သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားလွတ်လပ်ခွင့်၊ ပုဒ်မ ၁၇/၁ နဲ့ သတင်းသမားများ


မတရားအသင်းဆက်သွယ်မှှုနဲ့ ဖမ်းဆီးအရေးယူခံထားရသော သတင်းသမား ၃ ဦးအားရုံးထုတ်စဉ် ( မြင့်သိန်း)
မတရားအသင်းဆက်သွယ်မှှုနဲ့ ဖမ်းဆီးအရေးယူခံထားရသော သတင်းသမား ၃ ဦးအားရုံးထုတ်စဉ် ( မြင့်သိန်း)

ပုဒ်မ၆၆ဃ နဲ့တရားစွဲဆိုခံထားရတဲ့ The Voice အယ်ဒီတာချုပ်အမှု ရုံးထုတ်ချိန် ရောက်လာတဲ့ သတင်းသမားတဦးချင်းစီကို သတင်းမှတ်တမ်းသဘောမျိုး ဓာတ်ပုံရိုက်ယူခဲ့တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်ကြပ်တဦးကို ၂၀၁၇ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု ကာကွယ်ပေးရေးဥပဒေနှင့်အညီ အရေးယူပေးဖို့ မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီက ဒီကနေ့ ဗဟန်းတရားရုံးမှာ တရားစွဲဆိုလိုက်ကြပါတယ်။ တချိန်တည်းမှာပဲ တပ်မတော်ဘက်က မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုပြီး ရှမ်းပြည်နယ် သီပေါအကျဉ်းထောင်မှာ ချုပ်နှောင်ထားတဲ့ သတင်းသမား(၃)ယောက်ကို သတ်မှတ်ရုံးချိန်းထက် စောပြီး ဒီကနေ့ သီပေါတရားရုံးမှာ ရုံးထုတ်သွားပါတယ်။ မဆုမွန် စုစည်းတင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ရက်နေ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ဃ နဲ့တရားစွဲဆိုခံထားရတဲ့ The Voice အယ်ဒီတာချုပ် ကိုကျော်မင်းဆွေအမှုရုံးထုတ်ချိန် သတင်းသမား တဦးချင်းစီကို သတင်းမှတ်တမ်းသဘောမျိုး ဓာတ်ပုံရိုက်ယူခဲ့တဲ့အပေါ် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်ကြပ်စိုးမြင့်အောင်ကို "၂၀၁၇ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ပေးရေးဥပဒေ" နှင့်အညီ အရေးယူပေးဖို့ကိုလည်း မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ဒီကနေ့ ဗဟန်းတရားရုံးမှာ တရားစွဲဆိုနိုင်ရေး ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ ဒါ့အပြင် ဒီလို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်ကြပ်စိုးမြင့်အောင် ဓာတ်ပုံ၊ ဗီ်ွဒီယိုရိုက်ကူးခဲ့တာဟာ ဥပဒေချိုးဖောက်တာမဟုတ်ဘူးဆိုပြီး ဗဟန်းရဲစခန်းက အမှုဖွင့်တာကို ပယ်ချခဲ့တဲ့အပေါ်လည်း တဆက်တည်း ရဲစခန်းတာဝန်ရှိသူကို ပါ တရားစွဲခဲ့တယ်လို့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ကိုသာလွန်ဇောင်းထက်က အခုလို ပြောပါတယ်။

“ကျနော်တို့ သတင်းသမားတွေလှုပ်ရှားမှုတွေကို လိုက်ပြီးတော့ ကျနော်တို့လို သာမန်ရိုးရိုးသတင်းယူတာမျိုးနဲ့ မဟုတ်ပဲနဲ့ တဦးချင်းစီရဲ့လှုပ်ရှားမှုတွေကိုလိုက်ပြီးတော့ မှတ်တမ်းတင်တာပေါ့နော်၊ နောက်ယောင်ခံလိုက်တာပေါ့နော်။ ကျနေ်ာတို့ရဲ့ နိုင်ငံသားတယောက်ရဲ့ လွတ်လပ်မှုကို ထိခိုက်နိုင်လောက်အထိပေါ့နော် လှုပ်ရှားမှုတွေကိုလိုက်ပြီးတော့ မှတ်တမ်းတင်ပါတယ်။ ဆိုတော့ အဲဒီလိုမှတ်တမ်းတင်တဲ့အတွက်ကြောင့်မို့လို့ ကျနေ်ာတို့က ရဲစခန်းကို ဇွန်လ ၃၀ ရက်နေ့က သွားတိုင်တယ်။ သွားတိုင်တဲ့အခါမှာ ရဲစခန်းက ဇူလိုင်လ ၅ ရက်နေ့မှာ အကြောင်းပြန်လာတယ်။ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု ၊ လုံခြုံမှုကာကွယ်ရေး ဥပဒေအနေနဲ့ မငြိစွန်းပါဘူးဆိုပြီး ကျနော်တို့ကို အကြောင်းပြန်တာပေါ့နော်။ ကျနေ်ာတို့က ကျနော်တို့ နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်ခံရတယ်။ ကျနော်တို့ကို တနည်းအားဖြင့် ခြိမ်းခြောက်တာပေါ့နော် အဲဒါကြောင့်မို့လို့ ကျနော်တို့က နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့်နဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု ကာကွယ်ရေးဥပဒေအရ သူ့ကိုအရေးယူပေးဖို့ ကျနေ်ာတို့ ဒီကနေ့ ဗဟန်းတရားရုံးမှာ တပ်ကြပ်စိုးမြင့်အောင်ကို အရေးယူ ဦးတိုက်လျှောက်တယ်။

နောက်တခုကတော့ ကျနော်တို့ တိုင်ချက်ဖွင့်တာကို မငြိစွန်းပါဘူးဆိုပြီးတော့ တရားရုံးက ဆုံးဖြတ်ရမှာကို ရဲကဝင်ပြီးတော့ ဆုံးဖြတ်တဲ့အတွက် ရဲကိုလည်း ဒီဥပဒေအညီပဲ အရေးယူပေးဖို့ဆိုပြီးတော့မှ ဗဟန်းတရားရုံးကို နောက်ထပ် တမှု ထပ်လျှောက်တယ်။ ၂ မှုပေါ့နော် အဲဒီ ၂ မှုလုံးကို ကျနော်တို့ တင်လိုက်ပါတယ်။ အဲဒီတော့ တရားရုံးက ဘာအကြောင်းပြန်သလဲဆိုတော့ ၂၀ ရက်နေ့ နေ့လည်၁ နာရီမှာ ကျနေ်ာတို့အမှုကို လက်ခံ၊ မခံ သူတို့ဆုံးဖြတ်တာကို အကြောင်းပြန်ပါမယ်။ ဗဟန်းမြို့နယ်တရားသူကြီးကနေ ကျနေ်ာတို့၂ မှုကို အကြောင်းပြန်လိုက်ပါတယ်။ အဲဒီတော့ ၂၀ ရက်နေ့မှာ လက်ခံမခံ ကျနော်တို့ သိပါမယ်။ အဲဒီတော့ လက်မခံဘူးဆိုရင် ခရိုင်ကိုတက်မယ်၊ ခရိုင်က လက်မခံရင် တိုင်းကို တက်မယ်။ တိုင်းကလက်မခံရင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ ကျနေ်ာတို့ တက်ပါမယ်။”

တဆက်တည်းပါပဲ ဒီကနေ့မှာပဲ ရှမ်းပြည်နယ် သီပေါတရားရုံးမှာ တပ်မတော်ဘက်က မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုပြီး ရှမ်းပြည်နယ် သီပေါအကျဉ်းထောင်မှာ ချုပ်နှောင်ထားတဲ့ သတင်းသမား(၃)ယောက်ကို နမ့်ဆန်တရားရုံးကနေ သီပေါတရားရုံးကို ရုံးပြောင်းပြီးတဲ့နောက် သတ်မှတ်ရုံးချိန်း ထက်စောပြီးရုံးထုတ်သွားပါတယ်။ တရားရုံးထုတ် စစ်ဆေးနေတဲ့ နောက်ဆုံးအခြေအနေကို DVB ကသတင်းအယ်ဒီတာ ကိုသန်းဝင်းထွဋ်က အခုလိုပြောပြပါတယ်။

“နမ့်ဆန်မှာ လုံခြုံရေးမကောင်းလို့ဆိုပြီးတော့ သီပေါကိုခေါ်လာတယ်။ သီပေါမှာချုပ်တယ်၊ လူတွေက သီပေါမှာဒါပေမဲ့ နမ့်ဆန်တရားရုံးက တရားသူကြီးကိုယ်စားဆိုပြီးတော့ သီပေါမှာ ရမန်ယူတယ်။ ၂၈ ရက်နေ့မှာ ရမန်ယူတယ် ၁၁ ရက်နေ့မှာ ရုံးချိန်းမယ်ဆိုပြီးတော့ ဖြစ်သွားတာပေါ့နော်။ ၁၁ ရက်နေ့မှာ ဒီကသတင်းထောက်တွေ အုပ်စုလိုက်သွားပြီးတော့ ဆန္ဒပြမယ်ဆိုတာတွေ သတင်းကြားတယ်လေ။ အဲဒီတော့ ၇ ရက်နေ့မှာ နောက်ထပ် ရမန် ၂ ပတ်ထပ်ယူလိုက်တယ်။ ဆိုတော့ ပြီးခဲ့တဲ့အပတ်က ကျနေ်ာတို့လိုက်သွားတယ်။ ကျနေ်ာတို့ ရှေ့နေတွေရောလိုက်သွားတယ်။ လိုက်သွားပြီးတော့ ရှေ့နေပါဝါလွှဲ တယ်လေ၊ ရှေ့နေတွေထောင်ထဲ ဝင်တွေ့တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ကျနော်တို့ ရှေ့နေကို သူတို့ အကြောင်းကြားလာတယ်။ ကျောက်မဲခရိုင် တရားရုံးက အကြောင်းကြားလာတယ်။ နမ့်ဆန်မှာမစစ်တော့ဘူး သီပေါကို ရုံးပြောင်းတင်ထားတယ်ပေါ့ ၊ သီပေါရုံးကို ပြောင်းမယ်ပေါ့။ ရုံးချိန်းက ၂၁ ရက်နေ့မှာ မရောက်ပဲနဲ့ နောက်တပတ်ကို ရွှေ့တယ်ပေါ့ဗျာ ၊ တရားသူကြီး မအားလို့ ရွှေ့ထားတယ်လို့ပြောတယ်။ နောက်တပတ် ဆုတ်သွားတဲ့သဘောပေါ့နော် အဲဒီလိုပြောတယ်။”

အခုလိုသတင်းသမားတွေ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေအတွင်း သတင်းသွားယူတာကို မတရားအသင်း ဆက်သွယ်မှုပုဒ်မနဲ့ အရေးယူတာဟာ သတင်းမီဒီယာဥပဒေနဲ့ဆန့်ကျင်ပြီး လက်ရှိပြည်သူ့အစိုးရသွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းကိုထိခိုက်စေနိုင်တယ်လို့ တိုင်းရင်းသတင်းမီဒီယာရဲ့သတင်းအယ်ဒီတာဦးဇင်လင်းက ပြောပါတယ်။

“သတင်းသမားတွေက ဒါ သူတို့အလုပ် သူတို့လုပ်တာ၊ ဒါကို သူတို့ပေးထားတဲ့ ဘောင်ထဲကပဲပြောရင် Constitution မှာလည်း သူတို့ ဒီသတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အခြေခံပြောထားတာရှိတယ်။ အစိုးရဘက်က ထုတ်ထားတဲ့ ဥပဒေထဲမှာရော၊ Press Council ကထုတ်ထားတဲ့ ဥပဒေထဲမှာရော ဒီဥပဒေ ၂ ခုစလုံးထဲမှာ သတင်းထောက်တွေက လွတ်လွတ်လပ်လပ် သတင်းရယူခွင့်ရှိတယ် ရယူနိုင်တယ်။ လွတ်လွတ်လပ်လပ် သွားနိုင်တယ် လာနိုင်တယ်ဆိုတဲ့ ဒီအချက်တွေပေါ်မှာ အခြေခံပြီးပြောမယ်ဆိုရင်တော့ ဒီကနေ့သတင်းထောက်တွေ အဖမ်းခံရတဲ့ကိစ္စဟာ လက်ရှိသွားနေတဲ့ နိုင်ငံရေး အခင်းအကျင်းနဲ့ဆိုရင် ဆန့်ကျင်ဘက်ဖြစ်နေတယ်။ တပ်မတော်ဘက်က သဘောထားနဲ့ အစိုးရဘက်က သဘောထား ဒီသဘောထား၂ ခုလည်းပဲ တစုံတရာခြားနားနေတယ်လို့ မြင်နေရပါတယ်။”

သီပေါထောင်မှာ ထိန်းသိမ်းခံထားရတဲ့ အဖမ်းဆီးခံသတင်းသမားတွေ တရားရုံးထုတ်ချိန် သတင်းသမားတွေ စုစည်းသွားရောက်ဖို့ စီစဉ်ခဲ့တာဖြစ်ပေမဲ့လို့ ရုံးချိန်းကို အခုလိုရုတ်တရက်ပြောင်းလိုက်တာ နှစ်ကြိမ်ရှိပြီဖြစ်ပေမဲ့လို့ ရုံးထုတ်ချိန်မှာတော့ သတင်းသမားတွေ စုစည်းသွားရောက်ကြဖို့ စီစဉ်နေတယ်လို့ လည်း မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။

NLD အစိုးရလက်ထက်မှာ သတင်းသမားတွေ ဖမ်းဆီးထောင်ချ တရားစွဲဆိုခံရမှုတွေ ခပ်စိပ်စိပ်ဖြစ်လာတာဟာ သတင်းအချက်အလက်စီးဆင်းမှုဟာ ပိုပြီးတော့မှ ထိန်းချုပ်ခံလာရသလား၊ သတင်းမီဒီယာလွတ်လပ်ခွင့်တွေ ပိုပြီးတော့ ဖိနှိပ်မှုတွေရှိနေသလား ဆိုတာကိုလည်း သတင်းမီဒီယာသမားတွေဘက်က ဝေဖန်မှုတွေ မေးခွန်းထုတ်လာနေကြချိန်လည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG