သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းသမားသုံးဦးလွှတ်ဖို့ ASEAN အမတ်များအဖွဲ့ တောင်းဆို


 မတရားအသင်းဆက်သွယ်မှှုနဲ့ ဖမ်းဆီးအရေးယူခံထားရသော သတင်းသမား ၃ ဦးအားရုံးထုတ်စဉ် ( မြင့်သိန်း)
မတရားအသင်းဆက်သွယ်မှှုနဲ့ ဖမ်းဆီးအရေးယူခံထားရသော သတင်းသမား ၃ ဦးအားရုံးထုတ်စဉ် ( မြင့်သိန်း)

သီပေါ အကျဉ်းထောင်မှာ မတရားသင်း အက်ဥပဒေ ပုဒ်မ ၁၇/၁ နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရ တဲ့ သတင်းထောက် ၃ဦးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ အပါအဝင် သတင်းလွတ်လပ်ခွင့်ကို တားဆီးတဲ့မတရားတဲ့ ဥပဒေတွေကို ဖျက်သိမ်းပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များအဖွဲ့ (APHR) က မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ တအာင်း- ပလောင် လက်နက်ကိုင်တပ်ဖွဲ့ TNLA နယ်မြေထဲ သွားရောက် သတင်းယူတဲ့ သတင်းထောက် ၃ဦးကို စီစဉ်ထားတဲ့ ရက်ထက် စောပြီး မနေ့က ဇူလိုင် ၁၈ ရက်နေ့က မိသားစု ဝင်တွေ၊ ရှေ့နေတွေကို အကြောင်းမကြားဘဲ ရုံးထုတ်ခဲ့တာပါ။ သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

လက်ရှိ သီပေါအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ DVB သတင်းဌာနက အကြီးတန်း သတင်းထောက် ဦးအေးနိုင်၊ ကိုပြည့်ဘုန်းအောင်နဲ့ ဧရာဝတီ သတင်းဌာနက ကိုသိန်းဇော် (ခ) လဝီဝမ် တို့ကို စစ်တပ်က ဖမ်းဆီး တရားစွဲဆိုတယ် ဆိုပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အရပ်သားအစိုးရမှာလည်း တာဝန်ရှိတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များအဖွဲ့ (APHR) ဥက္ကဌ Mr. Charles Santiago က ဗွီအိုအေကို ပြောပါတယ်။

“စစ်တပ်က သူတို့ကို ဖမ်းဆီးတယ်ဆိုပေမယ့် နောက်ဆုံးမှာ တာဝန်ရှိတာက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရ ဖြစ်ပါတယ်။ NLD အစိုးရဟာ အတိုက်အခံဘဝတုန်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတာဖြစ်ပြီး ဒီကနေ့မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်ဖို့အတွက် မတရားတဲ့ ဥပဒေကို အသုံးချနေတာမို့ တော်တော့်ကို အံ့အားသင့်စရာပါ”

သတင်းသွားယူတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရတဲ့ DVB သတင်း ဌာနနဲ့ ဧရာဝတီ သတင်းဌာနက သတင်းထောက် သုံးဦးကို မြန်မာအစိုးရ အာဏာပိုင် တွေအနေနဲ့ ချက်ချင်း ပြန်လွှတ်ပေးဖို့ အာဆီယံ ပါလီမန် အမတ်တွေက ကြေညာချက် ထုတ်တောင်းဆို လိုက်ပါတယ်။ အဲ့ဒီ ကြေညာချက်ထဲမှာ လက်ရှိ NLD အစိုးရနဲ့ လွှတ်တော်ဟာ ဒီမိုကရေစီအတွက် အ ရေးပါတဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို တားဆီးတဲ့ မတရားတဲ့ ဥပဒေတွေကို အမြန်ဆုံး ပယ် ဖျက်ဖို့၊ ဒါမှမဟုတ် ပြင်ဆင် လုပ်ဆောင်ဖို့လဲ တောင်းဆိုထားတာပါ။

တိုက်ပွဲဖြစ်ပွားရာ အရပ်ဒေသတွေအထိ အသက်စတေးခံ သွားရောက် သတင်းယူတဲ့ သတင်းထောက် တွေအပေါ် စစ်တပ်ရော၊ အစိုးရကရော မလိုလားအပ်တဲ့ ဖိအားပေး ခြိမ်းခြောက်တာမျိုးတွေ မလုပ် သင့်သလို အခုဖြစ်စဉ်ဟာ မြန်မာပြည်အတွက် မကောင်းသလို NLD အစိုးရအတွက်လဲ အလားအလာ မကောင်းဘူးလို့ Mr. Charles Santiago က အခုလို ပြောပါတယ်။

“အခု ဖမ်းဆီးတာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် လုပ်နေတဲ့ သတင်းထောက်တွေကို ဖမ်းတာဖြစ်ပါတယ်။ ဒီလို ဖမ်းတဲ့အတွက် အရပ်သားအစိုးရဖြစ်တဲ့ NLD ဟာ စစ်တပ်ကို မလွန်ဆန်နိုင်တဲ့ သဘောဖြစ်နေတာမို့ ပြည်သူတွေရဲ့ အမြင်မှာတော့ NLD အစိုးရဟာ တရားဝင် အစိုးရတရပ်မဟုတ်သလို ဖြစ်နေပါတယ်။ ဒါနဲ့ အခုလို အဖမ်းခံရတဲ့နေရာဟာ တိုက်ပွဲတွေဖြစ်နေတဲ့ တာကြောင့် အန္တရာယ်က အချိန်မရွေးရှိနေတာမို့ အဲ့ဒီဒေသက ပြည်သူတွေကိုရော၊ သတင်းထောက်တွေကိုပါ အစိုးရနဲ့ စစ်တပ်က ဖိအားတွေ ထပ်ပေးတဲ့အနေနဲ့ ဖမ်းဆီးထောင်ချတာမျိုး မလုပ်သင့်ပါဘူး။ အခုလို ဖမ်းဆီးတာဟာ ဒီမိုကရေစီအတွက် လိုအပ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်ကို တားဆီးတာမို့ဒီမိုကရေစီကိုလိုလားတဲ့ NLD ကို ထောက်ခံတဲ့သူတွေအတွက် အလားအလာမကောင်းသလို မြန်မာနိုင်ငံအတွက်လဲ မကောင်းပါဘူး။”

တအာင်း- ပလောင် လက်နက်ကိုင်တပ်ဖွဲ့ TNLA နယ်မြေမှာ လုပ်တဲ့ မူးယစ်ဆေးဝါး ဖျက်ဆီးတဲ့ပွဲကို သွားရောက် သတင်းယူတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မတရားသင်း အက် ဥပဒေ ပုဒ်မ ၁၇/၁နဲ့ ဖမ်း ဆီး ထိန်းသိမ်းခံထားရတဲ့ သတင်းထောက် ၃ဦးကို ဇူလိုင်လ ၂၁ရက်နေ့မှာ ရုံးထုတ်ဖို့ စီစဉ်ထားပေမယ့် ဇူလိုင် ၁၈ ရက်နေ့မှာ မိသားစုဝင်တွေ၊ ရှေ့နေတွေကို အကြောင်းမကြားဘဲ စောပြီး ရုံးထုတ်လိုက်တဲ့ အ တွက် သတင်းမီဒီယာ အသိုင်းအဝိုင်းကြား ဝေဖန်မှုတွေ ရှိခဲ့တာပါ။ အခုလို စောပြီး ရုံးထုတ် လိုက်တာနဲ့ ပတ်သက်ပြီး တရားစီရင်ရေး စနစ်အပေါ် သံသယဖြစ်မိတယ်လို့ ဖမ်းဆီးခံထားရတဲ့ DVB သတင်း ထောက် ၂ဦးရဲ့ ရှေ့နေ ဦးမောင်မောင်ဝင်းက ပြောပါတယ်။

“ချိန်းထားတာက ဒါက open court ကချိန်းထားလိုက်တဲ့ ရက်ချိန်း ၊ အများသိပြီးတော့ ဂျာနယ်ထဲမှာ ပါတဲ့ရက်ချိန်းက ၂၁ ရက်နေ့က အဲဒါကို ၁၈ ရက်နေ့က ထုတ်ပြီးတော့ ဒီလိုလုပ်လိုက်တယ်ဆိုတာကတော့ သိပ်ပြီးတော့ ဥပဒေနဲ့ မညီဘူးလို့ ထင်ပါတယ်။ နောက်တခုက စဉ်းစားရတာကတော့ ဒီအမှုမှာ တရားသူကြီးရဲ့ လုပ်ပိုင်ခွင့်တွေကို တနေရာကနေပြီးတော့များ ကြိုးကိုင်ပြီးတော့ ဆောင်ရွက်နေသလားလို့ ပေါ့နော်။ လွတ်လပ်စွာတရားစီရင်ရေးအပေါ်မှာ တခုခုကနေပြီးတော့ ဘာလုပ်လိုက်၊ ညာလုပ်လိုက်ဆိုတဲ့သဘောများ ဖြစ်နေသလားပေါ့ ဘာကြောင့်လဲဆိုတော့ ကျနော်တို့တွေနဲ့ ၁၇ ရက်နေ့အထိက ကျနော်တို့နဲ့ တရားရုံးနဲ့ အဆက်အသွယ်ရှိသေးတယ်။ အဲဒီတုန်းကလည်း ဒီလိုရုံးထုတ်မယ်လို့ တရားသူကြီးက ရော ရုံးကရော ဘာမှမပြောဘူး။”

DVB သတင်းထောက် ၂ဦးနဲ့ ဧရာဝတီ သတင်းထောက် ၁ဦးတို့ကို လာမယ့် ဇူလိုင် ၂၈ရက်နေ့မှာ ကြား နာဖို့ ရုံးချိန်းထပ်ချိန်းထားတာပါ။ လက်ရှိမှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ဃနဲ့ The Voice Weekly အယ်ဒီတာချုပ် ဦးကျော်မင်းဆွေလည်း ဖမ်းဆီးခံထားရတာဖြစ်ပြီး လက်ရှိ NLD အစိုးရလက်ထက် သတင်း မီဒီယာသမားတွေအပေါ် အရေးယူထားတဲ့အမှု ၉ မှုအထိရှိနေပြီး သတင်းသမား ၁၄ဦး တရားရင်ဆိုင် နေရတာမို့ NLD အစိုးရလက်ထက် သတင်းလွတ်လပ်ခွင့်အပေါ် မေးခွန်းထုတ်နေကြ တာလဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG