တယ် အရေးယူခဲ့တယ်ပေါ့။ ဒါပေမယ့် သူက လိုက်နာချင်းမရှိဘူး။ ဆက်ပြီးပြောတယ် အမုန်းတရားတွေ သူဆက်ပြီးတော့ ဖြန့်တယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သိတဲ့အတိုင်းပဲ အင်မတန်မှ အောက်တန်းကျတဲ့ စကားလုံးတွေနဲ့ တိုက်ခိုက်တယ် အဲဒီတော့ သူ့အနေနဲ့ကတော့ဦးပဉ္ဖင်းတို့ ဒါဟာ တက္ကသိုလ်အသီးသီးရောက်တဲ့အခါမှာ သူနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ အရမ်းမေးခံရတယ်။ သူနဲ့ ပတ်သက်ပြီးတော့ဦးပဉ္ဖင်းတို့ သာသနာလည်း သိက္ခာကျတယ်။ မြန်မာနိုင်ငံလည်း သိက္ခာကျတယ်။ လူမျိုးလည်း သိက္ခာကျတယ် ပေါ့နော် အကုန်လုံးလည်း ထိခိုက်မှုတွေ ဖြစ်နေတယ်။ ဖြစ်နေတဲ့အတွက်ကြောင့် ဦးပဉ္ဖင်းတို့က သူ့ကို မစိုးရိမ်တိုက်သစ် ၊ သံဃနာယက ပြီးတော့ ဦးပဉ္ဖင်းတို့ ပြည်ထဲရေးတရားရုံးပေါ့နော် စုပေါင်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ အရေးယူသင့်တာကို အရေးယူဖြစ်ဖို့လိုတယ်။ အရေးမယူနိုင်ဘူးဆိုရင် ဒီထက် ပိုမိုကြီးမားတဲ့ အဓိကရုဏ်းကြီးတွေ ဖြစ်လာနိုင်တယ်။ ဖြစ်ခဲ့တာတွေလည်း မြန်မာနိုင်ငံမှာ သာဓကတွေ ရှိတယ်။ သူဟောသွားတဲ့နေရာတွေ မိတ္ထီလာတို့ စသဖြင့် သူလိုက်ပြီးတော့ အမုန်းတရားတွေ ဖြန့်သွားတဲ့နေရာတွေ အဲဒီတော့ ဦးပဉ္ဖင်းတို့ ပဋိပက္ခကြီးတွေ ဖြစ်မှ တားဆီးတာထက် ဒီလိုပဋိပက္ခတွေ အဓိကရုဏ်းတွေ မဖြစ်ခင်ကတည်းကဖြစ်အောင် လှုံ့ဆောင်နေသူတွေကို ထိထိရောက်ရောက် ဥပဒေအရ တားမြစ်နိုင်တယ်ဆိုရင် ဦးပဉ္ဖင်းတို့ ကြိုဆိုရမှာပေါ့။”

တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဦးဝီရသူကို အာဏာပိုင်တွေဘက် ထိထိရောက်ရောက်နဲ့ အမြန်ဆုံးအရေးယူဖို့ လိုကြောင်းလည်း ဆရာတော်က အခုလို မိန့်ကြားပါတယ်။

“ မြန်မြန်တားဆီးနိုင်လေ ကောင်းလေပါပဲ။ ဘာဖြစ်လို့လဲဆိုရင် မြန်မြန်မတားဆီးနိုင်ရင် ဒီအမုန်းတရားတွေက ဒါက အင်တာနက်ပေါ်မှာရော အခုခေတ်က အင်မတန်ပြန့်လွယ်တဲ့အတွက်ကြောင့် သူပြောတာကို အဟုတ်ထင်ပြီး လိုက်လုပ်ကြတယ်ဆိုရင် ကြီးမားတဲ့ မီးလောင်မှုတွေ ပဋိပက္ခတွေ အဓိကရုဏ်းတွေ မသေသင့်ပဲနဲ့ လူတွေသေမယ်၊ မပျက်ဆီးသင့်ပဲနဲ့ ပျက်စီးမယ် အဓိကရုဏ်းတွေဖြစ်မယ်ဆိုရင် မကောင်းဘူး။ ကြိုတင်ပြီးတော့ ဥပဒေအရ နည်းလမ်းအရ ထိထိရောက်ရောက် အရေးယူနိုင်တယ် တားဆီးနိုင်တယ်ဆိုရင် ကောင်းပါတယ်။ လုပ်တာက ဟန်ပြလုပ်တာ မဟုတ်ပဲနဲ့ တရားဥပဒေ နည်းလမ်းအတိုင်း ထိထိရောက်ရောက် လုပ်နိုင်တာကိုပဲ ဦးပဉ္ဖင်းတို့ ဖြစ်စေချင်ပါတယ်။”

ဧပြီလ (၂၉)ရက်နေ့က မြိတ်မြို့မှာ ဦးဝီရသူ ဟောပြောတဲ့အထဲ အရင်အစိုးရတွေခေတ် ခိုးတယ်ဆိုတာ သစ်ပင်နဲ့ သယံဇာတတွေဖြစ်ပြီး အခု အစိုးရကတော့ ပြည်သူတွေပါးစပ်ထဲက နှိုက်ပြီး ခိုးနေတာဖြစ်တယ်လို့ ပြောပါတယ်။ နောက် မေလ (၅)ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့ က အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေး ဆန္ဒပြပွဲမှာ ဦးဝီရသူက လွှတ်တော်တွင်း တပ်မတော်သားတွေကို ဘုရားလို ကိုးကွယ်သင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကတော့ ဦးဝီရသူကို ဘာသာရေး အမုန်းတရားပွားအောင်၊ အဓိကရုဏ်းတွေဖြစ်ဖို့ လှုံဆော်ဟောပြောမှု၊ တရားဥပဒေစိုးမိုးရေးကို အဟန့်အတား ဖြစ်စေတဲ့ ဟောပြောမှု စတာတွေကို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့တဲ့အတွက် ၂၀၁၇ မတ်လမှာ တရားဟောခွင့် တနှစ်ပိတ်ပင်ခဲ့ပါတယ်။ Facebook ကုမ္ပဏီကြီးကတော့ ဦးဝီရသူရဲ့ အကောင့်စာမျက်နှာကနေ အမုန်းစကားပြန့်ပွားအောင် လုပ်ဆောင်နေတာကြောင့် ဆိုပြီး ၂၀၁၈ ဖေဖေါ်ဝါရီလမှာ ပိတ်ပစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG