သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးခံရသူ မြန်မာ ၅၀ ခန့် ထိုင်း-မလေးရှားနယ်စပ်မှာ ဖမ်းမိ


ထိုင်းမလေးနယ်စပ် ဟတ်ရိုင်မြို့နယ်ထဲမှာ မြန်မာနိုင်ငံသား လူမှောင်ခိုပွဲစား (၅) ဦးကို ဖမ်းဆီးခဲ့ပြီး အခန်းများမှာ ပိတ်လှောင်ထားတဲ့ မြန်မာနိုင်ငံသား ၄၇ ဦးကို ဇွန်လ ၁ ရက်နေ့က ထိုင်းအာဏာပိုင်က ကယ်ဆယ်ခဲ့ပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းတောင်ပိုင်း စုန်ခလာ ခရိုင် ဟတ်ယိုင်မြို့နယ် ပတုန်းရပ်ကွက်အတွင်းက နေရာ ၂ နေရာကို ထိုင်း လဝက အမှတ် (၆) ဗျူရို-လူကုန်ကူးတိုက်ဖျက်ရေးနဲ့ အမှတ်(၉) စစ်ဒေသ တာဝန်ရှိသူတွေနဲ့အတူ အထူးစုံစမ်းစစ်ဆေးရေး ရဲ အကြီးအကဲ Suchat Theerasawat ဦးဆောင်ပြီး ဇွန်လ ၁ရက်နေ့မှာ ဝင်ရောက်ရှာဖွေခဲ့ကြတာပါ။ တထပ် အိမ် အခန်းတွဲတွေထဲမှာ တခါးတွေအလုံပိတ်ပြီး သော့ခတ်ပိတ်လှောင်ခံထားရတဲ့ (အမျိုးသား ၄၀ အမျိုးသမီး ၇ ဦး) ပါဝင်တဲ့ မြန်မာနိုင်ငံသား ၄၇ ဦးကို စစ်ဆေးရေးအရာရှိတွေက အပြင်ရောက်လာအောင် ရှေ့တံခါးသော့တွေဖျက်ပြီး ကယ်ထုတ်ခဲ့ရပါတယ်။

မြန်မာနိုင်ငံသားတွေကို ဘယ်မှ ထွက်ခွင့်မပေးပဲ တံခါးသော့ခတ် ပိတ်လှောင်ထားသလို တမံတလင်းမှာ အခင်းမပါ အိပ်နေရတာပါ။ အခုဖမ်းမိတဲ့ အထာက်အထားမရှိ မြန်မာနိုင်ငံသားတွေဟာ မြန်မာနိုင်ငံ မွန်ပြည်နယ် မန္တလေး-ချင်း-ပခုက္ကူစတဲ့ ဒေသမျိုးစုံကနေ အလုပ်အကိုင် ရှာဖွေဖို့လာကြသူတွေကို လူမှောင်ခိုသမားတွေက ထိုင်းနိုင်ငံရောက်အောင် နည်းမျိုးစုံသုံးပြီး ခေါ်လာခဲ့ကြတာပါ။ ဒီထဲမှာ မြန်မာနိုင်ငံသား လူမှောင်ခိုသမား (၅) ဦးကိုပါ ဖမ်းဆီး စစ်ဆေးနေပါတယ်။ ထိုင်းတောင်ပိုင်း အခြေစိုက်ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားနဲ့ မှတ်တမ်းရေးရာ တာဝန်ခံဦးမင်းဦးကတော့ ထိုင်း မလေး နယ်စပ်လမ်း လူကုန်ကူးမှုတွေ အများဆုံးဖြစ်နေတယ်လို့ ပြောပြပါတယ်။

"မလေးလမ်းကြောင်းကြီးကိုဖြစ်နေတာ ထိုင်းပွဲစားကိုဖမ်းမိပြီးမှ မြန်မာပွဲစားတွေကို ဖမ်းမိတာပေါ့နော်။ ဖမ်းနေပေမဲ့လည်း တောက်လျှောက်ကြီးကို ထွက်နေတယ် ရနောင်းဘက်ကလည်းထွက်တယ်။ ပကျွတ်ဘက်ကလည်း ထွက်နေတယ်။"

အဖမ်းအဆီးတွေ ပိုများလို့ မလေးသွားမယ့် ပွဲစားခစားရိတ်ဟာ ဘတ်ငွေ ၂၂,၀၀၀ (ကျပ်ငွေ တစ်သန်း) အထိ ပေးရကြောင်း အခုဖမ်းမိထားတဲ့ မြန်မာနိုင်ငံသားတွေက ဝန်ခံထွက်ဆိုတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ အဖမ်းအဆီးတွေ များနေတဲ့ကြားက
မလေးရှားသွားကြမဲ့ မြန်မာနိုင်ငံသားတွေဟာ ပိုများလာနေတာပါ။

မလေးရှားမှာ လှေထိုးသားအလုပ်-စိုက်ပျိုးရေးနဲ့ စားသောက်ဆိုင်တွေမှာ အလုပ်ရမယ်ဆိုရင် ထိုင်းမှာ ပေးတဲ့ လုပ်ခထက် ပိုရတယ်လို့ ဖျားယောင်းမူတွေကြောင့် မလေးရှားနိုင်ငံကို ဝင်ဖို့အတွက် လူမှောင်ခိုသမားတွေနဲ့ ချိတ်ဆက်ပြီး ထိုင်းမလေးနယ်စပ်ကို ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ တရားမဝင် ဝင်ရောက်လာနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လူမှောင်ခိုဂိုဏ်းတွေရဲ့ လက်တွင်းမှာ ရောင်းစားခံရတဲ့ ပြဿနာဟာ ထိုင်းနိုင်ငံ အတွက် အရေးပေါ်ဖြေရှင်းရမယ့် အရေးကိစ္စဖြစ်နေပြီလို့ အထူးစုံးစမ်းစစ်ဆေးရေးအကြီးအကဲ Suchat Theerasawat က ပြောဆိုသွားပါတယ် ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG