သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားကို ခိုးထုတ်မည့် မြန်မာ (၃၈) ဦး ထိုင်း ရဲ ဖမ်းဆီး


 ထိုင်း-မလေး နယ်စပ်က ရာဘာတောအတွင်း ဖမ်းခံရတဲ့ မြန်မာရွှေပြောင်းအလုပ်သမားများ -သတင်းဓါတ်ပုံ
ထိုင်း-မလေး နယ်စပ်က ရာဘာတောအတွင်း ဖမ်းခံရတဲ့ မြန်မာရွှေပြောင်းအလုပ်သမားများ -သတင်းဓါတ်ပုံ

ထိုင်းနိုင်ငံ ဆုန်ခလာခရိုင် စဒေါင်မြို့နယ်ထဲမှာ မလေးရှားနိုင်ငံအတွင်းကို သွားကြမယ့်
လူကုန်ကူးသူတွေခေါ်လာတဲ့ တရားမဝင် မြန်မာနိုင်ငံသား(၃၈) ဦးကို
ထိုင်း ကျေးရွာသားများ သတင်းပေးမှုကြောင့် ထိုင်း ရဲတပ်ဖွဲ့က ဒီရက်ပိုင်းမှာပဲ ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ် ။

ထိုင်းနိုင်ငံ ၊ဆုန်ခလာ ခရိုင် ၊စဒေါင် မြို့နယ် ရာဘာသစ်တော အနီးက
ခြုံတောတွေ အတွင်းမှာ ပုန်းအောင်းနေကြပြီး လူပွဲစားတွေက မလေးရှားဘက်ကို
ပို့ပေးမယ်ဆိုတာကြောင့် စောင့်ဆိုင်းနေကြတာပါ။ မြန်မာနိုင်ငံသားတွေထဲက
တချို့ဟာ သောက်ရေငတ်လို့ အနီးဆုံး ထိုင်းရွာတွင်းကို ဝင်လာပြီး
ရေခဲ လာဝယ်ခဲ့ကြတာပါ။ အဲဒီအချိန်မှာ ထိုင်း ကျေးရွာသားတွေက အာဏာပိုင်တွေကို သတင်းပေးခဲ့ရာကနေ ထိုင်းအာဏာပိုင်တွေက သူတို့ကိုရှာဖွေ ဖမ်းဆီး ခဲ့တာဖြစ်ပါတယ်။

စေဒေါင် မြို့နယ်အုပ်ချုပ်ရေးမှူး နိုင်ဒီရဒက် နဲ့အတူ ဒေသခံ သစ်တော ထိန်းသိမ်းရေး အဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ အင်အား (၂၀)လောက် ပါဝင်သလို ကျေရွာသားတွေ သတင်းပေးခဲ့တဲ့ ခြုံတောနေရာကို ပိတ်ဆို့ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းရဲတွေ မြင်တဲ့အခါမှာတော့ တချို့မြန်မာနိုင်ငံသားတွေ ဟာ ရာဘာတောတွင်းကို ထွက်ပြေးသွားခဲ့ကြပြီး (အမျိုးသမီး (၇) ဦးနဲ့အမျိုးသား ၃၁ ဦး) ၃၈ဦးကိုသာ
ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

စေဒေါင် မြို့နယ်အုပ်ချုပ်ရေးမှူး နိုင်ဒီရဒက် ကတော့အခုလိုပြောသွားပါတယ်။

"အခုရက်ပိုင်း အပူချိန်တွေမြင့်တက်လာတာလည်းပါတယ် ခြုံတောထဲမှာ ပုန်းနေတဲ့
မြန်မာနိုင်ငံသားအုပ်စုထဲက (၇)ဦးဟာ ရေငတ်လာပြီး အနီးဆုံးရွာထဲက
ဈေးဆိုင်မှာ ရေနဲ့ရေခဲ ထွက်ဝယ်ကြတယ်လေ၊ ခုလို တရားမဝင် မြန်မာနိုင်သားတွေ လာရောက်နေတာကို သိနိုင်ဖို့ကို အမြဲမပြတ် ကင်းလှည့် နေသလို ဒေသခံတွေကိုလည်း မင်္သကာတဲ့ လူအုပ်စုတွေရင်
အကြောင်းကြားပါလို့ သတိပေးလုပ်ဆောင်ထားပါတယ်"

တရားဝင်စာရွက်စာတမ်းတွေမရှိပဲ ဝင်ရောက်လာကြတဲ့မြန်မာနိုင်ငံသားတွေကို
လူမှောင်ခိုပွဲစားတွေက ထိုင်း- မြန်မာနယ်စပ် ရနောင်း ကနေကားတွေနဲ့
ခေါ်လာခဲ့တာဖြစ်ပြီး မလေးရှားနိုင်ငံ Perlis ပြည်နယ်နဲ့ နဲ့ အနီးဆုံး ထိုင်းနိုင်ငံ ဆုန်ခလာ ရာဘာတောထဲမှာ စောင့်ခိုင်းထားခဲ့တာ နှစ်ရက် ရှိနေပြီလို့ ဖမ်းဆီးခံရသူတွေကဝန်ခံခဲ့တာပါ ။ လူပွဲစားတွေမှာ မလေးရှားနိုင်ငံ အတွင်းမှာ အလုပ်ရှာပေးဖို့ မြန်မာနိုင်ငံသားတစ်ဦးကို ကျပ် (၈)သိန်း ဘတ်ငွေနဲ့ ဆို တသောင်းရှစ်ထောင်ကျော် ပွဲစားခအဖြစ် ယူထားခဲ့ကြေ င်း ဖမ်းမိခဲ့တဲ့ မြန်မာနိုင်ငံသားတွေက ဝန်ခံထွက်ဆိုခဲ့ပါတယ် ။

ဒီအတွက်ထိုင်းလူပွဲစားတွေ ဖမ်းဆီး နိုင်ဖို့ဆက်လက် စုံးစမ်းစစ်ဆေးနေပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းရှာဖို့ အတွက်လာကြတဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေဟာ မလေးရှားနိုင်ငံထဲကို ခိုးဝင်ဖို့ ကြိုးစားရင်းနဲ့ ပြီးခဲ့တဲ့နှစ်ကတော့ လူ ၁၀၀၀ထက်မနည်း ဟာ ထိုင်းတောင်ပိုင်း မှာ အဖမ်းဆီးခံခဲ့ရပါတယ် ။ ဒီနှစ်မှာလည်းနှ စ်စပိုင်းကစလို့တရားမဝင်နည်းတွေနဲ့
လူကုန်ကူးသူတွေကခေါ်လာနေတာကြောင့် ဖမ်းဆီးခံရသူတွေ
ရာဂဏန်းလောက်ရှိသွားပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG