သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် ဝင်ရောက်မယ့် မြန်မာ ၁၀၀ ကျော် ထိုင်းနယ်ခြားစောင့်နဲ့ တိုး


တရားမဝင် ဝင်ရောက်မယ့် မြန်မာ ၁၀၀ ကျော် ထိုင်းနယ်ခြားစောင့်နဲ့ တိုး
တရားမဝင် ဝင်ရောက်မယ့် မြန်မာ ၁၀၀ ကျော် ထိုင်းနယ်ခြားစောင့်နဲ့ တိုး

ထိုင်းမြန်မာနယ်စပ် ပကျောခီရီကန်ခရိုင်ဘက် မြန်မာနိုင်ငံသား ၁၀၀ ကို ဦးဆောင်ခေါ်လာတဲ့ လူမှောင်ခိုဂိုဏ်းကို ထိုင်းနယ်ခြားစောင့်တပ်က စောင့်ဖမ်းခဲ့လို့ လက်နက်တွေကိုင်လာတဲ့ လမ်းပြတွေကို ဖမ်းမိသလို မြန်မာနိုင်ငံသားလူအုပ်ကြီးကတော့ ကစဉ့်ကလျား မြန်မာဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။ ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား တရားဝင်လမ်းကြောင်းတွေကနေ အလုပ်သမားပို့ဆောင်နိုင်ရေး သဘောတူညီမှုတွေ ရှိပေမဲ့ ဘာကြောင့် လူကုန်ကူးသူတွေကတဆင့် ထိုင်းနိုင်ငံထဲက တရားမဝင် လမ်းကြောင်းတွေကနေ မြန်မာတွေ ဆက် ဝင်ရောက်နေကြ တာပါလဲ။ သတင်းအပြည့်အစုံ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနယ်ခြားစောင့်တပ်တွေဖြစ်တဲ့ အမှတ် ၁၄၆ နဲ့အမှတ် ၁၉ တပ်ရင်း တပ်ဖွဲ့ဝင်တွေဟာ ထိုင်းမြန်မာနယ်စပ် ပကျော့ခီရိကန်ခရိုင်အတွင်းမှာ လူမှောင်ခိုဂိုဏ်းတွေ ဝင်ရောက်လာမယ်ဆိုတဲ့ သတင်းအရ ဟွေ့စိုင်ကျေးရွာ ဟွေရမ်ရေတံခွန် အနီး တောအုပ်အတွင်းမှာ စောင့်ဆိုင်း နေခဲ့တာပါ။ မေလ ၁၆ ရက်နေ့ကတော့ လူမှောင်ခိုသမားတွေ လာခေါ်မယ့် နေရာကို မြန်မာနိုင်ငံသား ၁၀၀ ဟာ လူပွဲစားလမ်းပြခေါ်ဆောင်သူတွေနဲ့ အတူ တောလမ်းအတိုင်း ထိုင်းနိုင်ငံကို ဝင်ရောက်လာခဲ့ပါတယ်။

ရှေ့ကနေလာတဲ့ လက်နက်တွေပါတဲ့ လမ်းပြ ၂ ဦးကတော့ ထိုင်းစစ်တပ်တွေစောင့်နေတာ သိသွားပြီး မြန်မာနိုင်ငံသားတွေကို နောက်ကြောင်း ပြန်ပြေးကြဘို့ အော်ဟစ်သတိပေးခဲ့တယ်လို့ထိုင်းစစ်တပ်က ဆိုပါတယ်။ မြန်မာနိုင်ငံသား ၁၀၀ ဟာ မြန်မာနိုင်ငံဘက် ပြန်လည် ထွက်ပြေးသွားခဲ့ကြပြီး ထိုင်းစစ်တပ်က ရှေ့က လမ်းပြတဲ့ အသက် ၅၃ နှစ်နဲ့ အသက်၂၅ အရွယ် မြန်မာနိုင်ငံသား ၂ ဦး ကိုတော့ တောပုန်း သေနတ်တွေနဲ့ အတူ ဖမ်းဆီးလိုက်ပါတယ်။

တရားခံ နှစ်ဦးရဲ့ အစစ်ခံချက်အရ ထိုင်းဘက်က လာခေါ်မယ့် ကားရပ်စောင့်နေတဲ့ နေရာကို မြန်မာနိုင်ငံသားတွေကို လာပို့ခဲ့တာဖြစ်ပြီး လူမှောင်ခိုဂိုဏ်းဟာ ထိုင်းနိုင်ငံသားတွေဖြစ်တယ်လို့ဖမ်းဆီးခံရတဲ့မြန်မာပွဲစား ၂ ဦးက ဝန်ခံထွက်ဆိုပါတယ်။ ဒါဟာ တရားဝင် ၂ နိုင်ငံ သဘောတူစာချုပ် MOU စနစ်ဟာ လွယ်ကူတာ ငွေကုန်ကြေးကျသက်သာ အဆင်ပြေချောမွေ့တာတွေ မရှိတဲ့အတွက် ဒီလို လူကုန်ကူးမူတွေ ဖြစ်နေတာလို့ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာ တာဝန်ခံ ဦးမင်းဦးကပြောပါတယ်။

“ဘာဖြစ်လို့ ဒီလမ်းကြောင်းကို သုံးပြီးထွက်နေကြသလဲ ဆိုလိုတာက MOU စနစ်ကကောင်းပြီး လွယ်ကူတယ် ဆိုရင် ဒီလိုဘယ်ထွက်မလဲ ဆိုတာတွေ တရားမဝင်တွေ ဘယ်လုပ်မလဲ ၁၁ ရက်နေ့က ဆွေးနွေးဖြစ်တယ်။ ဝန်ကြီးလည်းပါတယ်။ ဦးဝင်းရှိန်တို့ ဦးသိန်းဆွေတို့ လည်းပါတယ်။ ရန်ကုန် ရှန်ဂရီလာဟိုတယ်မှာ လုပ်တဲ့အစည်းဝေးမှာပေါ့ ကျနော်လည်းပါတယ်။ အများစု ဖြစ်ကြတာ မလေးရှားနယ်စပ်ဝင်ကြတာပေါ့။ MOU စနစ်မှာ လွယ်ကူရင်တော့ လူတွေက အဲဒီစနစ်ပဲ လုပ်မှာပေါ့နော်။"

ထိုင်းမြန်မာ နယ်စပ်တလျှောက် နယ်ခြားအပေါက်တွေမှာ လုံခြုံရေးအပြည့်မချထားနိုင်တဲ့အတွက် ထိုင်း မြန်မာနယ်စပ်ဟာ ဘယ်နေရာက ဝင်ဝင် ထိုင်းနိုင်ငံအတွင်းကို ဝင်လာလို့ ရနေပါတယ်။ ထိုင်းဘက်ကသာတော့ လူကုန်ကူးလာတဲ့ သူတွေကို ပိတ်ဆို့ဖမ်းဆီးနေတာတွေရပါတယ်။ မြန်မာအာဏာပိုင်တွေကတော့ ခုလို နိုင်ငံအတွင်းက အလုံးအရင်း ထွက်လာနေတဲ့ လူထုတွေကို နိုင်ငံတွင်းကနေ မထွက်ကြအောင် လုပ်ဆောင်မူတွေကတော့ အားနည်းနေဆဲ ဖြစ်ပါတယ်။ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးတာ နိုင်ငံတကာနဲ့ တပြေးညီ လုပ်အားခ တန်းတူပေးနိုင်တာမျိုးတွေ မရရှိသေးတဲ့အတွက် မြန်မာနိုင်ငံသားတွေဟာ အိမ်နီးနားချင်းနိုင်ငံတွေကို အခုလို နီးစပ်ရာ လမ်းတွေကနေ တရားမဝင်တဲ့နည်းတွေနဲ့ ခိုးဝင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG