သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လူကုန်ကူးမှု အစီရင်ခံစာ Tier-2 စောင့်ကြည့် အဆင့် မြန်မာကို သတ်မှတ်


ကန်-နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၁၄ လူကုန်ကူးမှု အစီရင်ခံစာနဲ့ပတ်သက်ပြီး ကန် နိုင်ငံခြားရေး ဝန်ကြီး မိန့်ခွန်းပြော။ (ဇွန် ၂၀၊ ၂၀၁၄)။
ကန်-နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၁၄ လူကုန်ကူးမှု အစီရင်ခံစာနဲ့ပတ်သက်ပြီး ကန် နိုင်ငံခြားရေး ဝန်ကြီး မိန့်ခွန်းပြော။ (ဇွန် ၂၀၊ ၂၀၁၄)။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်စဉ် ထုတ်ပြန်တဲ့ နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို Tier-2 စောင့်ကြည့် စာရင်းထဲမှာ ဆက်ပြီးထည့်ထားပါတယ်။ မြန်မာအနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ အနိမ့်ဆုံးအဆင့်သတ်မှတ်ချက်တွေကို မပြည့်မှီသေးပေမယ့် လည်း၊ လူကုန်ကူးမှု တားဆီးရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေတော့ ရှိတယ်လို့ ဒီ အစီရင်ခံစာမှာဖော်ပြ ပါတယ်။ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ဆက်စပ်နေတဲ့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကတော့ Tier-3 အဆိုးဆုံးအဆင့်ကို သတ်မှတ်ခံထားရပါတယ်။ အပြည့်အစုံကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာလူကုန်ကူးမှု အစီရင်စာထဲ မြန်မာနိုင်ငံ အနေနဲ့ အခုလို Tier-2 စောင့်ကြည့်စာရင်းထဲမှာ သတ်မှတ်ခံရတာ ဒါဟာဆိုရင် သုံးနှစ်ဆက်တိုက်ဖြစ်ပါတယ်။ အရင်တုန်းက Tier-3 အဆိုးဆုံးအဆင့်မှာရှိပေမယ့် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ် လာပြီးနောက် ၂၀၁၂ ခုနှစ်ကစပြီး Tier-2 စောင့်ကြည့်စာရင်းထဲမှာ တိုးမြင့်သတ်မှတ်ခံခဲ့ရပါတယ်။ မြန်မာအစိုးရအနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ နိုင်ငံတကာစံနှုန်း အနိမ့်ဆုံး အဆင့်ကိုတောင် ပြည့်မှီအောင် မဆောင်ရွက်နိုင်သေးပေမယ့်၊ ကြိုးပမ်းအားထုတ်မှု ရှိတယ်ဆိုတာကို အသိအမှတ်ပြုလာတာပါ။

ဒီနှစ်ထဲ ထူးထူးခြားခြားဆိုရင်တော့ အခု ၂၀၁၃ ခုနှစ် ဧပြီလ ထဲမှာ မြန်မာ ပြည်ထဲရေး ဝန်ကြီးဌာနကနေ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ ဖွဲ့စည်းပြီး လူကုန်ကူးမှု ရာဇဝတ်မှုတွေကို စောင့်ကြည့် အရေးယူတာတွေရှိ တယ်ဆိုတာကို ဖော်ပြ ထားပါတယ်။ ဒါပေမယ့်လို့လည်း အဂတိလိုက်စားမှုတွေ တာဝန်ခံမှုမရှိတွေကြောင့် လူကုန်ကူးမှု တိုက်ဖျက်ရေးဥပဒေတွေ အကောင်အထည်ဖော်တဲ့နေရာမှာတော့ အကန့်အသတ်တွေဖြစ်နေတယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံတွင်း လူကုန်ကူးမှုဖြစ်ရပ်အတော်များများကတော့ အိမ်နီးချင်းနိုင်ငံ နယ်စပ်ဖြတ်ကျော်ဖြစ်ပွားတာ များပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံဟာ ဆိုရင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို အခြားတိုင်းပြည်တွေမှာ လိင်ကုန်ကူးမှု ရာဇဝတ်မှုတွေရဲ့ အဓိက ပင်ရင်းနိုင်ငံဖြစ် တယ်လို့လည်း ဖော်ပြ ထားပါတယ်။

မြန်မာအမျိုးသမီးငယ်တွေကိုတရုတ်နိုင်ငံကို ရောင်းစားခံနေရတဲ့ပြဿနာတွေ၊ ထိုင်းနယ်ခြားကိုဖြတ်ပြီး တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာ အလုပ်သမားတွေရဲ့ အခြေအနေတွေကို ဒီ အစီရင်ခံစာမှာပြောထားပါတယ်။

HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ပြောခွင့်ရသူ John Sifton ကတော့ ထိုင်းနိုင်ငံအနေနဲ့ လက်ရှိမှာ တရားမဝင်အလုပ်သမားတွေကို နှိမ်နင်းမှုတွေဟာ ခုတ်ရာတခြား ရှရာတလွဲဖြစ်ပြီး လူကုန်ကူးမှုတွေ ပိုဖြစ်စေလိမ့်မယ်လို့ သတိပေးပါတယ်။

“ ထိုင်းနိုင်ငံအနေနဲ့ အလုပ်သမားပြဿနာကို အခြားနည်းတွေနဲ့ ဖြေရှင်းသင့် ပါတယ်။ ထိုင်းစစ်တပ်ကနေ အခု ဆောင်ရွက်ချက်ကြောင့် ရှုပ်ထွေးပြီး အလုပ်သမားတွေကို ကြောက်ရွံထိတ်လန့်မှုတွေဖြစ်စေပါတယ်။ ပြဿနာက အထောက်အထားလက်မှတ်မရှိတဲ့ အလုပ်သမားတွေကိစ္စပါ။ အဲဒါကြောင့် လူကုန်ကူးတွေက သူတို့ကို တနေရာနဲ့တနေရာ ရွေ့ပြောင်းပြီး၊ လူကုန်ကူးမှု ရာဇဝတ်မှုတွေဖြစ်စေပါတယ်။ ဒါကြောင့် ဒီအလုပ်သမားတွေကို နှိမ်နင်းရမှာ မဟုတ်ပဲ၊ လူကုန်ကူးသူတွေကို နှိမ်နင်းရမှာပါ။”

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုနဲ့အတူ လူကုန်ကူးမှု တိုက်ဖျက်ရေးကြိုးပမ်း ချက်တွေ ရှိ လာပေမယ့်လည်း၊ မြန်မာနိုင်ငံရဲ့ တရားရေး စနစ်မှာ ပြင်ဆင်လုပ်ဆောင်စရာတွေ အတော်ကျန်သေးတယ် လို့လည်း John Sifton က ပြောပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေ လူကုန်ကူးခံနေကြရတဲ့ အခြေအနေတွေကို လည်း မြန်မာဖက် က ဖြေရှင်းဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာလူမျိုးတွေ အစုလိုက်အပြုံလိုက် ထွက်ခွာကြတဲ့ပြဿနာလည်းရှိပါတယ်။ သူတို့တွေ ဒုက္ခသည်တွေအဖြစ်နဲ့ ထွက်ပြေးကြပါတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုတွေရှိတာ၊ အကြမ်းဖက်မှုဖြစ်တာတွေကို ဖြေရှင်းဖို့လိုပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာန လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ သံအမတ်ကြီး Luis Cdebaca ကလည်း မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာတွေကို ဖိနှိပ်မှုကြောင့်၊ ထွက်ပြေးကြတဲ့ ဒီဒုက္ခသည်တွေ အရေးစိုးရိမ်ကြောင်းကိုလည်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မွတ်ဆလင်ရိုဟင်ဂျာတွေဟာလည်း လှေတွေနဲ့ မလေးရှား ထိုင်း စတဲ့ နိုင်ငံတွေကို ထွက်ပြေးကြရာမှာ လူကုန်ကူးတဲ့ရာဇဝတ်ဂိုဏ်းတွေရဲ့ သားကောင်းတွေဖြစ်ရတယ်လို့ သတင်းတွေ အစီရင်ခံစာတွေလည်း မကြာမကြာ ထွက်ပေါ်လေ့ရှိပါတယ်။
XS
SM
MD
LG