သုံးရလွယ်ကူစေသည့် Link များ

သတင်းလွတ်လပ်ခွင့်ရရေး အစိုးရနဲ့လွှတ်တော်ကို တိုက်တွန်းဖို့ နိုင်ငံတော်အတိုင်ပင်ခံကို သတင်းသမားတွေ တောင်းဆို


ဒေါ်အောင်ဆန်းစုကြည် သတင်းမီဒီယာနဲ့တွေ့ဆုံစဉ် (သြဂုတ်၊ ၂၀၁၅)
ဒေါ်အောင်ဆန်းစုကြည် သတင်းမီဒီယာနဲ့တွေ့ဆုံစဉ် (သြဂုတ်၊ ၂၀၁၅)

ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ဥပဒေတွေကြောင့် သတင်းလွတ်လပ်ခွင့် ထိခိုက်နေရတာအပါအဝင် သတင်းလိုက်ရင်း သတင်းသမားတွေ ဖမ်းဆီးထောင်ချခံနေရတဲ့ အခြေအနေတွေဟာ သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအစိုးရရဲ့ပုံရိပ်ကို ထိခိုက်စေတဲ့အတွက် သတင်းသမားတွေနဲ့ သတင်းလွတ်လပ်ခွင့်ရစေရေး အစိုးရနဲ့လွှတ်တော်အနေနဲ့ အမြန်ဆုံးဆောင်ရွက်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို သတင်းသမားတွေ စုဖွဲ့ထားတဲ့ မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီက တောင်းဆိုလိုက်ပါတယ်။ အခုလက်ရှိမြန်မာ့သတင်းမီဒီယာ လွတ်လပ်မှုအခြေအနေဟာ နိုင်ငံတကာအမြင်မှာပါ မေးခွန်းထုတ်စရာဖြစ်လာတာဟာ ဒီမိုကရေစီအစိုးရလက်ထက် ကောင်းတဲ့လက္ခဏာတရပ်မဟုတ်ဘူးလို့လည်း သတင်းသမားတွေက သုံးသပ်ပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးနဲ့ နေပြည်တော်အခြေစိုက်သမ္မတအိမ်တော်သတင်းထောက်တွေ သမ္မတအိမ်တော် သတင်းခမ်းမမှာ အလွတ်သဘောတွေ့ဆုံခဲ့ကြချိန်သတင်းသမားတွေ စုဖွဲ့ထားတဲ့ မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီ(PCMJ) က အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ်ကတဆင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံကို လက်ရှိမြန်မာ့သတင်းမီဒီယာအခြေအနေနဲ့ပတ်သက်တဲ့ တောင်းဆိုချက်တွေကို တင်ပြခဲ့ကြပါတယ်။

အဓိကကတော့ ၆၆ ဃနဲ့ တရားစွဲဆိုခံထားရတဲ့ The Voice အယ်ဒီတာချုပ်ဦးကျော်မင်းဆွေ၊ နောက် မတရားအသင်း ဥပဒေ ၁၇ -၁ နဲ့ အရေးယူခံထားရတဲ့ DVB သတင်းဌာနမှ ဦးအေးနိုင်၊ ဦးပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းဌာနက ကိုလဝီဝမ်(ခ) ဦးသိန်းဇော်တို့ အဖမ်းဆီးခံထားရတာဟာ သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအစိုးရရဲ့ပုံရိပ်ကို ထိခိုက်စေတဲ့အတွက်သတင်းသမားများ အမြန်ဆုံးလွတ်မြောက်ရေး အစိုးရနဲ့လွှတ်တော်မှာ တာဝန်ရှိတဲ့အတွက် အမြန်ဆုံးဖြေရှင်းပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အခုလိုတောင်းဆိုရတာဖြစ်တယ်လို့ မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီ(PCMJ) ကိုသာလွန်ဇောင်းထက်က ဗွီအိုအေကိုပြောပါတယ်။

“ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဥပဒေတွေကြောင့်မို့လို့ သတင်းလွှတ်လပ်ခွင့်ထိခိုက်နေရတာတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့ အဲဒါက ပြည်သူလူထုက ရွေးကောက်ထားတဲ့ အစိုးရ၊ လွှတ်တော်မှာ တာဝန်ရှိတယ်ဆိုတာက နံပတ်၂ အချက်ပေါ့နော်။ သတင်းလုပ်ကိုင်နေရင်းနဲ့ သတင်းသမားတွေ ထောင်ချဖမ်းဆီးခံနေရတာတွေ က သတင်းလွတ်လပ်ခွင့်နဲ့ freedom of Expression ကို ထိခိုက်တယ် ပေါ့နော် အဲဒါကြောင့် သတင်းသမားများလွတ်မြောက်ရေးနဲ့ သတင်းသမားများလွတ်လပ်ခွင့်ကို ရရှိဖို့ အစိုးရ၊ လွှတ်တော်မှာ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ပေါ့။ လက်ရှိကြုံတွေ့နေရတဲ့အခြေအနေမှာ သတင်းမီဒီယာတွေနဲ့ကျယ်ကျယ်ပြန့်ပြန့် မီဒီယာ စာမျက်နှာတွေက ဖော်ပြပေမယ့်လည်း အခြေအနေက မထူးခြားလာတဲ့အတွက်ကြောင့် သတင်းသမားတွေကိုယ်တိုင် လမ်းပေါ်တက်နေရတဲ့အခြေအနေဖြစ်လာတယ်ပေါ့နော်။ အဲဒီအခြေအနေကြောင့်မို့လို့ နိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်နဲ့ ပြည်သူရဲ့ သတင်းသိပိုင်ခွင့် ချုပ်ထိန်းမှုတွေ ထပ်ပြီးတော့ ပေါ်လာနိုင်တယ်ပေါ့ ဒါတွေကို မဖြေရှင်းလို့ရှိရင်ပေါ့နော်။ ကျနော်တို့ သတင်းသမားများကာကွယ်ရေးကော်မတီ အနေနဲ့က အဲဒီအချက် ၄ ချက်ကို ပို့လိုက်တာပေါ့နော်။ ဒါကို ဦးဇော်ဌေးကနေတဆင့် ဦးဇော်ဌေးကတော့ ဒီအချက်တွေကို တင်ပြပေးမယ်ပေါ့နော်။

မေး။ ။ ကိုသာလွန်ဇောင်းထက်တို့ဘက်က တင်ပြလိုက်တဲ့အချက်ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ ဒီအချက်တွေကို လက်ခံသိပြီးသွားတဲ့နောက်မှာ ဘာတွေဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ချက် ရှိပါသလဲရှင့်။

ဖြေ။ ။ကျနော်တို့ကတော့ ယုံကြည်တာကတော့ သူက နိုင်ငံတော်မှာ ဒီမိုကရေစီရဲ့ ပုံရိပ်တခုလည်းဖြစ်တယ်၊ လူ့အခွင့်အရေးနဲ့ တကမ္ဘာလုံးရဲ့ ငြိမ်းချမ်းရေးပုံရိပ်လည်းဖြစ်တယ်။ ဆိုတော့ သူလို ပုဂ္ဂိုလ်မျိုး၊ သူ့လိုခေါင်းဆောင်မျိုးကတော့ လူ့အခွင့်အရေးကို တန်ဖိုးထားမယ်။ ဒီမိုကရေစီရေးကိုလည်း တန်ဖိုးထားမယ် ။ သတင်းလွတ်လပ်ခွင့်ကိုလည်း တန်ဖိုးထားမယ်လို့ ကျနော်တို့မျှော်လင့်တာပေါ့နော်။ ကျနော်တို့တင်ပြလိုက်တဲ့အချက်တွေကို သူသိသွားရင်တော့ သူ့အနေနဲ့ သတင်းလွတ်လပ်ခွင့်ကိစ္စ တွေလည်းလုပ်ပေးမယ်လို့ မျှော်လင့်တာပေါ့လေ။ ဒါပေမယ့်လည်း ဖြစ်လာမဖြစ်လာကတော့ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။”

အခုလိုပုဒ်မအမျိုးမျိုးနဲ့ သတင်းသမားတွေ ဖမ်းဆီးထိန်းသိမ်းခံနေရတာအပါအဝင် သတင်းအချက်အလက်ရယူခွင့်ပါ ကန့်သတ်ချက်တွေဖြစ်လာနေတဲ့ အခုလက်ရှိမြန်မာသတင်းမီဒီယာလွတ်လပ်မှုအခြေအနေ ဟာ ပြည်သူကရွေးချယ်တင်မြောက်လိုက်တဲ့ ဒီမိုကရေစီအစိုးရတရပ်ရဲ့ ပုံရိပ်ကို ထိခိုက်လာနေတဲ့အနေအထားဖြစ်လာနေတယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ကိုမြင့်ကျော်က သုံးသပ်လိုက်ပါတယ်။

“မီဒီယာ လွတ်လပ်ခွင့်ထိခိုက်ရင် အစိုးရပုံရိပ်ထိချက်တယ်။ ကြည့်လိုက်ရင်လည်း နိုင်ငံတကာသံရုံးတွေထုတ်ပြန်တာတွေရှိတယ်၊ အမေရိကန်သံရုံးရှိတယ်၊ လူ့အခွင့်အရေးအဖွဲ့တွေရှိတယ်၊ အဲလိုပဲ ဥပရောပနိုင်ငံတွေရှိတယ်။ တချို့ကလည်း ဆက်ပြီးတော့ မေးမြန်းစုံစမ်းတာကတော့ သူတို့စိုးရိမ်ပူပန်တာကြောင့် မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးထုတ်ပြောတာတွေ ကြားနေရတာပေါ့နော်။ အဲဒီဟာတွေ ထောက်ကြည့်ခြင်းအားဖြင့် မီဒီယာ လွတ်လပ်ခွင့်မှာ ထိနေတယ်ဆိုတာက အငြင်းပွားစရာမရှိဘူးထင်တယ်။”

မနေ့သောကြာနေ့က ရုံးထုတ်စစ်ဆေးခဲ့တဲ့ ၆၆ ဃနဲ့ တရားစွဲဆိုခံထားရတဲ့ The Voice အယ်ဒီတာချုပ်ဦးကျော်မင်းဆွေရဲ့ အမှုကိုတော့ အမှုပိတ်သိမ်းပေးနိုင်ဖို့အရေး ဥပဒေအကျိုးဆောင်တွေဘက်က ကြိုးစားဆောင်ရွက်နေတယ်လို့ ဦးကျော်မင်းဆွေရဲ့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ဗွီအိုအေကို ပြောပါတယ်။

“အဲဒီတော့ ကျနော်တို့က လာမယ့်ရုံးချိန်းမှာ ဗိုလ်ကြီးလင်းထွန်း တိုင်ကြားသူကို ပြီးပြတ်အောင် စစ်ဆေးပြီးတော့မှ အဲဒါပြီးပြတ်သွားတာနဲ့ တပြိုင်ထဲ ဒီအမှုကို ရန်ကုန်တိုင်း တရားလွှတ်တော်မှာ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၈၁(က)အရ အမှုပယ်ဖျက်ပေးဖို့ လျှောက်ထားဖို့ဆိုတာကို ကျနော်တို့ ရွေးချယ်ထားပါတယ်။ ဟိုဘက်က အာမခံရရှိဖို့နဲ့ ပတ်သက်လို့လည်း ပြည်ထောင်စုလွှတ်တော်ကနေ ပြင်ဆင်မယ့်ဥပဒေကြမ်းကို ဒီမှာထုတ်ပြန်လိုက်ပြီဆိုတော့ မကြာခင် ဒီလွှတ်တော် မပြီးဆုံးသေးခင်ပေ့ါနော် ၁၄ ရက်နဲ့ ၂၀ ရက်ကြားထဲမှာ ပြင်ဆင်လိုက်ပြီဆိုရင် အာမခံက အခုရုံးချိန်းရရင်ရ၊ မရရင်လည်း နောက်ရုံးချိန်းမှာ ရဖို့ရှိတဲ့အတွက် အာမခံအတွက်ကတော့ ကျနော်တို့ သိပ်ပြီးတော့ ပူပန်မှုမရှိတော့ပါဘူး။ အမှု စွဲဆိုတဲ့ ပုဒ်မ ပြောင်းလဲသွားဖို့နဲ့ စွဲဆိုပုံမှားယွင်းနေတဲ့အတွက် အမှုပိတ်သိမ်းဖို့ကိုပဲ ကျနော်ဦးစားပေးလုပ်နေပါတယ်ခင်ဗျ။”

အခုလက်ရှိ ရှမ်းပြည်နယ်သီပေါအကျဉ်းထောင်မှာ မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၁)နဲ့ အရေးယူ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့သတင်းထောက် ၃ ဦး အပါအဝင် ၆ ဦးကို တော့ မနေ့သောကြာနေ့ မနက် သီပေါမြို့နယ် တရားရုံးမှာရုံးထုတ်ပြီး စတင် တရားစွဲဆိုလိုက်ပြီး လာမယ့် ၂၁ရက်နေ့မှဘဲ ရုံးထုတ်စစ်ဆေးမှာဖြစ်လို့ သတင်းသမားတွေ လွတ်မြောက်ရေး ကြိုးစားဆောင်ရွက်နေကြတဲ့ သတင်းသမားတွေ တရားရုံးကို စုစုစည်းစည်း သွားရောက်ကြဖို့လည်း ပြင်ဆင်နေကြတယ်လို့သိရပါတယ်။

XS
SM
MD
LG