သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေယာသိမ်းပြဿနာဖြေရှင်းရေး ကော်မတီသစ်ဖွဲ့


လယ်ယာမြေယာသိမ်းခံရတဲ့ လယ်သမားများ ဆန္ဒပြစဉ် (ဇူလိုင် ၊ ၂၀၁၂)
လယ်ယာမြေယာသိမ်းခံရတဲ့ လယ်သမားများ ဆန္ဒပြစဉ် (ဇူလိုင် ၊ ၂၀၁၂)

အစိုးရသစ်လက်ထက် မြေသိမ်းပြဿနာတွေကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ ဒုသမ္မတ(၂) ဦးဆောင်တဲ့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီကို သမ္မတက ဖွဲ့စည်းပေးလိုက်ပါတယ်။ လယ်ယာမြေသိမ်းဆည်းမှုတွေကိုလည်း ဖြေရှင်းဆောင်ရွက်ပြီးတဲ့အထိ ရပ်ဆိုင်းထားဖို့ပါ ညွှန်ကြားထားပါတယ်။ တပြိုင်တည်းမှာပဲ လယ်ယာမြေအငြင်းပွားမှုပြဿနာတွေ အတွက် ခေတ်စနစ်နဲ့လျော်ညီတဲ့ ခိုင်မာတဲ့ဥပဒေပြဋ္ဌာန်းနိုင်ဖို့ကိုလည်း လွှတ်တော်တွင်း အဆိုတင်ဖို့ ပြင်ဆင်နေပါတယ်။ မြန်မာနိုင်ငံတွင်း လယ်ယာမြေသိမ်းဆည်းမှုနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေကို အစိုးရနဲ့လွှတ်တော်တို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်ပါသလဲဆိုတာကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသစ်လက်ထက် နိုင်ငံတွင်း လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် သိမ်းဆည်းခံထားရတဲ့ ပြည်သူတွေ နစ်နာမှု မရှိစေရေး မြေသိမ်းပြဿနာတွေကို ဖြေရှင်း ဆောင်ရွက်နိုင်ဖို့ “လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ” ကို သမ္မတက ဖွဲ့စည်းပေးလိုက်ပါတယ်။ ဒီကော်မတီကိုတော့ ဒုသမ္မတ(၂) က ဦးဆောင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီဝင်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့များ အားလုံးရဲ့ ဝန်ကြီးချုပ်တွေပါ ပါဝင်ပါတယ်။

ဒီကော်မတီအနေနဲ့ ပြေလည်အောင် ဖြေရှင်းပေးနိုင်ဖို့ဆိုရင် ခေတ်စနစ်နဲ့လျော်ညီတဲ့ ခိုင်မာတဲ့ဥပဒေပြဋ္ဌာန်းနိုင်ဖို့က အဓိကအရေးကြီးဆုံးဖြစ်တယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက အကြံပြုပါတယ်။

“ဒီလယ်ယာမြေဖြေရှင်းရေးနဲ့ ပတ်သက်ပြီးတော့ လယ်ယာမြေဖြေရှင်းရေးကို ဇောင်းပေးပြီးတော့ ပြဌာန်းမယ့် ဥပဒေတခုလိုပါတယ်။ အရင် ဥပဒေ တွေနဲ့ အထောက်အထားတွေနဲ့ ယူထားပြီးတော့ အဲဒီ ဥပဒေတွေနဲ့ မညီလုပ်ခဲ့ကြတာတွေအများကြီးရှိတယ်။ ဥပဒေညီ ရဲ့သားနဲ့ တခါတခါ ဥပဒေရဲ့အားနည်းချက်ကြောင့် တရားမမျှတမှုတွေရှိတယ်။ လုပ်ပိုင်ခွင့် တွေကိုလည်း မတော်မတရား ယူခဲ့နိုင်တဲ့အာဏာရှိတဲ့အတွက်နဲ့ လယ်သမားတွေပိုင်ဆိုင်မှုတွေကို ဖျက်သိမ်းပြီးတော့ သူတို့ပိုင်ဆိုင်မှုတွေလုပ်ခဲ့တာတွေလည်းရှိတယ်။ ဒါကြောင့် ဒီအခြေအနေမှာ ဒါတွေကို ပြန်ပေးဖို့ဆိုရင် ဒီလက်ရှိအစိုးရအနေနဲ့ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့လိုတယ်။ လယ်ယာမြေဖြေရှင်းရေးကို ဇောင်းပေးတဲ့ ဥပဒေတခုလိုပါတယ်လို့ ကျနော်ထင်ပါတယ်။”

အခုလိုမျိုး အစိုးရအဖွဲ့ဘက်က မြေသိမ်းပြဿနာဖြေရှင်းနိုင်ဖို့ ကော်မတီ ဖွဲ့စည်း လုပ်ဆောင်နေတဲ့ တပြိုင်နက်တည်းမှာပဲ လွှတ်တော်သစ်မှာလည်း တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာကော်မတီ ဖွဲ့စည်းထားပြီး လယ်ယာမြေအငြင်းပွားမှုပြဿနာတွေ အတွက် ဥပဒေတရပ်ပြဌာန်းနိုင်ဖို့ လွှတ်တော်တွင်း အဆိုတင်ဖို့ ပြင်ဆင်နေတယ်လို့ လွှတ်တော်ကော်မတီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကပြောပါတယ်။

“ရှေ့ဆက်ပြီးတော့ ဒီအစိုးရလက်ထက်မှာ ရနိုင်အောင်ပေါ့နော် ကျနော်တို့ ကြိုးစားရမှာဖြစ်ပါတယ်။ အခုလည်း ကျနော်တို့လွှတ်တော်အတွင်းမှာ တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာကော်မတီဆိုတာရှိပါတယ်။ ကျနော်လည်း အဖွဲ့ဝင်ပါပဲ။ အဲဒီ ကော်မတီကလည်း ၁ ရက် ၊ ၂ ရက်လောက်ဆိုရင် အဆို တခုကို တင်မှာပါ။ အဲဒီအဆိုကဘာလဲဆိုတော့ ဒီလယ်ယာမြေဖြေရှင်းရေး ဥပဒေတခု ရေးဆွဲပေးဖို့ပေါ့နော် သက်ဆိုင်ရာ နိုင်ငံတော်အစိုးရကို တိုက်တွန်းတဲ့အဆိုပါ။ အဲဒီဥပဒေအတွက် ကျနော်တို့ ကော်မတီကလည်း မူကြမ်းတွေရေးဆွဲထားပြီးပါပြီ။ ဒီလယ်ယာမြေဖြေရှင်းရေးကို ဇောင်းပေးတဲ့ ဥပဒေသက်သက်တခု ရေးဆွဲနိုင်မှ အရင် ဥပဒေတွေနဲ့ ပွတ်တိုက်မှုတွေလည်း ရှိနိုင်တာပေါ့။ ဒီ ဒုတိယ သက်တမ်းကာလမှာ ဥပဒေတခုရေးဆွဲနိုင်မှ ပြေလည်မယ်လို့ ယူဆတဲ့အတွက် တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာကော်မတီကလည်း ဒါတွေကို ဇောင်းပေးပြီးတော့ လုပ်နေပါတယ်။ ရေးလည်းရေးဆွဲထားပါတယ်။ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီးတော့ ရှေ့ဆက်ပြီးတော့ ဥပဒေတခုဖြစ်အောင် ကျနော်တို့ကြိုးစားသွားဖို့ရှိပါတယ်။”

အရင်အစိုးရလက်ထက်တုန်းက အာဏာနဲ့ ဖိအားပေးလုပ်ဆောင်ခဲ့တာတွေနဲ့ ခေတ်နဲ့ မလျော်ညီတဲ့ ဥပဒေကြောင်းအရ စီရင်ချက် မမျှတမှုတွေကြောင့် လယ်သမားတွေမှာ ဆုံးရှုံးနစ်နာမှုတွေရှိခဲ့တယ်လို့ ဦးဖေသန်းကဆိုပါတယ်။ အခုအစိုးရသစ်လက်ထက်မှာလည်း ဒီဖွဲ့စည်းလိုက်တဲ့ ကော်မတီမှာ မလျော်သြဇာသုံးတဲ့ မသမာမှုတွေ မရှိပဲ သမာသမတ်ကျကျ ဖြေရှင်းပေးနိုင်ဖို့က အရေးကြီးဆုံးဖြစ်တယ်ဆိုတာကိုလည်း ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လယ်ယာစီးပွားနဲ့ တောင်သူလယ်သမားရေးရာ ဒုတိယတာဝန်ခံ ကိုမျိုးသန့်ကထောက်ပြပါတယ်။

“အဓိကအကျဆုံးအခက်အခဲကတော့ ဒီလယ်ယာသိမ်းဆည်းခံရတဲ့ကိစ္စကို ပြန်လည် ရရှိအောင်ဖြေရှင်းပေးတဲ့နေရာမှာ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ လုပ်ခဲ့တဲ့ mechanism ပေါ့ဗျာ။ ဒီ ယန္တယားဟာ အလုပ်မဖြစ်ပါဘူး။ အဲဒီ mechanism ကိုပြင်ဖို့ပါပဲ။ မြေယာသိမ်းဆည်းခံရတဲ့လူတွေကို ပြန်လည်ရရှိနိုင်ဖို့အတွက် အဖွဲ့အစည်းတခု ဖွဲ့စည်းတဲ့အခါမှာ အဲဒီအဖွဲ့အစည်းက သမာသမတ်ကျကျနဲ့ လွတ်လွတ်လပ်လပ်ဆုံးဖြတ်နိုင်တဲ့ လူများပါတဲ့အနေအထားမျိုးဖြစ်သင့်ပါတယ်။ ဗဟိုမှာလည်းပဲ အဒီလိုမျိုး လူပုဂ္ဂိုလ်များပါဖို့လိုသလို အောက်ခြေအဆင့်လည်း အဲဒီလို လူ ပုဂ္ဂိုလ်များ ပါဖို့လိုပါတယ်။”

မြန်မာနိုင်ငံတွင်း လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှုအများဆုံးဖြစ်ရတဲ့ရင်းမြစ်ကတော့ တပ်မတော်က သိမ်းဆည်းမှုတွေနဲ့ ခရိုနီပိုင် ကုမ္ပဏီတွေဘက်က သိမ်းဆည်းမှုတွေ အများဆုံးဖြစ်ခဲ့ပြီး အာဏာလုပ်ပိုင်ခွင့်နဲ့ ငွေကြေးဖိအားပေးသိမ်းဆည်းခဲ့တာတွေ ဖြစ်ခဲ့တယ်လို့လည်း

အရင်အစိုးရ လက်ထက်တုန်းက လွှတ်တော်တွင်း လယ်ယာမြေရေးရာကော်မတီမှာ လိုက်လံဖြေရှင်းဆောင်ရွက်ပေးခဲ့သူလည်းဖြစ်တဲ့ ဦးဖေသန်းက ဆိုပါတယ်။

မြန်မာနိုင်ငံတဝှမ်း နေပြည်တော်ကစလို့ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်စု အဆင့်ဆင့်အထိ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ တွေ အဆင့်ဆင့်ဖွဲ့စည်းရမှာဖြစ်ပြီး မြေသိမ်းပြဿနာတွေကို ကွင်းဆင်းလေ့လာရမှာဖြစ်ပြီး ကော်မတီအဆင့်ဆင့်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အညီဖြေရှင်း ဆောင်ရွက်ပေးရမယ်လို့လည်း သမ္မတက ညွှန်ကြားထားတာပါ။ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်းတွေက ပြန်လည် စွန့်လွှတ်လိုက်ရင်လည်း အဲ့ဒီ့ လယ်ယာမြေတွေကို မူလလုပ်ကိုင်ခဲ့သော သက်ဆိုင်သူတွေထံသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ပေးအပ်နိုင်ရေးဆောင်ရွက်ရမယ်လို့လည်း ဆိုထားပါတယ်။ အခုလို အစိုးရသစ်လက်ထက် လယ်ယာမြေအငြင်းပွားမှုပြဿနာများကို အထူးဦးစားပေးပြီး အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ ကြိုးစားဆောင်ရွက်နေချိန်မှာ လယ်ယာမြေသိမ်းဆည်း ကိစ္စရပ်တွေကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပြီးသည်အထိ ရပ်ဆိုင်းထားရမယ်လို့လည်း သမ္မတဦးထင်ကျော်က သူ့ရဲ့အမိန့်ကြော်ငြာစာထဲ ထည့်သွင်းဖော်ပြထားကြောင်းပါ။

XS
SM
MD
LG