သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြေးနန်းပေါက်ကြားမှု ဗြိတိန်သံ အမတ်ကြီးအပေါ် Trump ဝေဖန်မှုတိုး


ဝါရှင်တန် ဗြိတိန်သံရုံးက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့အစိုးရကို ပြင်းပြင်း ထန်ထန် ဝေဖန်ထားတဲ့ သံတမန် ကြေးနန်းတစ်စောင် သတင်းဌာနေတွေဆီကို ပေါက်ကြားသွားလို့ ဗြိတိန်နိုင်ငံအတွက် မျက်နှာပူစရာ ဖြစ်နေချိန်မှာ သမ္မတ ထရမ့်က ဝါရှင်တန်ဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးကို ပေါတောတောနဲ့ ရယ်စရာ ကောင်းတဲ့လူ၊ ဟိတ်ဟန်များတဲ့ အရူး စတဲ့ အသုံးအနှုန်းတွေနဲ့ Twitter မှာ ခေါ်ဝေါ် ရေးသားသလို ဗြိတိန်ဝန်ကြီးချုပ် Theresa May ကိုလည်း Brexit စေ့စပ် ဆွေးနွေးပွဲတွေကို အောင်မြင်အောင် မလုပ်နိုင်ခဲ့သူဆိုပြီး ဝေဖန်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ဗြတိန်နိုင်ငံတို့ရဲ့အကြား ဆက်ဆံရေး ဘာတွေ ဖြစ်ပေါ်နေပါသလဲ။ ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

အမေရိကန်နဲ့ ဗြိတိန်နိုင်ငံအကြား ရှိတဲ့ အထူးဆက်ဆံရေးကို ခိုင်မာစေဖို့ ဇွန်လ အစောပိုင်းကပဲ ဗြိတိန်ကို နိုင်ငံတော် ခရီးသွားရောက် ခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒီအပတ်ထဲမှာတော့ ဗြိတိန်သံရုံးက သံတမန်ကြေးနန်းစာ ပေါက်ကြားမှု သတင်းတွေကြောင့် ဝါရှင်တန်က ဗြိတိန် သံအမတ်ကြီး Kim Darroch နဲ့ ဝါရှင်တန် ဝန်ကြီးချုပ်တို့အပေါ် Twitter မှာ ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလာခဲ့ပါတယ်။ ဒီကြေးနန်းမှာ သမ္မတ ထရမ့် ကို ညံ့ဖျင်းသူ၊ စိတ်ဓါတ် မလုံခြုံသူ၊ အရည်အချင်း မပြည့်ဝသူလို့ ဝေဖန်ထားသလို ထရမ့်ရဲ့ အမေရိကန် အစိုးရကိုလည်း အနှစ်သာရ ပြည့်ပြည့်၀၀ ရှိတဲ့ ပုံမှန် အစိုးရတစ်ရပ်ဖြစ်လာလိမ့်မယ်လို့ မထင်ဘူးဆိုတဲ့ အချက်လည်း ပါဝင်ခဲ့ပါတယ်။

ဒီ သံတမန် ကြေးနန်းစာ ကို တုံ့ပြန်တဲ့အနေနဲ့ ဒီကနေ့ Twitter မှာ သမ္မတ ထရမ့်က ဗြိတိန် သံအမတ်ကြီး Kim Darroch ကို ပေါတောတောနဲ့ ရယ်စရာကောင်းသူအဖြစ်ရေးထားသလို ဒီ သံအမတ်ကြီးကို သူ မသိရှိကြောင်း လူတွေကတော့ ဟိတ်ဟန်များတဲ့ အရူးလို့ တော့ သူ့ကို ပြောကြောင်း၊ အမေရိကန်နိုင်ငံဟာ ယနေ့ ကမ္ဘာမှာ စီးပွားရေးနဲ့ နိုင်ငံရေးမှာ နံပတ်တစ် ဖြစ်တယ်ဆိုတာကို ဒီ သံအမတ်ကို ပြောလိုက်စမ်းပါလို့ ရေးသားခဲ့ပါတယ်။ အလားတူပဲ ဝန်ကြီးချုပ် Theresa May ကိုလည်း Brexit စေ့စပ်ဆွေးနွေးပွဲ တွေမှာ သူ့ အကြံဉာဏ်ကို မယူပဲ ခပ် ညံညံ ဆောင်ရွက်ခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။

လန်ဒန်ဘက်ကတော့ လက်ရှိ နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ် လစ်လပ်နေတဲ့ ဗြိတိန် ဝန်ကြီးချုပ် ရာထူးနေရာကို ရည်မှန်းထားသူလည်းဖြစ်တဲ့ Jeremy Hunt က သမ္မတ ထရမ့်ရဲ့ ဝေဖန်ချက်ဟာ လေးစားသမှု လျော့နည်းတာကို ပြသနေပြီး မှားယွင်းနေပါတယ်လို့ ဆိုပါတယ်။ ဗြိတိန် သံတမန်တွေဘက်ကလည်း သူက အခုလို ကာကွယ် ပြောဆိုခဲ့ပါတယ်။

“သူတို့ တာဝန်ကျ နိုင်ငံက အခြေအနေတွေကို ဒီလို ပွင့်ပွင့်လင်းလင်း ပြောပြီး နိုင်ငံကို အစီရင်ခံ တင်ပြဖို့အတွက် အခွန်ထမ်း ပြည်သူတွေရဲ့ ပိုက်ဆံကို သုံးပြီး သူတို့ကို စေလွှတ်ထားတာပါ။ ဝါရှင်တန်က သံအမတ်ကြီးကလည်း ဒီအလုပ်ကိုလုပ် နေတာပါပဲ။”

ဒီလို ကာကွယ်ပြောသလို သမ္မတ ထရမ့်က ဗြိတိန် သံအမတ်ကြီး နဲ့ အဆက်အဆံ လုပ်တော့မှာ မဟုတ်ဘူးလို့ မနေ့က ပြောထား တာကိုလည်း သူသာ ဗြိတိန် ဝန်ကြီးချုပ် ဖြစ်လာရင် ဒီ သံအမတ်ကြီးကိုပဲ ဝါရှင်တန်မှာ ဆက်လက် ခန့်ထား မယ် လို့ Jeremy Hunt က Twitter မှာ တုံ့ပြန် ရေးသားလိုက်ပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ရာထူးအတွက် Jeremy Hunt နဲ့ အပြိုင် ဝင်ရောက် အရွေးခံမယ့် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Boris Johnson ကတော့ အခုလို ပြောပါတယ်။

“ကျွန်တော ် နဲ့ အိမ်ဖြူတော်တို့အကြား သိပ် ကောင်းတဲ့ ဆက်ဆံရေး ရှိပါတယ်။ အရေးကြီးတာက ကျွန်တော်တို့ နှစ်နိုင်ငံအကြားမှာအထူး ဆက်ဆံရေး တစ်ရပ် ရှိနေသလို အမေရိကန်နိုင်ငံဟာ ဗြိတိန်နိုင်ငံရဲ့ အရေးအကြီးဆုံး မဟာမိတ်နိုင်ငံ ဖြစ်နေပါတယ်။ အနာဂတ်မှာလည်း နိုင်ငံရေးနဲ့ စစ်ရေးအရ အရေးအကြီးဆုံး မဟာမိတ်အဖြစ် ဆက်ရှိနေဦးမှာပါပဲ။ Brexit နဲ့ ပတ်သက်ပြီး ကျွန်တော် ကိုယ်တိုင်လည်း ဝန်ကြီးချုပ် မေရဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို အတော်လေး ဝေဖန်နေသူတစ်ယောက်ပါ။ ဒါကြောင့်လည်း ကျွန်တော် ဝန်ကြီးချုပ် ရာထူးကို ဝင်ပြိုင်ဖို့ လုပ်နေတာ ဖြစ်ပါတယ်။”

ဝါရှင်တန်ကို ရောက်နေတဲ့ ဗြိတိန် နိုင်ငံတကာ ကုန်သွယ်ရေး ဝန်ကြီး Liam Fox ကတော့ သမ္မတ ထရမ့်ရဲ့ သမီး Ivanka Trump နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိလို့ အဲဒီ ဆွေးနွေးပွဲမှာ ဒီ ပေါက်ကြားမှုကိစ္စ တောင်းပန်မယ်လို့ ဆိုပါတယ်။ အဲဒီ ဆွေးနွေးပွဲကို ဗြိတိန် သံအမတ်ကြီး တက်ရောက် မရောက်တော့ မသိသေးပါဘူး။

အင်္ဂါနေ့မှာတော့ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wilbur Rose က Liam Fox နဲ့ ဆွေးနွေးပွဲကို ရုတ်တရက် ဖျက်သိမ်း လိုက်ပါတယ်။ အကြောင်းကတော့ ဒီ အစည်းအဝေးကို ဗြိတိန် သံအမတ်ကြီးလည်း တက်ရောက်မှာဖြစ်လို့လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် Theresa May ကတော့ သံအမတ်ကြီး Darroch ကို အပြည့်အ၀ ထောက်ခံတယ်လို့ တရားဝင် ထုတ်ဖော်ပြောကြားပေမဲ့ ဗြိတိသျှ တာဝန်ရှိသူ တစ်ချို့ က ဒီ ပေါက်ကြားမှုကြောင့် သံအမတ်ကြီးကို အစားထိုးဖို့ များတယ်လို့ တိုးတိုး တိတ်တိတ် ပြောကြားနေပါတယ်။

ဒီပေါက်ကြားမှုဟာ Brexit ကို အားပေးထောက်ခံသူ Isabel Oakeshott ဆိုသူဆီကို ပေါက်ကြားခဲ့တာဖြစ်ပါတယ်။ သူဟာ တစ်ခါတစ်ရံ သတင်းထောက် အလုပ်လုပ်ကိုင်သလို Brexit Party ခေါင်းဆောင် Nigel Farage နဲ့လည်း ရင်းနှီးသူလည်း ဖြစ်ပါတယ်။ ဗြိတိန် သံအမတ်ကြီး Darroch ကတော့ EU ဥရောပ သမဂ္ဂကို လိုလားသူ အမာခံတစ်ဦး ဖြစ်ပြီး တစ်ချိန်က EU အခြေစိုက် ဘရပ်ဆဲလ် မြို့မှာ တာဝန်ထမ်းဆောင်ခံခဲ့သူလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG