ထိုင်းနိုင်ငံမှာ ဘန်ကောက်မြို့တော်အပါအဝင် နိုင်ငံတဝန်းမှာ ပြုလုပ်နေတဲ့ တရားမဝင်နေထိုင်သူ စစ်ဆင်ရေးအတွင်း ဖမ်းဆီးမိသူတွေထဲ မြန်မာနိုင်ငံသားအများစု ပါဝင်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဗျူရို ရဲ့ ၄၅ ကြိမ်မြောက် X-ray စစ်ဆင်ရေးအတွင်း မြန်မာ ၂၄၀ လောက် ဖမ်းဆီးမိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေ ပြောသွားတာပါ။ အသေးစိတ်ကိုတော့ ထိုင်းနိုင်ငံက VOA သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ထိုင်း အစိုးရရဲ့ တရားမဝင် နိုင်ငံခြားသား လျှော့ချရေးအတွက် လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ နိုင်ငံခြားသား X-ray စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးအတွင်း နိုင်ငံတဝှမ်းလုံးက နေရာပေါင်း ၂၂၇ နေရာကို စစ်ဆေးဖမ်းဆီးမှုတွေ လုပ်ခဲ့တာပါ။ မှုခင်းတွေ လျှော့ချနိုင်ရေးအတွက် စစ်ဆင်ရေး အတွင်း လူဦးရေ ၄၀၀ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။
ဒီထဲမှာ တရားမဝင် ခိုးဝင်နေထိုင်သူ ၂၄၈ ဦးထဲမှာတော့ မြန်မာအများစု ပါဝင်တဲ့အကြောင်း ထိုင်း လဝကရဲ့ ဒုတိယအကြီးအကဲဖြစ်တဲ့ Pol Maj-General Itthipol Itthisarnronnachai အိတီပေါ အိတိစန်ရိုနချိုင်း က အခုလိုပြောသွားပါတယ်။
သူပြောသွားတာကတော့ နိုင်ငံတဝှမ်းလုံးမှာ နေရာပေါင်း ၂၂၇ နေရာမှာ တရာမဝင်နိုင်ငံခြားသားတွေနဲ့ပတ်သက်တဲ့ မှုခင်းစစ်ဆင်ရေး လုပ်ပြီး စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ရာမှာ မှုခင်းနဲ့ ပတ်သက်နေသူ ထိုင်းနဲ့ နိုင်ငံခြားသား ၄၁၇ ဦးဖမ်းဆီးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
အခုအကြိမ် နိုင်ငံခြားသား X-ray စစ်ဆင်ရေးဟာလည်း ထိုင်းအစိုးရရဲ့ တရားမဝင် နိုင်ငံခြားသား လျှော့ချရေး အတွက် လုပ်ဆောင်ချက် တစ်ခုဖြစ်ကြောင်းနဲ့ အခုလို အဖမ်းအဆီးတွေ ပုံမှန်ပြုလုပ်ပြီး မှုခင်းနဲ့ တရားမဝင် နိုင်ငံခြားသားတွေ ဖမ်းဆီးအရေးယူနေတာကြောင့် ထိုင်းနိုင်ငံအတွင်းမှာ ဥပဒေနဲ့မညီဘဲ နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေ အရင်ကထက် သိသိသာသာ လျော့ကျသွားခဲ့ပါပြီလို့ ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဗျူရို ရဲ့ ၄၅ ကြိမ်မြောက် X-ray စစ်ဆင်ရေးတွင် မြန်မာအပါဝင် နိုင်ငံခြားသား ၄၀၀ ကျော် ဖမ်းဆီးခံရတဲ့အထဲမှာ မြန်မာနိုင်ငံသားတွေ အများဆုံးပါဝင်တာပါ။
တရားမဝင် ခိုးဝင်နေထိုင်နေသူ နိုင်ငံခြားသား ၂၄၈ ဦးမှာ မြန်မာအများစုပါဝင်ပြီး ကမ္ဘောဒီးယားနဲ့ လာအို နိုင်ငံကနေ အလုပ်လာလုပ်နေကြသူတွေလည်း ပါဝင်ပါတယ်။ အဖမ်းခံရသူတွေနဲ့အတူ သူတို့ကို လက်ခံပေးထားတဲ့ အိမ်ရှင် ထိုင်း နိုင်ငံသား ၇၉ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
အခုရက်ပိုင်းမှာတော့ အဖမ်းအဆီးတွေ ဆက်တိုက်လုပ်လာပြီး ထိုင်းနိုင်ငံတွင်းမှာ နိုင်ငံခြားသားတွေ လုပ်ခွင့်မရှိတဲ့အလုပ်တွေကို လုပ်ကိုင်နေကြတဲ့ သူတွေကိုလည်း ဖမ်းဆီးအရေးယူခဲ့ပါတယ်။
ထိုင်းနိုင်ငံတွင်းမှာ တရားဝင်ရော၊ တရားမဝင်ပါ ရွှေ့ပြောင်းအလုပ်သမား ၃ သန်း ခွဲလောက်ရှိတယ်လို့ ထိုင်းအစိုးရက ခန့်မှန်းထားပြီး အလုပ်သမား ၁ သန်းခွဲလောက်ဟာ အထောက်အထားမရှိပဲ နေထိုင်နေကြတာကြောင့် ဖမ်းဆီးမူတွေကို စစ်ဆေးရေး တရပ်အနေနဲ့ ပြုလုပ်ပြီး ရှင်းလင်းနေတာ ဖြစ်ပါတယ်ရှင်။