သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ မြန်မာသတင်းထောက် ၃ ဦး ရုံးထုတ်


ဖမ်းဆီးခံသတင်းထောက်တွေ ပြန်လွှတ်ပေးရေး တောင်းဆို။
ဖမ်းဆီးခံသတင်းထောက်တွေ ပြန်လွှတ်ပေးရေး တောင်းဆို။

မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ ဒီဗွီဘီနဲ့ ဧရာဝတီ သတင်းဌာနတို့က သတင်းထောက် ၃ ဦးကို ဇူလိုင်လ ၂၁ ရက်နေ့မှာ ရုံးထုတ်ဖို့ စီစဉ်ထားရာက ၁၈ ရက်နေ့မှာ စောပြီး ရုံးထုတ်လိုက်တဲ့ အတွက် သတင်းမီဒီယာ အသိုင်းအဝိုင်းကြား အံ့အားသင့်စေခဲ့သလို ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၃ ဦးတို့ကလည်း သူတို့ကို မတရားသဖြင့် ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း အပြင်မှာ ရှိနေသူတွေကို ပြောကြားခဲ့ပါတယ်။ အလားတူပဲ ဥပဒေ ပညာရှင်တွေကလည်း အခုလို ဖမ်းဆီး ထိန်းသိမ်းထားတာဟာ ဥပဒေနဲ့ ကိုက်ညီခြင်း မရှိဘူးလို့ ဝေဖန် ထောက်ပြခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

DVB သတင်းဌာနက အကြီးတန်း သတင်းထောက် ဦးအေးနိုင်၊ ကိုပြည့်ဘုန်းအောင်နဲ့ ဧရာဝတီ သတင်းဌာနက ကိုသိန်းဇော် (ခ) လဝီဝမ်တို့ ၃ ဦးကို မူလက ဇူလိုင်လ ၂၁ ရက်နေ့မှာ ရုံးထုတ်ဖို့ စီစဉ်ထားရာက တရားသူကြီးက ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်က ကျင်းပတဲ့ အခမ်းအနားကို တက်မယ့်ရက်နဲ့ တိုက်ဆိုင်နေတဲ့ အတွက်ဆိုပြီးသူတို့ကို ရုတ်တရက် မနေ့က ဇူလိုင်လ ၁၈ ရက်နေ့မှာ ရုံးထုတ်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အမှုကို လာမယ့် ဇူလိုင်လ ၂၈ ရက်နေ့မှာ ကြားနာဖို့ ရက်ရွှေ့ဆိုင်း လိုက်ပါတယ်။

သတင်းထောက် ၃ ဦးကို အင်္ဂါနေ့က ရုံးထုတ်စဉ် သူတို့ကို ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ သူ့ရဲ့ သဘောထားကို ဒီဗွီဘီသတင်းဌာန အကြီးတန်း သတင်းထောက် ကိုအေးနိုင်က အပြင်မှာစောင့်နေသူတွေကို အခုလို ပြောကြားခဲ့ပါတယ်။

“ ကျနော်တို့က ကျနော်တို့လက်ထဲမှာ ဖေါင်တိန်တောင်မပါဘူး။ ပြောရမယ်ဆိုလို့ရှိရင် အချွန် အထက်ဆိုလို့။ ဒါပေမဲ့ အချိန်မရွေး မိုင်းအနင်းခံရနိုင်တယ်၊ သေနတ်နဲ့ ချော် အပစ်ခံရနိုင်တယ် ဆိုတဲ့ နေရာတွေကို ကျနော်တို့ စွန့်စားသွားတယ် ဆိုတာ ရှင်းရှင်းပြောရမယ်ဆိုရင် ကျနော်တို့ ဘဝတွေ အသက်တွေကို ပေးပြီးတော့ ဒီမီဒီယာ လုပ်ငန်းကိုလုပ်တာ။ ဒါပေမဲ့ စိတ်မကောင်းစရာ ဖြစ်တာက ဗမာပြည်မှာ တခါမှ မီဒီယာသမားတွေ အပေါ်မှာ အရေးယူ ဆောင်ရွက်ခြင်း မရှိတဲ့ ၁၇/၁ နဲ့ ကျနော်တို့ကို တရားစွဲဆိုတယ်။ ဒါဟာ ကျနော်တို့ ထောင်ကျခြင်း မကျခြင်းနဲ့ စာလို့ရှိရင် ကျနော်တို့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီကို သွားတယ်ဆိုတဲ့ လမ်းကြောင်းကို ကမ္ဘာကို ကြွေးကြော် နေပေမဲ့လည်း ရှက်စရာကောင်းတယ်။

ဒီဥပဒေတွေကို လွှတ်တော်ကနေ လူထုကနေတင်မြှောက်တဲ့ ကိုယ်စားလှယ်တွေက နေပြီးတော့ ဦးစားပေး ပြင်သင့်တယ်။ နောက်ပြီးတော့ ၆၆ (ဃ) နဲ့ The Voice အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ ဖမ်းအချုပ်ခံရတယ်။ အာမခံ မရဘူးဆိုတဲ့ သတင်းကြားတယ်။ ဒါတွေဟာ ဆိုလို့ ရှိရင် အင်မတန် မဖြစ်သင့်တဲ့ ကိစ္စတွေလို့မြင်တယ်။ အဲတော့ ဘယ်လိုပဲ အာဃာတတွေ ရှိခဲ့ရှိခဲ့ ကျနော်တို့ တိုင်းပြည် ပြန်လည်ထူထောင်ဖို့ အချိန်ရောက်ပြီ။ ”

ဦးအောင်ထူးဟာ လူ့အခွင့်အရေး ရှေ့နေတဦးဖြစ်တဲ့အပြင် ဥပဒေ အထောက်အကူပြု ကွန်ယက် တည်ထောင်သူလည်းဖြစ်ပါတယ်။ သူက သတင်းထောက်တွေကို အခုလို ဖမ်းဆီးထားတာဟာ ဥပဒေနဲ့ ကိုက်ညီခြင်းမရှိဘူးလို့ ပြောပါတယ်။

“ ဥပဒေကြောင်း အရ ပြောမယ်ဆိုရင် အခု မီဒီယာ သမား ၃ ဦးကို စွဲဆိုထားတဲ့ ၁၉၀၈ မတရားသင်း ဥပဒေနဲ့ စွဲဆိုခွင့်မရှိဘူး ဆိုတာ ပြောလို့ရတယ် တိတိကျကျ အားဖြင့်။ ဆိုလိုတာကတော့ ဥပဒေစိုးမိုးရေး အခြေခံကနေ ရာနှုန်းပြည့် ကျနော်တို့ ပြောလို့ရတယ်။ ဘာလည်းဆိုတော့ ဥပဒေစိုးမိုးရေးဆိုတာ တည်ဆဲဥပဒေတွေကို လူတိုင်းက အားလုံးလိုက်နာရမယ်။ ဥပဒေရှေ့မှောက်မှာ အားလုံးတူတူပဲဖြစ်ရမယ်။ အားလုံးလို့ ဆိုတဲ့အခါကြတော့ အစိုးရအာဏာပိုင်နဲ့ သာမန်ပြည်သူနဲ့ သတင်းထောက်နဲ့ ခွဲခြားလို့ မရဘူး။ အဲတော့ ဥပဒေကို အစိုးရ အာဏာပိုင်တွေက ချိုးဖေါက်ရင်လည်း အရေးယူရမယ်။ အဲဒီဥပဒေကို တခြားလူက ချိုးဖေါက်လို့ ရှိရင်လည်း အရေးယူရမယ်။ အဲတော့ ဥပဒေတွေကို တခြားလူက ချိုးဖေါက်ရင် အရေးယူတယ်။ အစိုးရ အာဏာပိုင်တွေက ချိုးဖေါက်ရင် အရေးမယူဘူး ဆိုတာဟာ ဥပဒေစိုးမိုးရေး ပျက်တဲ့ သဘာဝပဲ။”

ဒါ့အပြင် သူတို့ကို ဖမ်းဆီးတဲ့ပုံစံဟာလည်း နည်းလမ်းလွဲချော်နေကြောင်း ဦးအောင်ထူးက ထောက်ပြပါတယ်။

“ နောက်ဆိုးတာက ဘာလဲဆိုတော့ ဖမ်းခွင့်မရှိတဲ့ စစ်တပ်က ဖမ်းတာပေါ့ဗျာ။ စစ်တပ်က ဖမ်းခွင့်မှ မရှိတာ။ စစ်တပ်က ခွင့်မရှိပဲဖမ်းတယ်။ စစ်တပ်က ဖမ်းတာကို ရဲလက်ထဲ လွှဲလိုက်တယ်။ ရဲကလည်း စစ်တပ်ဖမ်းတာကို ခပ်ကုတ်ကုတ်ကလေး လက်ခံလိုက်ပြီးတော့မှ အမှုဆက်သွားတာကိုက ဒါကိုက ကျနော်တို့ Fair trial concept လို့ခေါ်တဲ့ တရားမျှတစွာ စစ်ဆေး စီရင်တဲ့ နိုင်ငံတကာ အခြေခံမူနဲ့ ရာနှုန်းပြည့် ဆန့်ကျင်နေတာ။ အဲဒီတော့ ကျနော်တို့ ဒီ လူတယောက် ဖမ်းဆီးခံရပြီးတိုင်းမှာ အထူးသဖြင့် တရားရုံး မရောက်ခင် အဆင့်ကြားထဲမှာ Pre-trial stage လို့ခေါ်တာပေါ့။ အဲဒီ တရားရုံးမရောက်ခင် ဖြစ်တဲ့ အဆင့်ကြားထဲက အခြေအနေကို ဖြစ်တိုင်းမှာ နေ့စဉ် စနစ်တကျ ဖော်ထုတ်နိုင်ဖို့ သိပ်ကို အရေးကြီးလာပြီ။ ဒါက အခု သတင်းထောက်တွေရဲ့မှုခင်းသာ မကဘူး၊ မှုခင်း အားလုံးနဲ့ ဆိုင်ပါတယ်။ ”

သူတို့အပေါ် စွဲချက်တင်ထားတဲ့ ပုဒ်မ ၁၇/၁ အရ အများဆုံး ထောင်ဒဏ် (၃) နှစ် ကျခံရနိုင်ပါတယ်။ အဲဒီလို ထောင်ဒဏ် ၃ နှစ်အထိ ပြစ်ဒဏ်ပေးနိုင်တဲ့ အမှုတွေကို အာမခံ ပေးရလေ့ရှိတယ်လို့လည်း ဦးအောင်ထူးက ပြောပါတယ်။

Steve Butler ဟာ သတင်းထောက်များ အကာကွယ်ပေးရေးအဖွဲ့ CPJ က အာရှဒေသဆိုင်ရာ ညွန်ကြားရေးမှူးပါ။ သူဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ကပဲ မြန်မာနိုင်ငံ၊ နေပြည်တော်ကို သွားရောက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက အရာရှိတွေနဲ့ တွေ့ဆုံတာမှာ ၁၉၀၈ ခုနှစ်ကတည်း တည်ရှိခဲ့တဲ့ မတရားအသင်း ဆက်နွယ်မှု ပုဒ်မနဲ့ သတင်းထောက်တွေကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့ကိစ္စကို တင်ပြ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တခြား သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထိန်းချုပ်တဲ့ ဥပဒေတွေ ဖျက်သိမ်းပေးရေးနဲ့ ပြင်ဆင် ရေးဆွဲရေးကိစ္စတွေကိုလည်း တင်ပြခဲ့တယ်လို့ Steve Butler က ပြောပါတယ်။ အခုနောက်ပိုင်း လူပြောများနေတဲ့ ၆၆ (ဃ) အပါအဝင် ဆက်သွယ်ရေး ဥပဒေထဲမှာ ပါနေတဲ့ ရာဇဝတ်မှုနဲ့ တရားစွဲဆိုနိုင်တဲ့ ပုဒ်မတွေကို ရုပ်သိမ်းဖို့ အစိုးရဘက်က ပြင်ဆင်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အရာရှိတွေက သူ့ကို ပြောကြားခဲ့တယ်လို့ Steve Butler က ပြောပါတယ်။

“ကျနော် မကြာသေးခင်ကဘဲ နေပြည်တော်ကို သွားခဲ့ပါတယ်။ အခု အစိုးရက အဆိုပြုထားတဲ့ ဆက်သွယ်ရေးဥပဒေ မူကြမ်းထဲမှာ ရာဇဝတ်မှုနဲ့ တရားစွဲဆိုနိုင်တဲ့ အပိုဒ်တွေကို ရုပ်သိမ်းဖို့ အဆိုပြုထားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေကို ဖော်ဆောင်နေတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေဟာ ဒီမိုကရေစီစနစ် ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အချက်တွေ ဖြစ်ပါတယ်။ အစိုးရ အရာရှိတွေနဲ့ စစ်ဘက်က အရာရှိတွေကို ဝေဖန် ပြောဆိုတာဟာ ကျန်းမာ သန်စွမ်းတဲ့ ဒီမိုကရေစီ စနစ်ရဲ့ အစိတ်အပိုင်း တခုဖြစ်ပါတယ်။ လူတွေက ကြောက်ပြီး ရှောင်ရှားနေရမယ့် အချက်မဟုတ်ပါဘူး။”

၂၀၁၃ ခုနှစ် ပြဌာန်းခဲ့တဲ့ ဆက်သွယ်ရေး ဥပဒေကို လက်ရှိအစိုးရက ပြင်ဆင် ရေးဆွဲနေတာမှာ အဆိုပြုထားတဲ့ အချက်တွေဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အာမခံပေးနိုင်တဲ့ အဆင့်အထိ ရောက်မလာသေးဘဲ လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်တယ်လို့ CPJ က ဇူလိုင်လ ၁၇ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG