သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူပွဲစားတွေ စွန့်ပစ်ခဲ့တဲ့ မြန်မာ ၅၀ ထိုင်း-မလေးနယ်စပ်မှာ အဖမ်းခံရ


တရားမဝင် ဝင်ရောက်မယ့် မြန်မာများ ထိုင်းနယ်ခြားစောင့်ရဲ က စစ်ဆေးနေစဉ် (မေ၊ ၁၇၊ ၂၀၁၉)
တရားမဝင် ဝင်ရောက်မယ့် မြန်မာများ ထိုင်းနယ်ခြားစောင့်ရဲ က စစ်ဆေးနေစဉ် (မေ၊ ၁၇၊ ၂၀၁၉)

ထိုင်းမလေးနယ်စပ် ဆုံခလာခရိုင် ကျန နယ်မြေ ရာဘာတောထဲမှာ လူကုန်ကူးသူတွေ စွန့်ပစ်ထားတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၅၀ ကို ထိုင်းရဲတပ်ဖွဲ့က ဇူလိုင်လ ၁၂ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းမလေးနယ်စပ်မှာ အဖမ်းဆီးတွေ ရှိနေတာကြောင့် လူကုန်ကူးသူတွေက လူတွေကို အစုအဝေးနဲ့စွန်ပစ်ထားခဲ့မှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ထိုင်းမလေးနယ်စပ်မှာ လူကုန်ကူးမှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးအရေးယူမူတွေ ဆက်တိုက်ဖြစ်နေတဲ့ကြားကပဲ ဇူလိုင်လ ၁၂ ရက်နေ့က ကျန နယ်မြေမှာ မလေးရှားကို ခိုးဝင်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၅၀ ဖမ်းဆီးခံခဲ့ရကြောင်း ဆုံခလာ ခရိုင်ဟတ်ရိုင်မြို့က ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ တာဝန်ခံဦးဘရီက ပြောပါတယ်။

"ကျန နယ်မြေမှာ မလေးရှားကို ခိုးဝင်မယ့် အလုပ်သမား လူပေါင်း ၅၀ ဖမ်းထိတယ်။ ကျနမှာ စစ်တပ်ဂိတ် တခု ရှိတာပေါ့။ အဲဒီဂိတ်ကို အခြားလမ်းတွေက ဖြတ်လို့ရမယ့် အခြေအနေမရှိတဲ့ ပစ်ထားခဲ့တယ်။ ရာဘာတောထဲမှာ ကား နှစ် စီးနဲ့ ပစ်ထားခဲ့တယ်။ ရဲကားက ဖြတ်သွားတုန်းတွေ့တာ တကူးတက သွားဖမ်းတာ မဟုတ်ဘူး။ မနေ့က သူတို့ကို သွားဖမ်းပြီး နိုင်ငံခြားသား အလုပ်သမားတွေကို ထားတဲ့ ဒန်နော့ အချုပ်ကြီးကို မနေ့ကပဲ ပို့လိုက်တယ်... လူ ၅၀ ကို ပေ့ါနော်။"

ထိုင်းမလေးနယ်စပ်မှာ လူကုန်ကူးမူတွေ ဆက်တိုက်ဖြစ်နေတာကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းမှာ ယူအန်အိတ်စီအာက ကိုယ်စားလှယ်တွေနဲ့ ထိုင်းအာဏာပိုင်တွေ အမျိုးသမီးနဲ့ ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့တွေ အရေးပေါ် အစည်းအဝေး လုပ်ပြီး ဒီပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ ကြိုးစားနေကြပါတယ်။

ဒီထဲက တချို့ကိုလည်း နေရပ်ကိုပြန်လွဲှပြောင်းပေးခဲ့ပေမဲ့ အများစုကတော့ အချုပ်စခန်းတွေထဲမှာ စစ်ဆေးမေးမြန်းခံနေရဆဲ ဖြစ်ပါတယ်။ ထိုင်းတောင်ပိုင်းမှာ တနှစ်အတွင်း လူ ၇,၀၀၀ ကျော် ဖမ်းမိခဲ့တယ်လို့ ပြီးခဲ့တဲ့လ ကပဲ ထိုင်းအာဏာပိုင်တွေက ပြောခဲ့သလို ဇူလိုင်လ ၂ ရက်နေ့က ထိုင်းနိုင်ငံဆိုင်ရာကုလသမဂ္ဂ မဟာမင်းကြီးရုံးက ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပွဲအတွင်းမှာတော့ ထိုင်းရဲအရာရှိတွေက ဒီနှစ်ထဲမှာပဲ ထိုင်းတောင်ပိုင်းမှာ လူကုန်ကူးတဲ့ ပွဲစား ၁၅၀ ကျော်ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြောဆိုသွားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG