သုံးရလွယ်ကူစေသည့် Link များ

အိန္ဒိယ-တရုတ် နယ်စပ် အရေး ငြိမ်းချမ်းစွာဖြေရှင်းဖို့ ခေါင်းဆောင်တွေ လိုလား


တရုတ် သမ္မတနဲ့ အိန္ဒိယ ဝန်ကြီးချုပ် နယူးဒေလီတွင် တွေ့ဆုံ။ ( စက်တင်ဘာ ၁၈၊ ၂၀၁၄)

တရုတ်-အိန္ဒိယ နှစ်နိုင်ငံ အကြား နယ်စပ်ဒေသ အငြင်းပွားနေတဲ့ ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းသွားမယ်လို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေက ပြောလိုက် ပါတယ်။ နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဟိမ၀န္တာနယ်စပ်တလျှောက်မှာ ဒီကနေ့ နှစ်ဖက် တပ်ဖွဲ့တွေ ဆက်ပြီး ထိပ်တိုက်တွေ့နေချိန်မှာပဲ အဲဒီလိုပြောကြတာပါ။

နယ်စပ်ပြဿနာကို အမြန်ဆုံးဖြေရှင်းသွားဖို့ တရုတ်အစိုးရကမျှော်လင့်တယ်လို့ အိန္ဒိယနိုင်ငံမှာ သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ်နဲ့ ရောက်နေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောပါတယ်။ အဲဒီလိုဖြေရှင်းတဲ့အချိန် ရောက်တဲ့ထိ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ တရုတ်နိုင်ငံက လုပ်သွားမယ်လို့လည်းဆိုပါတယ်။

နယူးဒေလီမြို့တော်မှာ အိန္ဒိယ၀န်ကြီးချုပ် Narendra Modi နဲ့ ဆွေးနွေးပြီးတဲ့နောက် တရုတ်သမ္မတက အဲဒီလိုပြောတာပါ။ နယ်စပ်အငြင်းပွားမှုကို သိပ်မကြာခင် မှာပဲ ဖြေရှင်းရမယ်လို့ အိန္ဒိယ၀န်ကြီးချုပ်ကလည်း ပြောပါတယ်။ နယ်စပ်ဒေသ ငြိမ်းချမ်းရေး ဟာ နှစ်နိုင်ငံဆက်ဆံရေးရဲ့ အခြေခံဖြစ်တယ်လို့ မစ္စတာမိုဒီ ကပြောပါတယ်။

ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ Ladakh ဒေသက အိန္ဒိယပိုင်နက်ထဲ ရာနဲ့ချီတဲ့ တရုတ်တပ်ဖွဲ့တွေ ၀င်လာတယ်ဆိုပြီး အိန္ဒိယဘက်က စွပ်စွဲထားပါတယ်။ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက နှစ်ဘက် ဆွေးနွေးပွဲတခုအတွင်းမှာလည်း ပြဿနာကို မဖြေရှင်းနိုင်ခဲ့ကြပါဘူး။

ကာလရှည်ကြာဖြစ်နေတဲ့ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားပြဿနာကြောင့် အာရှအင်အားကြီး နှစ်နိုင်ငံအကြား စီးပွား ဆက်ဆံရေး ချဲ့ထွင်ဖို့ အာရုံစိုက်ဆွေးနွေးမယ့် မစ္စတာရှီရဲ့ခရီးစဉ်ပေါ် လွှမ်းမိုးမှုရှိနေပါတယ်။

XS
SM
MD
LG