သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Myanmar Now အယ်ဒီတာချုပ် အာမခံနဲ့ ပြန်လွတ်


 Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ဦးဆွေဝင်း
Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ဦးဆွေဝင်း

မနေ့ညနေပိုင်းက ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ဦးဆွေဝင်းဟာ ဒီကနေ့မှာတော့ မန္တလေးတရားရုံးတခုမှာ အာမခံနဲ့ ပြန်လွတ်လာပါပြီ။ ဆက်သွယ်ရေးပုဒ်မ ၆၆ / ဃ နဲ့ သူ့ကို စွဲဆိုထားတဲ့အမှုကိုတော့ မန္တလေးတိုင်း မဟာအောင်မြေတရားရုံးမှာ လာမယ့် သြဂုတ်လ ၇ ရက်နေ့ ဆက်စစ်သွားဖို့ရှိပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မမေခ စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။

ဇူလိုင် ၃၀ ရက်နေ့ည က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပုဒ်မ ၆၆(ဃ) နဲ့ ဖမ်းဆီးထိမ်းသိမ်းခံလိုက်ရတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဒီကနေ့ ညနေမှာ မန္တလေးတိုင်း မဟာအောင်မြေ တရားရုံးကနေ အာမခံ ပေးလိုက်ပါတယ်။

ဦးဝီရသူ ပါရာဇိကကျပြီး ရဟန်းဘ၀ နိဌိတံသွား ပြီဆိုပြီး မန္တလေးရဟန်းတပါးရဲ့ပြောဆိုချက်ကို ကိုကားပြီး ပြီးခဲ့တဲ့ မတ်လတုန်းက သတင်းဆောင်းပါး ရေးသားခဲ့တဲ့ အပေါ်ကိုဆွေဝင်းဟာ ပုဒ်မ ၆၆၊ ဃ နဲ့ တရားစွဲဆို ခံခဲ့ရတာဖြစ်ပါတယ်။ "အခြေခံ ဥပဒေပြင်လိုသူတွေကို မဘသ သတိပေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းကို ဖေဖော်ဝါရီ(၂၇)ရက်နဲ့ (၂၈)ရက် တွေ က သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဝေမျှခဲ့ပါတယ်။ အဲဒီလိုဝေမျှမှုကြောင့် ဦးဝီရသူရဲ့ တပည့်ဖြစ်သူ ကိုကျော်မျိုးရွှေက မန္တလေးမြို့အမှတ် (၇) ရဲစခန်းမှာ ပြီးခဲ့တဲ့ မတ်(၇)ရက်က ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အမှုနဲ့ပတ်သတ်လို့ ကိုဆွေဝင်းရဲ့ ရှေ့နေဦးခင်မောင်မြင့် ပြောပြတာက

“သိန်း ၅၀ ခံဝန်သူ ၂ ဦးနဲ့အတူ ခံဝန်ချုပ်ဆိုပြီးတော့ အမှုရင်ဆိုင်တဲ့ကာလမှာ အချုပ်လွှတ်ထုချေခွင့် ပြပါတယ်။ ဒီအမှုက နိုင်ငံသားအခွင့်အရေးက တိုင်ကြားသူရှိလို့သာ ရဲကလည်း စုံစမ်းစစ်ဆေးပြီးတော့ တင်ပြပေးတဲ့သဘောပေါ့။ တကယ်တန်းပြောရင်တော့ နိုင်ငံတော်မှာအကြီးဆုံး ဖြစ်တဲ့ နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့ကနေမှ တရားမဝင်အဖွဲ့အစည်းက အဖွဲ့ဝင်တဦးက တိုင်ကြားတာသည် ၊ စတင်တိုင်ကြားစဉ်ကတည်းက အရေးယူဆောင်ရွက်ဖို့ မလိုအပ်ပါဘူး။ ထို့အတူ စစ်ဆေးမယ့်ကာလကျတော့ ၂၀၁၇ ဇွန်လအတွင်မှာ မဘသသည် တရားဝမင်အဖွဲ့အစည်းဖြစ်တဲ့အတွက် ဖျက်သိမ်းဖို့အမိန့်လည်းထွက်ထားပြီးပြီ။ နောက်ဆုံး ဇူလိုင် ၁၅ မှာ ဆိုင်းဘုတ်တွေပါ ဖျက်သိမ်းဖု့ိအထိ အခြေအနေရောက်သွားတဲ့အချိန်မှာ ဒီအမူသည် စစ်ဆေးရန်မလိုတော့အောင်ရှင်းနေသည့်အမှုဖြစ်ပါသည်။ အမူကတော့ အေးအေးဆေးဆေးနဲ့ သူ့ဘာသာ ပြီးစီးသွားမယ့် သဘောဖြစ်ပါတယ်။”

ကိုဆွေဝင်းကို ဇူလိုင်လ(၃၁)ရက် မနက်(၇)နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ချုပ်ရမန် (၃)ရက် ယူပြီးနောက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကို လွှဲပြောင်း ပေးခဲ့ တယ်လို့ ရှေ့နေ ဦးခင်မောင်မြင့်ကပြောပါတယ်။ အဲဒီလိုလွှဲပြောင်းပြီးနောက် မန္တလေးကို ခေါ် ဆောင် သွားပြီး မဟာအောင်မြေ တရားရုံးကို တင်ပို့ခဲ့တာ ဖြစ်ပ်ါတယ်။ မဟာအောင်မြေ တရားရုံးမှာ အာမခံရတဲ့အတွက် ကိုဆွေဝင်းဟာ အမှုကို အချုပ်လွတ် ထုချေခွင့်ရမှာ ဖြစ်ပါတယ်။ ကိုဆွေဝင်းအနေနဲ့ ဦးဝီရသူနဲ့ပတ်သတ်ပြီးကိုးကားရေးသား ချက် ဟာ ဥပဒေနဲ့ ညိစွန်းမှုမရှိဘူးလို့ သာသနာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဧပြီလက သဘောထား ထုတ်ပြန်ပေးခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ လာရောက်အဖမ်းခံဖို့ အခုလအကုန်မှာပဲ မန္တလေးရဲက ကိုဆွေဝင်းကို အကြောင်း ကြားခဲ့ပါတယ်။ ဒီအမူနဲ့ပတ်သတ်ပြီး လာမယ့်သြဂုတ် ၃ရက်နေ့မှာ လာရောက်အဖမ်းခံမယ်လို့ ကိုဆွေဝင်းကမန္တလေးရဲတပ်ဖွဲ့ကို အကြောင်းကြား ထားပြီးဖြစ်ပါတယ်။

ကိုဆွေဝင်းအနေနဲ့ မနေ့ညက ထိုင်းနိုင်ငံကိုထွက်ခွာသွားတာဟာ လာမယ့် သြဂုတ် ၃ရက်နေ့မှာ အဖမ်း ခံဖို့အတွက် အလုပ်ကိစ္စအလွဲှအပြောင်းအတွက် ထိုင်းနိုင်ငံကို တရက်ကြာ ထွက်ခွာဖို့ဖြစ်တယ်လို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။

အခုလို မင်္ဂလာဒုံလေဆိပ် အများပြည်သူမြင်ကွင်းမှာ သူ့ကိုဖမ်းဆီးခဲ့ပုံနဲ့ ပတ်သက်လို့ တရားမျှတမှု မရှိဘူးလို့ ရဲစခန်းမှာတွေ့ဆုံခဲ့စဉ် ကိုဆွေဝင်းကပြောကြောင်း Myanmar Now သတင်းထောက် ချုပ် ကိုထက်ခေါင်လင်းက ပြောပါတယ်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ အထက်မြန်မာပြည် (မန်းဘသ) အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးကျော်မျိုးရွှေကနေ မန္တလေး မဟာအောင်မြေ အမှတ် (၇) ရဲစခန်းမှာ ဦးဝီရသူကို အသေရေဖျက်မှုနဲ့ ကိုဆွေဝင်းကို ပုဒ်မ ၆၆ (ဃ)၊ ပုဒ်မ ၂၉၅ (က) တို့နဲ့ လွန်ခဲ့တဲ့ မတ်လကတည်းက အမှုဖွင့် တိုင်ကြားထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG