သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး တိုးတက်မှုများနဲ့အတူ စိုးရိမ်မှုများ မစ္စတာကင်တားနားပြော


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေအရပ်ရပ်မှာ အားရဖွယ် တိုးတက်မှုတွေရှိခဲ့သလို စိုးရိမ်စရာ အခြေအနေတွေလည်း ရှိနေသေးတာကို ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ထောက်ပြပြောဆို ခဲ့ပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ သူ့ရဲ့အစီရင်ခံစာနဲ့ပတ်သက် ပြီး သောကြာနေ့က ဂျီနီဗာမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မစ္စတာကင်တားနားက ပြောခဲ့တာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

လူ့အခွင့်အရေးကောင်စီကနေ အခွင့်အာဏာအပ်နှင်းတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး အဖြစ် ၆ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်း မြန်မာနိုင်ငံဆီ ၉ ကြိမ် သွား ရောက်ခဲ့ပြီး တော့ မြန်မာနိုင်ငံတဝန်း ဒေသမျိုးစုံဆီ သူရောက်ခဲ့တယ်လို့ မစ္စတာကင်တားနားက ပြောပါတယ်။ ဒီ ၆ နှစ်တာ ကာလအတွင်း သူ့အတွေ့အကြုံပေါ်မှာ အခြေခံတဲ့ ယေဘုယျသုံးသပ်ချက်တစ်ခုကို မစ္စတာကင်တားနားက အခုလို ပြောခဲ့ပါ တယ်။

“ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးယန္တရားနဲ့ ဘယ်လို ထိစပ်ပြီး ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာမှာ မြန်မာနိုင်ငံဟာ ကောင်းမွန်တဲ့ နမူနာတစ်ခုဖြစ်ပြီး မြန်မာအစိုးရရဲ့ ခိုင်မာတဲ့သန္နိဋ္ဌာန်ကို လူ့အခွင့်အရေးကောင်စီအနေနဲ့ အသိအမှတ်ပြုသင့်ပါ တယ်။”

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် ဦးဆောင်ပြီး လုပ်နေတဲ့ ပြုပြင်ပြောင်း လဲရေးတွေကြောင့် တိုးတက်မှုတွေရှိခဲ့တာကို သူက အသိအမှတ်ပြု ပြောခဲ့တဲ့ထဲမှာ နိုင်ငံရေး အကျဉ်းသားအများအပြားကို လွှတ်ပေးခဲ့တာ၊ မီဒီယာလွတ်လပ်ခွင့် သိသိသာသာ တိုးတက်လာခဲ့တာ၊ အသွင်ကူးပြောင်းရေးမှာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပါဝင်ခွင့်ရလာတာ စသည် အားဖြင့် အပေါင်း လက္ခဏာဆောင်တဲ့ ဖြစ်ထွန်း တိုးတက်မှုတွေကို မစ္စတာကင်တားနားက အထူး အလေးပေးပြီး ပြောဆိုခဲ့ပါ တယ်။

လူ့အခွင့်အရေးအခြေအနေ တိုးတက်ဖို့ လိုအပ်နေသေးတဲ့ကိစ္စတွေထဲမှာ ပထမဆုံး သူအလေးထားပြောခဲ့တာကတော့ လူမျိုးစု တိုင်းရင်းသားဒေသတွေက ပဋိပက္ခနဲ့ ဆက်စပ်နေတဲ့အခြေအနေပဲဖြစ်ပါတယ်။ နှစ်ပေါင်းများစွာဖြစ်နေခဲ့တဲ့ လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲတွေကြောင့် တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ် ခဲ့တဲ့အတွက် အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးရဖို့ရာ သိပ်ကို အရေးကြီးတယ်ဆိုတာကို မစ္စတာကင်တားနားက ထောက်ပြခဲ့ပါတယ်။ ဒီ နေရာမှာ စစ်ဘက်ရဲ့အခန်းကဏ္ဍ ဘယ်လောက်အရေးကြီး တယ်ဆိုတာကိုလည်း မစ္စတာကင်တားနားက မေ့မထားပါဘူး။

“ဒီကိစ္စအတွက် မြန်မာသမ္မတရဲ့ အင်မတန်အရေးကြီးတဲ့ ကြိုးပမ်းအားထုတ်မှု၊ လူမျိုးစုအဖွဲ့တွေရဲ့ သန္နိဋ္ဌာန်ခိုင်မာမှုတွေကို ကျနော်ထောက်ခံပါတယ်။ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ဒီကြိုးပမ်းအားထုတ်မှုတွေအပေါ် ရပ်တည် လုပ်ဆောင် ဖို့နဲ့ ခိုင်မာတဲ့သန္နိဋ္ဌာန်ကိုပြသရေး စစ်ဘက်ကို ကျနော် တကယ့်ကိုပဲ တိုက်တွန်းပါတယ်။”

ဒါပေမဲ့လည်း သူ့ရဲ့ ၆ နှစ်တာသက်တမ်းအတွင်း ကာကွယ်ရေးဦးစီးချုပ်နဲ့ ဘယ်တုန်းကမှ မတွေ့ခဲ့ရသလို စစ်ဘက်နဲ့လည်း ဘယ်တုန်းကမှ စကားမပြောခဲ့ရဘူးလို့ မစ္စတာကင်တားနားက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့အသွင်ကူးပြောင်းရေးဟာ သူ့အမြင်မှာ မှန်ကန်တဲ့လမ်းကြောင်းနဲ့သွားနေတယ်လို့ ပြောတာနဲ့အမျှ သက်တမ်း သုံးနှစ်တာကာလပဲ ရှိသေးတာမို့ နုနယ်ဆဲရှိသေးတာကိုလည်း ထည့်ပြောပါတယ်။ ဒါပေမဲ့လည်း လမ်းကြောင်းမှန်နဲ့သွားနေတဲ့ အသွင်ကူးပြောင်းရေးနဲ့ မကိုက်ညီစွာဘဲ ရခိုင်ပြည်နယ်အခြေအနေက ဆိုးရွားနေဆဲရှိပြီးတော့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်း ဖို့ ဗဟိုအစိုးရဆီက တိကျရှင်းလင်းတဲ့ ဆုံးဖြတ်ချက်တွေ သူမတွေ့ရသေးဘူးလို့ ဝေဖန်ပါတယ်။

ဒီ့ထက်ပိုပြင်းထန်တဲ့ ဝေဖန်ချက်ကတော့

“ကျနော့်ရဲ့ကောက်ချက်ကတော့ ရိုဟင်ဂျာ လူမှုအဝန်းအဝိုင်းအပေါ် စနစ်တကျ ခွဲခြားဆက်ဆံတာတွေ ရှိနေတယ်ဆိုတာပါပဲ။ ဒါဟာ ကျနော့်အတွက် အတော့်ကို ရှင်းတဲ့ကိစ္စတစ်ခုပါ။ အစိုးရအနေနဲ့ ဒီပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းဖို့လိုပါတယ်။ ရခိုင်ပြည်နယ် အခြေအနေဟာ အတော်လေး စိုးရိမ်ဖွယ် ရှိနေတုန်းပါပဲ။ ပြဿနာတစ်ခုက ဒီကိစ္စတွေကို အစိုးရက ကိုင်တွယ်ချင်စိတ်မရှိပါဘူး။ ဒါဟာ နိုင်ငံတကာနဲ့၊ ကုလသမဂ္ဂနဲ့ ထိတွေ့ ဆက်ဆံနေတဲ့ မြန်မာနိုင်ငံတဝန်းလုံးရဲ့ အခြေအနေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ပြဿနာက ရခိုင်ပြည်နယ်က အခြေအနေဟာ ဒေသတွင်းမှာ သက်ရောက်မှု ရှိလာနေတာပါပဲ။”

ဒါ့အပြင် ရခိုင်ပြည်နယ်က ဗုဒ္ဓဘာသာဝင်တွေရဲ့ ကန့်ကွက် ဝေဖန် ပြောဆိုချက်တွေကိုလည်း ထည့်သွင်းစဉ်းစားရမယ်လို့ သူက ပြောပါတယ်။

အဆုံးသတ်မှာတော့ ရခိုင်ပြည်နယ်မှာ အကျဉ်းချခံထားရတဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက ဝန်ထမ်း သုံးဦးကို ပြန်လွှတ်ပေးဖို့ မြန်မာ အစိုးရကို မစ္စတာကင်တားနားက တိုက်တွန်းခဲ့ပါတယ်။

လာမယ့် တနင်္လာနေ့ မတ်လ ၁၇ ရက်နေ့မှာတော့ မစ္စတာကင်တားနားဟာ သူ့ရဲ့ အစီရင်ခံစာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှာ လူကိုယ်တိုင် တင်သွင်းမှာဖြစ်ပြီး မြန်မာအစိုးရဘက်ကလည်း ပြန်လည်တုန့်ပြန် ပြောဆိုမှာဖြစ်ပါတယ်။
XS
SM
MD
LG