သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Myanmar Now Editor ကိုအရေးမယူဖို့ CPJ တောင်းဆို


Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း (မတ်လ ၂၀၁၇)
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း (မတ်လ ၂၀၁၇)

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပုဒ်မ ၆၆ (ဃ) နဲ့ ဇူလိုင်လ ၃၀ ရက်နေ့ ညနေက ဖမ်းဆီးခံလိုက်ရတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအပေါ် တင်ထားတဲ့ စွဲချက်တွေ ချက်ခြင်းပြန်ရုပ်သိမ်းပေးဖို့ CPJ သတင်းထောက်များ အကာကွယ်ပေးရေး ကော်မီတီက တောင်းဆိုလိုက်ပါတယ်။ အစိုးရက တရားမဝင်အသင်းအဖြစ် ကြေညာခြင်း ခံထားရတဲ့အဖွဲ့က တရားစွဲတဲ့အမှုကို တရားရုံးက လက်ခံပြီး ကိုဆွေဝင်းကို ဘာကြောင့် ဖမ်းဆီးရသလဲဆိုတာ သူတို့အနေနဲ့ နားမလည်နိုင်ကြောင်း ကိုဆွေဝင်းအမှုကိစ္စကို တောက်လျှောက် လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ Myanmar Now သတင်းထောက်ချုပ် ကိုထက်ခေါင်လင်းက ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဦးဝီရသူ ပါရာဇိကကျပြီး ရဟန်းဘ၀ နိဌိတံသွား ပြီဆိုပြီး မန္တလေးရဟန်းတပါးရဲ့ ပြောဆိုချက်ကို ကိုကားပြီး ပြီးခဲ့တဲ့ မတ်လတုန်းက သတင်းဆောင်းပါး ရေးသားခဲ့တာအပြင်၊ "အခြေခံ ဥပဒေပြင်လိုသူတွေကို မဘသ သတိပေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းကို ဖေဖော်ဝါရီလ (၂၇) ရက်နဲ့ (၂၈) ရက် တွေက သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဝေမျှခဲ့တာတွေကြောင့် ကိုဆွေဝင်းကို ဦးဝီရသူရဲ့ တပည့်ဖြစ်သူ ကိုကျော်မျိုးရွှေ ဆိုသူက မန္တလေးမြို့အမှတ် (၇) ရဲစခန်းမှာ ပြီးခဲ့တဲ့ မတ်(၇)ရက်က ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့် တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့မှာတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို အလုပ်ကိစ္စနဲ့ တညအိပ် ခရီးသွားဖို့ ရန်ကုန်လေဆိပ်ကို ရောက်လာတဲ့ ကိုဆွေဝင်းကို လေဆိပ်လုံခြုံရေး ရဲတပ်ဖွဲ့တွေက ဖမ်းဆီး ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။ သူ့အပေါ် အမှုဖွင့် တိုင်ကြားထားတဲ့ကိစ္စအတွက် လာရောက်အဖမ်းခံတာ၊ အမှုကို ဥပဒေနည်းလမ်းအရ ရင်ဆိုင်တာတွေ လုပ်ဆောင်ဖို့ သြဂုတ်လ ၃ ရက်နေ့မှာ တိုင်ချက်ဖွင့်ထားတဲ့ မန္တလေးမြို့က သက်ဆိုင်ရာ အပိုင်ရဲစခန်းမှာ လာရောက် အဖမ်းခံမယ့်အကြောင်း ကြိုတင် သဘောတူညီချက် ရယူပြီးမှ အခုလို ပြည်ပ ခရီးစဉ်ကို စီစဉ်ခဲ့တာဖြစ်ကြောင်း ကိုဆွေဝင်းရဲ့ လုပ်ဖော်ကိုင်ဘက် တဦးလည်းဖြစ်၊ ကိုဆွေဝင်းအမှုကိစ္စတွေကို လိုက်လံ ကူညီဆောင်ရွက်ပေးနေသူလည်းဖြစ်တဲ့ Myanmar Now သတင်းထောက်ချုပ် ကိုထက်ခေါင်လင်းက ဇူလိုင်လ ၃၁ ရက်နေ့ မနက်အစောပိုင်းမှာ ဗွီအိုအေကို ရှင်းပြခဲ့ပါတယ်။

မြန်မာအာဏာပိုင်တွေနေနဲ့ ကိုဆွေဝင်းအပေါ် တင်ထားတဲ့ စွဲချက်တွေကို ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုကြောင်း အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့အခြေစိုက် CPJ - သတင်းထောက်များ အကာကွယ်ပေးရေးအဖွဲ့က အာရှရေးရာ ညွန်ကြားရေးမှူး Steve Butler က ပြောပါတယ်။

“ပုဒ်မ ၆၆(ဃ) နဲ့ ကိုဆွေဝင်းအပေါ် တင်ထားတဲ့ စွဲချက်တွေကို မြန်မာအစိုးရအနေနဲ့ ပြန်ရုပ်သိမ်းပေးဖို့ CPJ က တောင်းဆိုပါတယ်။ ကျနော်တို့အနေနဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး၊ ဒါပေမယ့် သူ့အပေါ် တင်ထားတဲ့ အမှုတွေကို မဖြစ်မနေ ရင်ဆိုင်ရအောင် သူ တိုင်းပြည်အတွင်းက ထွက်ခွာလို့မရအောင် တမင် ရည်ရွယ်ပြီး ဖမ်းဆီးတယ်ဆိုတာ သိသာပါတယ်။ သူ့အနေနဲ့ နောက်တနေ့မှာ မြန်မာပြည်ကို ပြန်လာပါ့မယ်ဆိုတဲ့ ကတိပေးထားတဲ့ကြားက အခုလို ဖမ်းဆီးတာ ဖြစ်ပါတယ်။”

မြန်မာအစိုးရကဘက်က လက်ရှိမှာ ဆက်သွယ်ရေးဥပဒေကို ပြန်ပြင် ရေးဆွဲပြီး လွှတ်တော်မှာ တင်သွင်း ဆွေးနွေးနေပါတယ်။ ဒါပေမယ့် အခု ပြင်ဆင်ရေးဆွဲထားတဲ့ ဥပဒေဟာ လုံလောက်မှု မရှိဘူးလို့ Steve Butler က ပြောပါတယ်။

ကိုဆွေဝင်းကို မန္တလေး တရားရုံးက ကျပ် သိန်း ၅၀ စီနဲ့ လူ ၂ ယောက်က သိန်း ၁၀၀ အာမခံနဲ့ ပြန်လွတ်ပေးလိုက်ပြီ ဖြစ်တဲ့အတွက် ကိုဆွေဝင်းတို့ အုပ်စုဟာ မန္တလေးကနေ ရန်ကုန်ကို ပြန်လာနေကြပြီ ဖြစ်ကြောင်း Myanmar Now သတင်းထောက်ချုပ် ကိုထက်ခေါင်လင်းက ပြောပါတယ်။

ကိုထက်ခေါင်လင်း။ ။ မနေ့ညနေက ကျနော်တို့ မဟာအောင်မြေတရားရုံးကနေပြီးတော့ တရားသူကြီး ဒေါ်နီလာသန်းဝင်းကကိုဆွေကို သိန်း ၅၀ နဲ့ အာမခံပေးလိုက်ပါတယ်။ အဲဒီအတွက် မန္တလေးမှာရှိတဲ့ ကျနော်တို့ မိတ်ဆွေ ၂ ဦးကနေပြီးတော့ အာမခံပြီးတော့ အခုညနေကပဲ ကိုဆွေကို ရန်ကုန်ပြန်ဆင်းလာပါတယ်။ ဆင်းလာတော့ လူ၂ယောက်က သိန်း ၅၀ ဆီ ဒဏ်ငွေဆောင်ရမယ့် အနေအထားမှာတော့ ရှိပါတယ်ခင်ဗျ။

မေး။ ။ ကိုဆွေအပေါ်မှာရော တရားရုံးကနေပြီးတော့ ကန့်သတ်ချက်တွေ ဘာတွေများ ထုတ်ပြန် လိုက်ပါသေးသလဲ။

ကိုထက်ခေါင်လင်း။ ။ ကန့်သတ်ချက်တွေကတော့ ပထမ ၁ ချက်ကတော့ ရုံးချိန်းကို လုံး၀ ပျက်လို့မရဘူး။ ရုံးချိန်းကို ကိုဆွေအနေနဲ့ တက်ရောက်ပေးရမယ်။ အကယ်၍ ရုံးချိန်းပျက်ခဲ့ရင် အာမခံကို ကျနော်တို့ ရုပ်သိမ်းနိုင်ခြေ ရှိတယ် ပြီးလို့ရှိရင် အာမခံထားတဲ့ လူ၂ယောက်က တယောက် သိန်း ၅၀ ဆီ အာမခံလျှော်ကြေးကို ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်ကလွဲလို့တော့ တရားသူကြီးကတော့ ဘာမှတော့ ပြောမသွားပါဘူးခင်ဗျ။

မေး။ ။ အဲဒီတော့ ကိုဆွေဝင်းကို သြဂုတ်လ ၇ ရက်နေ့မှာ ရုံးချိန်းပြန်ခေါ်ထားတယ်ဆိုတော့ ကိုဆွေဝင်းက ဆက်သွားပြီး အမှုရင်ဆိုင်ရမှာပေါ့နော်။

ကိုထက်ခေါင်လင်း။ ။ ဟုတ်ပါတယ်ခင်ဗျ ကျနော်တို့ကတော့ ဒီရုံးချိန်းတိုင်း ရုံးချိန်းတိုင်းကို ဥပဒေဘက်က ဆက်လက်ရင်ဆိုင်ဖို့တော့ ရှိပါတယ်။ တရားစွဲပြီဆိုမှတော့ ကျနော်တို့က ဥပဒေလမ်းကြောင်းအတိုင်းပဲ ကျနော်တို့ ပြန်လည်ခုခံဖို့ပဲ စဉ်းစားရမှာပေါ။

မေး။ ။ နောက်တခုကျနော်တို့ သိချင်တာက တကယ့်တကယ်ပြောမယ်ဆိုရင် ပြန်ချက်တွေအရဆိုရင် မဘသဟာ တရားဝင်အဖွဲ့အစည်းရယ်လို့ မရှိတော့ဘူး၊ တရားမဝင်အဖွဲ့အစည်းဆိုပြီးတော့ ကြေညာထားပြီးသား ဖြစ်နေတော့ ဒီတရားမဝင်တဲ့အဖွဲ့အစည်းကို မထီမဲ့မြင်ပြုလို့ စော်ကားလို့ဆိုပြီးတရားစွဲတဲ့အမှု က ဘယ်လိုများဖြစ်သွားမလဲ၊ အမှုလမ်းကြောင်းအရ။

ကိုထက်ခေါင်လင်း။ ။ အမှုလမ်းကြောင်းအရ အဲဒါကတော့ ကျနော်တို့ တရားခွင်တွေရဲ့အခြေအနေတွေပေါ်မူတည်တယ်။ ပြီးတော့ တရားစီရင်ဆုံးဖြတ်မယ့် တရားသူကြီး ပေါ်မှာလည်း မူတည်တယ်ပေါ့နော် လက်ရှိအခြေအနေမှာဆိုရင် မဘသ ဆိုတာက မရှိတော့ဘူး။ မဘသ ဆိုတာတွေ အကုန်လုံးက ပျက်သုဉ်းသွားပြီး အဲဒီအတွက် ဘယ်လိုလာမလဲဆိုတာကတော့ ကျနော်လည်းမပြောတတ်ဘူး။ အဲလိုမျိုးသာ ပြောကြေးဆိုရင် ကျနေ်ာတို့က ပိုတောင်အံသြမိတာက မဘသ အဖွဲ့မရှိတော့တဲ့ အခြေအနေမှာ ဒါကိုဘာဖြစ်လို့များ တရားရုံးအပေါ်ဆွဲတင်သလဲ ၊ တရားစွဲခွင့်ပြုသလဲဆိုတာတဲ့အနေအထားကလည်း ကျနော်တို့ အများကြီးစဉ်းစားစရာဖြစ်နေတာကို အဲဒီအတွက် တရားရေးလမ်းကြောင်းအတိုင်းကို ကျနော်တို့ကတော့ ဥပဒေနဲ့အညီ ပြန်လည်ခုခံချေပမယ်။

ကိုဆွေဝင်းရဲ့အမှုကို မန္တလေးတိုင်း မဟာအောင်မြေတရားရုံးမှာ လာမယ့် သြဂုတ်လ ၇ ရက်နေ့မှာ ဆက်စစ်သွားမှာ ဖြစ်ပါတယ် ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG