သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအသိုင်းအဝိုင်းထူထောင်ရေးနဲ့ လူငယ်ကဏ္ဍ


ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမမှာ ကျင်းပတဲ့ ASEAN Youth Forum မှာ ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့မှ ဦးမင်းကိုနိုင် စကားပြောစဉ်။ (မတ်လ ၁၇၊ ၂၀၁၄)
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမမှာ ကျင်းပတဲ့ ASEAN Youth Forum မှာ ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့မှ ဦးမင်းကိုနိုင် စကားပြောစဉ်။ (မတ်လ ၁၇၊ ၂၀၁၄)
အရှေ့တောင်အာရှ ဆယ်နိုင်ငံပါဝင်တဲ့ အာဆီယံ လူငယ်ဖော်ရမ်တရပ်ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ ဒီကနေ့ စတင် ကျင်းပခဲ့ပါတယ်။ အာဆီယံလူမှုအသိုက်အဝန်းတရပ် တည်ထောင်ဖို့ အစိုးရတွေက ပြင်ဆင်ဆောင်ရွက်နေချိန်မှာပဲ အာဆီယံနိုင်ငံတွေက လူငယ်တွေရဲ့အသံ၊ လူငယ်တွေရဲ့သဘောထားကို အာဆီယံလူမှုအသိုက်အဝန်းထူထောင်ရေးမှာ ထပ်ဟပ်ပေါ်လွင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ဖို့ ဆွေးနွေးသွားမယ်လို့ စီစဉ်သူ လူငယ်တွေက မျှော်လင့်ထားပါတယ်။ အာဆီယံလူငယ်ဖော်ရမ်ကျင်းပရာကို သွားရောက် သတင်းယူခဲ့တဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အာဆီယံလူငယ်ဖော်ရမ် ဖွင့်ပွဲကိုတော့ ရန်ကုန်တက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အထင်ကရ ကျောင်းသားခေါင်းဆောင်ဟောင်း မင်းကိုနိုင်လည်း အဖွင့်မိန့်ခွန်း ပြောခဲ့ပါတယ်။ အာဆီယံလူငယ်ဖော်ရမ်ကို မြန်မာနိုင်ငံမှာ ကျင်းပတာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်သလိုပဲ လူငယ်တွေကိုယ်တိုင်ဦးစီးတဲ့ ညီလာခံတခုကို ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ တရားဝင်ကျင်းပခွင့် ရတာဟာလည်း နှစ်၅ဝအတွင်း ဒါ ပထမဆုံးလို့ ပြောနိုင်ပါတယ်။ အာဆီယံလူငယ်ဖော်ရမ်မတိုင်ခင်မှာပဲ တိုင်းနဲ့ပြည်နယ်အလိုက် လူငယ်ဖော်ရမ်တွေကို ကျင်းပခဲ့ကြတာပါ။ အဲဒီကနေ ထွက်ပေါ်လာတဲ့ ခေါင်းစဉ်တွေနဲ့ အခြားအာဆီယံ လူငယ်တွေနဲ့ ညှိုနှိုင်းပြီး အခု သုံးရက်ကြာမယ့် ဆွေးနွေးပွဲအတွင်းမှာ အကြောင်းအရာ ခုနှစ်ချက်ကို အာဆီယံလူငယ်တွေ ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။

ဒီအထဲမှာ လူငယ်နဲ့ငြိမ်းချမ်းရေး၊ လူငယ်နဲ့ဒီမိုကရေစီ၊ လူငယ်နဲ့ မျိုးဆက်ပွားကျန်းမာရေး၊ လူငယ်နဲ့ သဘာဝပတ်ဝန်းကျင်၊ လူငယ်နဲ့ ပညာရေး စတဲ့ အကြောင်းအရာတွေကို အဓိက ဆွေးနွေးသွားကြမယ်လို့ စီစဉ်သူတွေကပြောပါတယ်။ ဒီ ဆွေးနွေးပွဲကနေ ထွက်ပေါ်လာတဲ့ လူငယ်တွေရဲ့ သဘောထားတွေကို အာဆီယံအစိုးရတွေနဲ့ အာဆီယံအဖွဲ့အစည်းအဝေးတွေကို တင်ပြသွားမှာဖြစ်တယ်လို့ လူငယ်ဖော်ရမ် စီစဉ်သူတဦးဖြစ်တဲ့ မသဉ္ဇာရွန်းလဲ့ရည်က ဗွီအိုအေကို ပြောပါတယ်။

“အစိုးရဘက်ကလည်း ကျမတို့လုပ်မယ်ဆိုတာ ကြားတယ်။ ကြားတော့ သူတို့ဘက်က ဘယ်လို ပံ့ပိုးမှုမျိုးတွေရှိသလဲဆိုရင် ကျမတို့လိုအပ်တဲ့ participant တွေ နေဖို့အတွက်နေရာပေါ့နော်၊ အိပ်ဖို့အတွက်နေရာ accommodation ပိုင်းတွေ၊ နောက် နေရာဖွင့်ပွဲအခမ်းအနားလုပ်ဖို့ဆိုရင် ဘွဲ့နှင်းသဘင်ခမ်းမကို ရရှိခဲ့တယ်ပေါ့နော်၊”

မေး။ ။ အခု အာဆီယံနိုင်ငံတွေမှာ များသောအားဖြင့်တော့ မြန်မာနိုင်ငံကတော့ တော်တော်လေး ပွင့်ပွင့်လင်းလင်းနဲ့ လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ရပြီပေါ့။ တခြားနိုင်ငံတွေပေါ့၊ ဥပမာ လာအိုတို့၊ ဗီယက်နမ်တို့၊ ဒီလိုတက်လာတဲ့လူငယ်တွေဘက်ကရော ဘယ်လောက်အထိ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ကြလဲ။

“အမှန်အတိုင်း ပြောရရင် ကျမတို့နိုင်ငံလည်းပဲ အရင်တုန်းက အဲလို အခြေအနေမျိုးတွေ ရှိခဲ့တယ်။ ဥပမာ ၂၀၁၂ မတိုင်ခင်တုန်းကဆိုရင် ကျမတို့ပြောဆိုဆွေးနွေးရတဲ့ အချက်အလက်တွေက အပြင်မှာပဲ ရှိနေခဲ့တယ်။ အထဲကိုပြန်သယ်လာလို့ မရခဲ့ဘူးပေါ့နော်။ နောက် သွားတဲ့ Participant တွေကလည်း ကိုယ့်ပြည်တွင်းကသွားတာမျိုးက မရှိဘူး၊ ပြည်ပမှာရှိနေတဲ့ မြန်မာတွေကပဲ သွားခဲ့ကြတယ်ပေါ့နော်။ မြန်မာနိုင်ငံက အခုအခါ ပွင့်လင်းလာတဲ့အခါ ကျမတို့ လွတ်လွတ်လပ်လပ်ဆွေးနွေးခွင့်တွေ ရလာပြီပေါ့နော်၊ ဒါပေမယ့် အခြားနိုင်ငံတွေမှာကျတော့ အာဆီယံဒေသတွင်းမှာကိုပဲ လာအိုနိုင်ငံ၊ နောက်ဗီယက်နမ်ရှိမယ်၊ ဘရူနိုင်းရှိမယ်။ သူတို့နိုင်ငံတွေက အစိုးရတွေက အဲလောက်အထိ ပွင့်လင်းမှု မရှိဘူးပေါ့နော်၊ သူတို့နိုင်ငံတွေကနေပြီးတော့ လွှတ်လိုက်တာမျိုး လုံးဝကို Representative ကျကျလွှတ်လိုက်တာမျိုး မရှိသလို လာရောက်ပြီးဆွေးနွေးတဲ့လူတွေကိုလည်း အပြန်ကျရင် သူတို့ရဲ့လုံခြုံမှုအတွက်ကို ကျမတို့ အာမခံ မပေးနိုင်ဘူးပေါ့နော်။

အဲဒီအခါကျတော့ ဒီကိုလာတဲ့အခါမှာ သူတို့ဘက်က request လုပ်တာတွေရှိတယ်။ သူတို့ကို မီဒီယာမှာ မထည့်ပါနဲ့တို့၊ သူတို့ကို ဓာတ်ပုံမရိုက်ပါနဲ့တို့၊ သူတို့ ပြောဆိုဆွေးနွေးတဲ့အထဲမှာ အရမ်း sensitive ဖြစ်တဲ့ issue မျိုးတွေ၊ democratization ဆိုရင် လာအိုဘက်တွေကဆိုရင် ဒါကို သူတို့ မပါစေချင်ဘူးပေါ့နော်၊ ဘာလို့လဲဆိုတော့ သူတို့လာပြီးတော့ ဆွေးနွေးတာကို အစိုးရကသိရင် ပြန်ရင် သူတို့တခုခုဖြစ်မှာကို ကြောက်တယ်ပေါ့နော်၊ အဲလိုအပိုင်း စိုးရိမ်ပူပန်မှုတွေ ဒေသတွင်းနိုင်ငံတွေမှာ ရှိနေတုန်းပါပဲ။”


မေး။ ။ အခု မသဉ္ဇာတို့ရဲ့ ASEAN Youth Forum က လုပ်ဖြစ်သွားပြီပေါ့နော်။ ဒီကနေပြီး ဘာတွေ မျှော်လင့်ထားလဲ။

“ကျမတို့ အာဆီယံလို့ ပြောလာတဲ့ ၁၉၆၇ ခုနှစ်ကတည်းက အာဆီယံဆိုပြီး စတင်တည်ထောင်လာခဲ့တာ နှစ်ပေါင်းများစွာကြာလာပေမယ့် သူ့ရဲ့ အာဆီယံအဓိက ကျမတို့ ဦးတည်ပြီးသွားနေတာ ၂၀၁၅ အာဆီယံ One community ကြီးစတင်ပြီးတော့ အသက်ဝင်မယ်၊ ပြီးတော့ အကုန်လုံးက၊ ဆယ်နိုင်ငံလုံးက အသိုက်အဝိုင်းတစ်ခု One community ဆိုတာမျိုးတွေ၊ နိုင်ငံတော်အစိုးရက စတင်ပြီးပြောလာနေတဲ့ အချိန်မှာ ကျမတို့ လူငယ်တွေဘက်ကလည်း တတ်နိုင်တဲ့ဘက်က ဝင်ရောက်ပြီးတော့ အာဆီယံ community ဆိုတာ ငါတို့နဲ့လည်း သက်ဆိုင်တယ်၊ အာဆီယံဆိုတာ ငါတို့လည်းပါဝင်တယ်၊ လူထုနဲ့လည်းသက်ဆိုင်တယ်၊ ပြီးတော့ လူထုဆန္ဒပေါ့နော်၊ လူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှုကို အာဆီယံမှာ ဖော်ဆောင်မယ်လို့ သူတို့ပြောထားကြတယ်။ ဒါပေမယ့် တကယ့်တကယ်မှာ သူတို့ရဲ့လုပ်ဆောင်မှုတွေက အဲလောက်အထိ အောက်ခြေအထိကို မရောက်ဘူး၊ မရောက်နေဘူး။

အစိုးရပိုင်းကလုပ်တဲ့ အာဆီယံလို့ပဲ လူတွေ တော်တော်များများက သိကြတယ်ဆိုတော့ ကျမတို့က ဒီလို ASEAN Fourm တွေကို လုပ်ခြင်းအားဖြင့် လူတွေကို aware ပေးရာလည်းရောက်တယ်။ နောက်တခုက လူငယ်တွေက အခု ထိုင်းနိုင်ငံတို့၊ ကမ္ဘောဒီးယားတို့မှာဖြစ်နေတဲ့ လူငယ်တွေပြဿနာတွေ ရှိတယ်။ ကျမတို့ မြန်မာနိုင်ငံမှာလည်း အများကြီးရှိတယ်။..ဆိုတော့ ဒါတွေကို ကိုယ့်နိုင်ငံနဲ့ကိုယ် ဒါကို ပူးပေါင်းဖြေရှင်းတာထက်စာရင် သူ့နိုင်ငံ၊ ကိုယ့်နိုင်ငံပေါင်းပြီးတော့ ပြဿနာတွေကို ဘုံတူညီမှုကိုရှာမယ်။ ပြီးရင် အာဆီယံအတွင်းရေးမှူးရုံးတွေကို တင်ပြမယ်၊ သူတို့ ဘယ်လို ဖြေရှင်းပေးလို့ရနိုင်မလဲ၊ အာဆီယံကြီးက ဖွဲ့စည်းထားတာ ဒါ ပူးပေါင်းအဖြေရှာနိုင်တဲ့နည်းလမ်းတွေ ရှိသင့်တယ်ပေါ့နော်၊ အဲလိုမျိုးအပိုင်းတွေကိုလည်း ကျမတို့က lobby လုပ်သွားချင်တယ်။ အစိုးရပိုင်းကို အရပ်ဘက်အဖွဲ့အစည်းအနေနဲ့ lobby လုပ်သွားချင်တဲ့ အပိုင်းတွေလည်း ပါတယ်။ ကိုယ့်နိုင်ငံမှာလည်း ကျမတို့ Myanmar Youth Forum တွေ လုပ်နေကြပြီ၊… ဆိုတော့ မြန်မာလူငယ်အသံတွေ တစုတစည်းတည်း ထွက်တယ်ဆိုတော့ Regional မှာလည်း အာဆီယံလူငယ်တွေက တစုတစည်းတည်းရှိနေဆိုတာကို ပြချင်တယ်၊ အစိုးရတွေကိုရော၊ အရပ်ဘက်အဖွဲ့အစည်းတွေအကုန်လုံးကို။”

အခု ဆွေးနွေးပွဲတွေကနေ ကြေညာချက်တစောင်ထွက်လာဖို့ရှိသလို ဒီကြေညာချက်ကိုအခြေခံတဲ့ လုပ်ငန်းစဉ်တွေအတိုင်း အာဆီယံ အစိုးရတွေကို ထိစပ်သွားမှာဖြစ်တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အလှည့်ကျ အာဆီယံဥက္ကဋ္ဌတာဝန်ကို ယူလာတာနဲ့အတူပဲ အာဆီယံလူငယ်ဖော်ရမ် အာဆီယံ ပြည်သူ့ဖော်ရမ်တွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရတာပါ။ အာဆီယံလူငယ်ဖော်ရမ်ကိုတော့ ၂ဝဝ၉ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းပြီး အလှည့်ကျဥက္ကဋ္ဌနိုင်ငံတွေမှာ နှစ်စဉ် ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
XS
SM
MD
LG