သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

The voice အယ်ဒီတာချုပ် အာမခံ ရ


 ဗဟန်းတရားရုံးက အာမခံနဲ့ The voice အယ်ဒီတာချုပ် လွတ်မြောက်လာစဉ်။
ဗဟန်းတရားရုံးက အာမခံနဲ့ The voice အယ်ဒီတာချုပ် လွတ်မြောက်လာစဉ်။

တပ်မတော်က တရားစွဲဆိုထားတဲ့ သတင်းသမားတွေရဲ့ အမှုကို ဒီကနေ့နဲ့ ကြားနာစစ်ဆေးပြီး ပုဒ်မ ၆၆(ဃ)နဲ့ စွဲဆိုခံထားရတဲ့ The Voice အယ်ဒီတာ ဦးကျော်မင်းဆွေကို ရန်ကုန်- ဗဟန်းမြို့နယ်တရားရုံးက အာမခံပေးခဲ့ ပေမဲ့ ပုဒ်မ၁၇(၁)နဲ့ စွဲဆိုခံထားတဲ့ သတင်းထောက် ၃ဦးကိုတော့ ရှမ်းပြည်နယ် သီပေါတရားရုံးက ပယ်ချခဲ့ ပါ တယ်။ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်တဦးကတော့ သတင်းထောက်တွေအားလုံးကို အာမခံပေးသင့် တယ်လို့ ယုံကြည်ကြောင်းနဲ့ စွဲဆိုတဲ့ပုဒ်မတွေကို ပြန်လည်ပြင်ဆင် သင့်ကြောင်း သုံးသပ်ပြောဆိုပါတယ်။ သတင်း အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

The Voice အယ်ဒီတာ ဦးကျော်မင်းဆွေဟာ ကျည်ထောင်စုသစ္စာဆိုတဲ့ သရော်စာကြောင့် တရားစွဲ ဆိုခံထားရတာဖြစ်သလို ဒီဗီဘီသတင်းထောက် ဦးအေးနိုင်၊ ကိုပြည့်ဘုန်းအောင်နဲ့ ဧရာဝတီ သတင်းထောက် ကိုသိန်းဇော်ခေါ် ကိုလဝီဝမ်ဟာ ပလောင်လက်နက်ကိုင် အဖွဲ့တွေရဲ့ မူးယစ်ဆေးတိုက်ဖျက်ရေး သတင်းကို သတင်းသွားယူခဲ့တာကြောင့် တပ်မတော်က တရားစွဲဆိုထားတာဖြစ်ပါတယ်။

The Voice အယ်ဒီတာ ဦးကျော်မင်းဆွေကိုတော့ ဗဟန်းတရားရုံးက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) အတွက် သိန်း၂၀၀နဲ့ သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ)အတွက် သိန်း၂၀နဲ့ဒီကနေ့ အာမခံ ပေးခဲ့တာ ဖြစ်ပါ တယ်။

ဦးကျော်မင်းဆွေက အမှုပြီးဆုံးတဲ့အထိ ဥပဒေကြောင်းအရ ဆက်လက် ရင်ဆိုင်သွားမှာဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“သူတို့စွပ်စွဲချက်ပေါ့ ဒီကိစ္စက။ စွပ်စွဲချက်က ကျနော်တို့ ကျူးလွန်ထားခြင်းမရှိဘူး။ မရှိတဲ့အတွက် ကျနော်စိတ် ထဲမှာ ရှင်းတယ်။ ဒီဟာကို ကျနော်တို့က ကိုယ်ကျူးလွန်ထားတာမဟုတ်တဲ့အတွက် ဆုံးခန်းတိုင်အောင် ဥပဒေကြောင်းအရ ရင်ဆိုင်သွားရမှာပေါ့နော်။ ဥပဒေကြောင်းအရ ရင်ဆိုင်မယ်ဆိုတဲ့အတွက်လည်း ကျနော် ထောင် ထဲရောက်သွားတာပေါ့နော်။ အချုပ်ကျတာပေါ့။ ဒါကတော့ ဒီနေ့ မြန်မာပြည်ရဲ့ တရားစီရင်ရေး စနစ်အရ နောက် နှစ်များစွာက အာဏာရှင်စနစ် ကျင့်သုံးခဲ့တဲ့ဒဏ်တွေကြောင့် အာဏာရှင်စနစ်နဲ့ တွဲနေတဲ့ အကြောက်တရားပေါ့။ ဒီအကြောက်တရားတွေကြောင့် ကျနော်ဒီကိစ္စဖြစ်သွားတယ်လို့ သုံးသပ်ပါတယ်။”

ဦးကျော်မင်းဆွေနဲ့အတူ တရားစွဲခံခဲ့ရတဲ့ သရော်စာရေးသားသူ ဗြိတိသျှ ကိုကိုမောင်ကိုတော့ ဇွန်လအတွင်းက ဗဟန်းမြို့နယ်တရားရုံးက တရားသေလွှတ်ပေးခဲ့တာဖြစ်ပါတယ်။

အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ TNLAခေါ် ပလောင်လက်နက်ကိုင်အဖွဲ့ရဲ့ မူးယစ်ဆေးတိုက်ဖျက်ရေးအခမ်းအနားသတင်းကို သွားယူခဲ့သူ ဒီဗီဘီသတင်းထောက် ၂ဦးနဲ့ ဧရာဝတီ သတင်းထောက် ၁ဦးကိုတော့ သီပေါမြို့နယ် တရားရုံးက အာမခံ ပယ်ချခဲ့ပါတယ်။

ဒီလို ပယ်ချခဲ့တာကိုဧရာဝတီ သတင်းထောက် ကိုသိန်းဇော်ခေါ် ကိုလဝီဝမ်ရဲ့ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိမိက အခုလို ပြောပါတယ်။

“အဲဒီဟာက အမိန့်ချတဲ့အချိန်မှာ တရားလိုကို အဓိက စစ်မေးချက်ပဲ မေးရသေးတယ်လေ။ ကျမတို့တောင်မှ မေးခွန်းမမေးရသေးဘူး။ အမှုက ရုပ်လုံးမပေါ်သေးဘူးပေါ့နော်။ စောသေးတဲ့အတွက်ကြောင့် အာမခံကို ပယ်ထားလိုက်တာ။ ကျမတို့ကတော့ ရုပ်လုံးပေါ်သလောက်ရှိရင် ထပ်ပြီးတော့ လျှောက်မှာပါ။”

သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က သတင်းသမားတွေအားလုံးကို အာမခံပေးသင့်ကြောင်း အခုလိုပြောပါတယ်။

“၁၇(၁)နဲ့ စွဲခံထားရတဲ့ သတင်းထောက် ၃ယောက်လည်း အာမခံ ရသင့်တယ်ပေါ့နော်။ တကယ်တော့ ၁၇(၁)နဲ့ စွဲတာက စွဲသင့်တဲ့ ကိစ္စကို မဟုတ်ဘူးဗျနော်။ လက်နက်ကိုင်ပုန်ကန်တဲ့ဟာမှာ အားပေးတာ ကူညီတာ မဟုတ်ဘူးဆိုတာကို တတိုင်းပြည်လုံးက အားလုံးသိရှိထားတဲ့ ကိစ္စပဲလေ။ တကယ်တမ်းကျတော့ သတင်းသမားတွေကလည်း ဘယ်တုံးကမှလည်း ရှောင်ပြေးမယ့်လူမျိုး မဟုတ်ဘူး။ ဒီအမှုကို ရင်မဆိုင်မယ့်သူလည်း မဟုတ်ဘူး။

သို့ပေမဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့အမှု ဖြစ်သင့်ဖြစ်ထိုက်တဲ့ပုဒ်မနဲ့ စွဲတာမျိုးကိုပဲ လက်သင့်ခံနိုင်မယ်။ သီပေါကအမှုလည်း သတင်းသမား ၃ဦးအမှုလည်း အာမခံ ပေးသင့်တယ်လို့ ယုံကြည်တယ်။ ကိုကျော်မင်းဆွေကိစ္စကတော့ အစောကြီးတည်းက ကို ရသင့်တာပေါ့နော်။”

လက်ရှိ စွဲဆိုထားတဲ့ ပုဒ်မတွေအပေါ်မှာ အခုလို သုံးသပ်ပြောဆိုပါတယ်။

“၆၆(ဃ) ကိုတော့ အခု အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တဲ့ဟာက ကျနော့အမြင်တော့ မလုံလောက်သေးဘူးလို့ မြင်တယ်။ အသရေဖျက်မှုဆိုတဲ့အပိုင်းကို ဖယ်ထုတ်ရင် ဖယ်ထုတ်။ မထုတ်ရင် အသရေဖျက်မှုဆိုတာ ဘယ်လိုဟာမျိုးကို ဆိုလိုတယ်ဆိုတာ ဖွင့်ဆိုတဲ့ဟာမျိုး ပါဖို့ အရေးတကြီး လိုအပ်တယ်ပေါ့နော်။ နောက် အာမခံ ပေးရမယ်ဆိုတဲ့ဟာမျိုးလည်း ဥပဒေရေးထုံးအရ ရေးသင့်တယ်လို့ မြင်တယ်။

၁၇(၁)နဲ့ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်နေတဲ့အချိန်မှာ သတင်းမီဒီယာတွေက ဒီလိုမျိုး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သတင်းကိစ္စ ဆောင်ရွက်တဲ့အခါမှာ ဘယ်လိုမျိုးလုပ်ထုံးလုပ်နည်း ရှိသင့်တယ်ဆိုတဲ့ဟာကို အစိုးရကလည်း ဖြစ်ပြီးတဲ့နောက်မှ ပြောတာမျိုးမဟုတ်ဘဲ ဘယ်လိုအဖွဲ့အစည်းနဲ့ ဆက်သွယ်ရမယ်။ ဘယ်သူတွေနဲ့ ဆက်သွယ်သင့်တယ် ရှင်းရှင်းလင်းလင်းလုပ်ထုံးလုပ်နည်းတခုကို အသိပေးကြေညာသင့်တယ်လို့ ထင်တယ်။”

သြဂုတ်လ ၂ရက်နေ့ကတော့ ဆက်သွယ်ရေးဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးခဲ့ပေမဲ့ ပုဒ်မ ၆၆(ဃ)ပယ်ဖျက်ရေးဟာ မအောင်မြင်ခဲ့ဘဲ အာမခံရနိုင်တဲ့ပုဒ်မအဖြစ်သာ အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဇူလိုင်လ ၃၁ရက်နေ့ကလည်း ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံရတဲ့ Myanmar Now အယ်ဒီတာချုပ်ကိုဆွေဝင်းကို မန္တလေး မဟာအောင်မြေတရားရုံးက အာမခံ ပေးခဲ့ပါတယ်။ ကိုဆွေဝင်းဟာ သူ့ရဲ့ Facebook လူမှုကွန်ယက်စာမျက်နှာမှာ ဦးဝီရသူ ပါရာဇိကကျပြီးဖြစ်ကြောင်း ရေးသားခဲ့တဲ့နောက် မတ်လအတွင်းမှာ အမှုဖွင့်တိုင်ကြားခံထားရတာဖြစ်ပါတယ်။

The voice အယ်ဒီတာချုပ် အာမခံ ရ
please wait

No media source currently available

0:00 0:05:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG