သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းက မြန်မာရွှေ့ပြောင်းလုပ်သား ထောင်ကျော် ဌာနေပြန်


မတ်လ၃ရက်နေ့က ထိုင်းမြန်မာနယ်စပ် မဲဆောက်မြဝတီချစ်ကြည်ရေး တံတားကနေ နေရပ်ပြန်သူများ
မတ်လ၃ရက်နေ့က ထိုင်းမြန်မာနယ်စပ် မဲဆောက်မြဝတီချစ်ကြည်ရေး တံတားကနေ နေရပ်ပြန်သူများ

ထိုင်းနိုင်ငံတွင်းမှာ တရားမဝင် အလုပ်သမားကို အလုပ်ခန့်ထားတဲ့ အလုပ်ရှင်တွေ၊ ဥပဒေနဲ့ မကိုက်ညီတဲ့ အလုပ်သမားတွေကို နိုင်ငံခြားသား X Ray စစ်ဆင်ရေးလုပ်ပြီး ဖမ်းဆီးမူတွေ ဆက်တိုက် လုပ်လာတာတဲ့နောက်ပိုင်း မြန်မာ ရွှေပြောင်း အလုပ်သမား အများအပြား နေရပ်ရင်း ပြန်နေကြပါတယ်။ မတ်လ ၁ ရက်နေ့ စစ်ဆင်ရေးကနေ လူပေါင်း ၄၀၀ ကျော် အဖမ်းခံခဲ့ရတဲ့နောက် မတ်လ ၃ရက် တနင်္ဂနွေနေ့မှာတော့ ထိုင်းမြန်မာနယ်စပ် တာ့ခရိုင် မဲဆောက် - မြဝတီလမ်းကနေ ပြန်လာသူက ထောင်နဲ့ချီ ရှိလာပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ တရားမဝင် နိုင်ငံခြားသားတွေကို ရှင်းလင်းတဲ့အနေနဲ့ နိုင်ငံခြားသား X - ray စစ်ဆင်ရေးတွေကို အကြိမ်ပေါင်း ၄၀ကျော် လုပ်ခဲ့ပြီး တရားမဝင် နိုင်ငံခြားသားတွေ ကိုကော ဥပဒေနဲ့ မကိုက်ညီပဲ အလုပ်ခန့်ထားတဲ့ ထိုင်းလုပ်ငန်းရှင်တွေကော
ရှောင်တခင် စစ်ဆေးအရေးယူမူတွေ ဆက်တိုက်လုပ်လာတာကြောင့် အလုပ်လုပ်တဲ့ နေရာနဲ့ အလုပ်သမား လက်မှတ်မှာပါတဲ့ အလုပ်နဲ့ မကိုက်ညီပဲ လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို အလုပ်ရှင်တွေက နေရပ်ပြန်ခိုင်း တာတွေ ဖြစ်လာပါတယ်။

မတ်လ ၁ ရက်နေ့က စစ်ဆင်ရေးအတွင်း လူပေါင်း ၄၀၀ကျော် ဖမ်းဆီးခဲ့ပြီး ထိုင်း လုပ်ငန်းရှင် ၈၀လောက်ကိုလည်း အရေးယူခဲ့တာပါ။ ဒီနောက်မှာတော့ မတ်လ ၃ရက်နေ့ မှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ကနေ မြဝတီဘက်ကို နေရပ်ပြန်သူတွေထောင် ဂဏန်းလောက် ရှိလာတယ်ဆိုပြီး မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က မဲဆောက်ရုံးတာဝန်ခံ ဦးမိုးကျော်က ပြောပါတယ်။

"အဓိက ကတော့ပြောမယ်ဆိုရင် တချို့လုပ်ငန်းရှင်တွေက ခိုင်းတော့ခိုင်းထားတယ် သူ အလုပ်သမား မဟုတ်တော့ သူဘက်က၊ သူ့ အလုပ်သမား လက်မှတ် မပြောင်းသေးတော့ ဥပမာ- နာနတ်သီးစက်ရုံမှာ အလုပ်လာလုပ်မယ်။ တကယ် အလုပ်လုပ် ရတဲ့ လုပ်ငန်းခွင် က ရေလုပ်ငန်းခွင် ဖြစ်ချင်ဖြစ်နေမယ်။ ပြီးရင် တခြား အထည်ချုပ် စက်ရုံလည်း ဖြစ်ချင် ဖြစ်နေမယ်၊ အဲဒီအလုပ်သမားတွေကို ပြန်လွှတ်တဲ့ပုံစံမျိုး၊ ရှောင်တခင် ဝင်ရောက် စစ်ဆေးတဲ့ အခါမှာ သူ့လုပ်ငန်းခွင်နဲ့ မကိုက်တာမျိုးတွေ ဖြစ်နေ၊ ဥပဒေနဲ့ငြိစွန်းနေမှာ စိုးလို့ အဲလိုမျိုး လုပ်ငန်းခွင်နဲ့ မကိုက်တဲ့ အလုပ်သမားတွေကို ပြန်လွတ်တာမျိုးတွေလည်း ရှိတယ် ဒါက ခါတိုင်းရက်ထက်တော့များတယ်ပေါ့နော် ၂၀၀၀ ကျော် ၃၀၀၀ ပတ်ဝန်းကျင်လောက်ရှိတယ် မြန်မာပြည်ကို ပြန်ဝင်တဲ့ အလုပ်သမားတွေ "

တချို့ အလုပ်သမားတွေကတော့ အဖမ်းအဆီးတွေ များတာရယ် သူတို့ရဲ အလုပ်လုပ်ခွင့် လက်မှတ် သက်တမ်းတွေ ကုန်တော့မှာ ဖြစ်တာကြောင့် မြန်မာပြည်ဘက် ပြန်ပြီး သက်တမ်းတိုးတာ မျိုးတွေ ပြန်လုပ်ကြတာ တွေရှိတယ်လို့ ဆိုပါတယ်။ ဒီအတွက် နေရပ်ပြန်သူ တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

" အခုလိုမျိုး အလုပ်သမားတွေ သက်တမ်းကုန်ခါနီးမှ နေရပ်ကိုပြန်သွားပြီး သက်တမ်းပြန် တိုးကြဖို့ ပြန်ဆင်းကြသူတွေက များတယ်။ အလုပ်သမားတွေ သက်တမ်းတိုးဖို့ ပြန်တာလည်း များနေတယ်။ဒါကြောင့်မို့လို့ နယ်စပ်တွေမှာ ကိန်းဂဏန်းက ထောင်နဲ့ချီပြီး ပြန်နေကြတာများတယ်။ "

ထိုင်းနိုင်ငံတွင်းမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၃သန်းထက် မနည်းရှိနေပြီး အထောက်အထား လက်မှတ် လုပ်ထားတဲ့မြန်မာတွေ ကတော့ တသန်းလောက်သာရှိပြီး၊ အထောက်အထား မရှိသူတွေက များပါတယ်။ ဒီအတွက် ထိုင်းအစိုးရရဲ့ စစ်ဆင်ရေးတွေ လုပ်တိုင်းမှာ မြန်မာတွေဟာ အများဆုံး ဖမ်းဆီးခံခဲ့ ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG