သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံသတင်းသမားတွေ အလျှော့ပေးမည်မဟုတ်


ဖမ်းဆီးခံသတင်းသမားများ
ဖမ်းဆီးခံသတင်းသမားများ

မတရားအသင်းနဲ့ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖမ်းဆီးခံရပြီး တရားရင်ဆိုင်နေရတဲ့ သတင်းထောက်တွေက သူတို့အနေနဲ့ လက်လျှော့ အရှုံးပေးမှာမဟုတ်ဘဲ ဆက်ပြီး ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။ သောကြာနေ့ တရားရုံးကအထွက် မှာ ဖမ်းဆီးခံသတင်းထောက်တွေက အဲဒီလိုပြောသွားကြတာဖြစ်ပြီး သူတို့အတွက် အာမခံကိုလဲ တရားရုံးမှာ လျှောက်ထားပြီး ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

DVB သတင်းဌာနက အကြီးတန်းသတင်းထောက် ကိုအေးနိုင်နဲ့ ဗွီဒီယိုသတင်းထောက် ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီ သတင်းဌာနက သတင်းထောက် ကိုသိန်းဇော် ခေါ် ကိုလဝီဝမ်တို့နဲ့အတူ တခြားလူသုံးဦး၊ စုစုပေါင်း ခြောက်ဦးတို့ကို သောကြာ နေ့က ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တရားရုံးမှာ ထပ်ပြီး ရုံးထုတ် စစ်ဆေးတာပါ။

ရဲအချုပ်ကားနဲ့ တရားရုံးကိုအရောက် ကားပေါ်က ဆင်းဆင်းချင်းမှာပဲ ကိုလဝီဝမ်က အခုလိုပြောသွားပါတယ်။

“အားလုံးမင်္ဂလာပါ။ သတင်းထောက်ဖြစ်လို့ ဒါရတာ။ ဒါဒီမိုကရေစီလေ သိတယ်မဟုတ်လား။ ငါတို့ နိုင်ငံ ဒီမိုကရေစီ။”

သူတို့အပေါ် ဆွဲတင်ထားတဲ့ ပုဒ်မ ၁၇ (၁) ဟာ ထောင်ဒဏ်သုံးနှစ်ထိ ကျခံရနိုင်တဲ့ပုဒ်မဖြစ်တာကြောင့် ဥပဒေအရ အာမခံ ပေးမယ်ဆိုရင် ပေးလို့ရတဲ့အတွက် အာမခံလျှောက်ထားခဲ့တယ်လို့ တရားစွဲခံထားရသူတွေရဲ့ ဥပဒေအကျိုးဆောင် တရား လွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက ပြောပါတယ်။

“၃ နှစ်ဆိုတဲ့ ပြစ်ဒဏ်မျိုးတွေကတော့ အာမခံပေးကြပါတယ်။ သို့သော်လည်း မတရားအသင်းဖြစ်နေတဲ့အတွက်တော့ ပေးတဲ့အစဉ်အလာနည်းတာပေါ့ဗျာ။ သို့သော်လည်း ကျနော်တို့က ထွက်ပြေးမယ့်လူတွေလည်း မဟုတ်ဘူး သတင်းသမားတွေလည်းဖြစ်နေတယ်။ ၁၇/၁ မှာ သတင်းယူတဲ့ ကိစ္စကြောင့်ဖြစ်နေတယ် ဆိုတဲ့အတွက် ကျနော်တို့ အာမခံနဲ့ ပတ်သက်လို့လည်း ကျနော်တို့ဘက်ကတော့ မျှော်လင့်လို့ လျှောက်တာပေါ့ခင်ဗျာ။ နောက်ရုံးချိန်းကျနော်တို့ ဆက်စစ်မယ်၊ ဒီအမှုကို မြန်မြန်စစ်မယ်ပေါ့ဗျာ တရားရုံးကလည်း။”

သူတို့ခြောက်ဦးဟာ တအာင်း ပလောင် လူမျိုးစုလက်နက်ကိုင်အဖွဲ့ TNLA က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် သူတို့နယ်မြေထဲမှာ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတဲ့ပွဲကို သတင်းသွားယူပြီးတဲ့နောက် အပြန်မှာ စစ်တပ်က ဖမ်းဆီးခဲ့တာပါ။ သူတို့ကို တပ်ထဲမှာ နှစ်ရက်ကြာ ထိန်းသိမ်းထားပြီးတဲ့နောက် ရဲတပ်ဖွဲ့ကိုလွှဲပေးပြီး မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီးတော့ ပုဒ်မ ၁၇ (၁) နဲ့ အခုလို တရားစွဲ ဆိုထားတာဖြစ်ပါတယ်။

DVB သတင်းဌာနက အကြီးတန်းသတင်းထောက် ကိုအေးနိုင်ကတော့ ဘာပဲဖြစ်လာဖြစ်လာ ဆက်ပြီး ရင်ဆိုင်သွားမယ်လို့ တရား ရုံးအထွက်မှာ သတင်းထောက်တွေကို ပြောသွားပါတယ်။

“အဲဒီတော့ ကျနော်တို့က နောင်တရမှာလည်းမဟုတ်ဘူး ၊ ကျနော်တို့လုပ်တာလည်းမှန်တယ် အဲဒါကြောင့် ကျနော်တို့ဟာ အားလုံးကို ရင်ဆိုင်သွားမယ်။ လုံး၀ ဂရုလည်းမစိုက်ဘူး ကြောက်လည်းမကြောက်ဘူး။ ကျနော်တို့က ပရုပ်ဆီလို လုံးပါးပါးရင် ပါးသွားလိမ့်မယ် ကျနော်တို့ရပ်တည်ချက်က လျော့မှာမဟုတ်ဘူး။”

သူတို့ကိုဖမ်းဆီးပြီး အခုလို တရားစွဲဆိုထားတဲ့အပေါ် ပြည်တွင်းပြည်ပက သတင်းလွတ်လပ်ခွင့်ဆိုင်ရာ လှုံ့ဆော်စည်းရုံးတဲ့ အဖွဲ့ အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ သတင်းမီဒီယာလောကသားတွေက ပြစ်တင်ရှုတ်ချကြပြီးတော့ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားကြပါတယ်။ ဒါဟာ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ဖိနှိပ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ကြပေမဲ့လဲ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကတော့ ဒါကို သဘောမတူဘဲ သတင်းလွတ်လပ်ခွင့်နဲ့ မဆိုင်ဘူးဆိုတဲ့သဘောမျိုး ပြော ဆိုထားတာတွေရှိပါတယ်။

သတင်းသမားဟာ ကိုယ့်အလုပ်ကိုယ် လုပ်ရမှာပဲလို့ DVB သတင်းဌာနက ဗွီဒီယိုသတင်းထောက် ကိုပြည့်ဘုန်းအောင်ကလဲ တရားရုံးအထွက်မှာ ပြောသွားပါတယ်။

“ကျောင်းဆရာက စာသင်တာ သူ့အလုပ်သူလုပ်တာ၊ ဆရာဝန်က ဆေးကုတာ သူ့အလုပ်သူလုပ်တာ။ သတင်းထောက်က သတင်းယူတာ သူ့အလုပ်သူလုပ်တာ အဲဒီအတွက် ကျနော်ပြောချင်တာက ကဗျာဆရာ မောင်ချောနွယ်ပြောသလိုပဲ အယူမှန်သူအတွက် အယူခံဝင်စရာမလိုဘူး။”

ပြီးခဲ့တဲ့ တရားရုံးချိန်းတွေကို နှစ်ပတ်လောက်မှာတကြိမ် ရုံးထုတ် စစ်ဆေးခဲ့တာဖြစ်ပြီး နောက်ပိုင်းရုံးချိန်းတွေကိုတော့ တပတ်ကို တကြိမ် သောကြာနေ့တိုင်း ရုံးထုတ်စစ်ဆေးသွားဖို့ တရားရုံးက သောကြာနေ့မှာ သဘောတူလိုက်ပြီလို့ ရှေ့နေဦးမောင်မောင်ဝင်း ကပြောပါတယ်။ ဒါဆိုရင်တော့ နောက်တကြိမ်ရုံးထုတ်ဟာ လာမယ့်သောကြာ သြဂုတ်လ ၄ ရက်နေ့ဖြစ်ပါလိမ့်မယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG